တံဆိပ်အမျိုးမျိုး ကပ်ထားတဲ့ အတိတ်ခြေရာကို ပြန်ကောက်ရင်
တရေးနိုး မအိပ်စက်နိုင်ခဲ့ စိတ်ဝေဒနာတွေ မီးစလို ထတောက်
ရှားရှားပါးပါး စုဆောင်းထားတဲ့ ရီမောသံများ အလယ်
ချုံးပွဲချ ငိုကြွေးသံများ ဒီရေလို တရွေ့ ရွေ့ တက်လှမ်း
ဘ၀ဟာ မြစ်တစ်စင်းလို ကြမ်းကြမ်းတမ်းတမ်း စီးဆင်းနေတယ်..။
ချိုပေါ့ကျ လဖက်ရည်ခွက်ထဲ ထည့်ဖျော်ခဲ့ ငယ်ဘဝ
လမ်းမပေါ် မောကြီးပမ်းကြီးပြေးတက်လာတဲ့ မလှမပ သံစဉ်များနဲ့ အတူ
ဖလင်လို ကူးဆေးစရာမလိုပဲ မြင်နေကြ ပုံရိပ်များ
အဝေးကြီးက ပြေးလာတဲ့ လေပြေညင်းလို
ခြေကုန်လက်ပမ်းကျနေတဲ့ မြှားတစ်စင်းဟာ ပစ်မှတ်နဲ့ လွဲခဲ့တယ်..။
ရေရှည် တွေဝေ ချိန်မရတဲ့ ဘ၀ခရီးမှာ
သတ်ပုံမှားတဲ့ နေ့ ရက်များထဲ အမြဲ တ၀ဲလည်လည်
အမှောင်ကမ္ဘာထဲ အိမ်မက်များ လမ်းထထ လျောက်
အသုံးမ၀င်တဲ့ သီအိုရီများ အိပ်ကပ်ထဲ အပြည့်အမောက်
မပုပ်မသိုးမဲ့ ယုံကြည်ခြင်းကို လွယ်အိပ်လို လွယ်ထားတယ်..။
အဖေ မရှိတဲ့ ကမ္ဘာဟာ
နေထိ ကတ္တရာလို ပူလောင်
ငါဟာ အဝေးကြီးက ပြေးလာတဲ့ လေပြေညင်းလို
အဖေက ခြေကုန်လက်ပမ်းကျနေတဲ့ မြှားတစ်စင်း

အောင်ခိုင်မြင့်
၀၆ မေ ၂၀၁၃
( ဧပြီ ၂၁.၂၀၁၃ မှာ ဘ၀တစ်ပါးသို့ ကူးပြောင်းသွားတဲ့ အဖေ့အတွက် အမှတ်တရ )

No comments:
Post a Comment