တရုတ်နိုင်ငံရေး ခေါင်းဆောင်ဟောင်း ဘိုစီလိုင်သည် ငွေကြေးအလွဲသုံးစားမှုပြုလုပ်သည်ဟု စွပ်စွဲခံရပြီး ၎င်း၏ဇနီး ဘဏ်စာရင်းတွင် ယွမ်ငါးသန်း (အမေရိကန်ဒေါ်လာ၈၁၇၀၀၀) လက်ခံရရှိခဲ့သည်ဟု ၀န်ခံပြောကြား လိုက်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဘိုစီလိုင်သည် တစ်ချိန်က တရုတ်နိုင်ငံတွင် ထိပ်တန်းနိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ၎င်းသည် အကျင့်ပျက်ခြစားမှု၊ လာဘ်စားမှုနှင့် အာဏာအလွဲသုံးစားမှုများဖြင့် တရားရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံတွင် မော်စီတုန်၏ ယဉ်ကျေးမှုတော်လှန်ရေးအပြီး ၁၉၇၆ ခုနှစ်တွင် လေးဦးဂိုဏ်းဖြုတ်ချခံရပြီးနောက် တရုတ်နိုင်ငံတွင် အကြီးမားဆုံးထိပ်တန်းပုဂ်္ဂိုလ်တစ်ဦးအား စစ်ဆေးခြင်းလည်း ဖြစ်သည်။
**၀န်ခံပြောကြား**
တတိယမြောက်နေ့ စစ်ဆေးရာတွင် တရားရုံးက အစိုးရဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှ ငွေကြေးအလွဲသုံးစားမှု ပြုလုပ်ခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ခဲ့ရာ ၎င်းင်းက ၀န်ခံပြောကြားခဲ့သည်။ ဘိုစီလိုင်သည် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၄င်း၏ ဇနီးနှင့်သားတို့သည် ပင်လယ်ရပ်ခြားခရီးလေ့လာ ရေးသွားရောက်စဉ် ယင်းယွမ်ငွေငါးသန်းကို အလွဲသုံးစွဲခဲ့သည်ဟုဆိုသည်။
**အကျဉ်းထောင်အတွင်း အဓိကရုဏ်းဖြစ် အနည်းဆုံး ၂၉ ဦး သေဆုံး**
(လာပက်ဇ်၊ သြဂုတ် ၂၄)
ဘိုလီးဗီးယားနိုင်ငံ အရှေ့ပိုင်း ဆန်တာမြို့ရှိ အကျဉ်းထောင်အတွင်း သြဂုတ် ၂၃ ရက်က အဓိကရုဏ်းတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၂၉ ဦးသေဆုံးခဲ့ပြီး အခြား ၅၀ ဒဏ်ရာရရှိသွားခဲ့ကြောင်း ဘိုလီးဗီးယားနိုင်ငံတာဝန်ရှိသူများက ပြောကြားခဲ့သည်။ သေဆုံးသူများထဲတွင် ကလေးငယ်တစ်ဦးပါဝင်ပြီး ၄င်းကလေးငယ်မှာ ထောင်ကျမိဘများနှင့်အတူ နေထိုင်းသူဟု သိရသည်။ အဓိကရုဏ်းဖြစ်ပွားမှုမှာ ဒေသစံတော်ချိန် နံနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပရိုပိန်းဓါတ်ငွေ့ကန်များ ပေါက်ကွဲမှုကြောင့်လည်း အကျဉ်းသား အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဒဏ်ရာရရှိသူများကို ဒေသတွင်း ဆေးရုံများသို့ ပို့ဆောင်ပေးထားပြီး အများစုမှာ စိုးရိမ်ရသော အနေအထားရှိနေကြာင်း ဘိုလီးဗီးယားနိုင်ငံ သတင်းစာတစ်စောင်မှ ရေးသားထားသည်။ (ဆင်ဟွာ)
**လက်ဘနွန်မြောက်ပိုင်း၌ ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွား အနည်းဆုံး လူ ၄၂ ဦးသေဆုံး၊ အများအပြားဒဏ်ရာရ**
(ဘေရွတ်၊ သြဂုတ် ၂၄)
လက်ဘနွန်နိုင်ငံမြောက်ပိုင်း ထရီပိုလီမြို့တွင် သြဂုတ် ၂၃ ရက်က ဗလီနှစ်လုံး ဗုံးခွဲတိုက်ခိုက်ခံရရာ အနည်းဆုံး ၄၂ ဦးသေဆုံးကာ ရာနှင့်ချီပြီး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုများသည် အချိန်ကိုက်ဖောက်ခွဲတိုက်ခိုက်သည့် ဖောက်ခွဲမှုများဖြစ်ကြောင်း၊ လက် ဘနွန်ပြည်တွင်းစစ်ပြီးနောက် ထရီပိုလီမြို့၌ အကြီးဆုံးနှင့်သွေးထွက်သံယိုအများဆုံး ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ကြောင်း၊ဆွန်နီမွတ်စလင်တို့၏ အကြီးဆုံးမြို့ဖြစ်ပြီး သြဂုတ် ၂၃ ရက် ဆုတောင်းပွဲအပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းတွင်ဖော်ပြသည်။ဗုံးပေါက်ကွဲမှုများဖြစ်ပွားရာ ထရီပိုလီမြို့သည် မြို့တော်ဘေရွတ်မှ မိုင် ၄၀ အကွာတွင်တည်ရှိသည်။ ရှီးယိုက်မွတ်စလင်စစ်သွေးကြွ ဟစ်ဇ်ဘိုလာတို့ ထိန်းချုပ်သောဘေရွတ်မြို့ အစိတ်အပိုင်းတစ်ခုတွင် ကြီးမားသော ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၄ ဦး သေဆုံးခဲ့ပြီး သီတင်းတစ်ပတ်အကြာတွင် ယခုတိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လက်ဘနွန်နိုင်ငံအတွင်း မကြာသေးမီက အကြမ်းဖက်တိုက်ခိုက်မှုများ တိုးပွားလာခြင်းမှာ အိမ်နီးချင်းဆီးရီးယား ပဋိပက်္ခနှင့် ဆက်စပ်နေသည်။ လက်ဘနွန်တပ်များက ဆီးရီးယားအစိုးရဘက်မှ ပါဝင်တိုက်ခိုက်လာမှု၏အကျိုးဆက်ဟု ဆိုကြသည်။ ဆီးရီးယားသမ်္မတ ဘရှာအယ်လ်အာဆတ်က ဆွန်နီဦးဆောင်သောသူပုန်များကိုတိုက်ခိုက်လျက်ရှိသည်။ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာနှင့် ဆွန်နီအုပ်စုများသည် ဆီးရီးယားအတိုက်အခံများဘက်မှကူညီပေးရန် နယ်စပ်သို့ တိုက်ခိုက်ရေးသမားများ စေလွှတ်ပေးခဲ့သည်။ထိုနေ့က တက်ဝါဗလီနှင့် အယ်လ်ဆလမ်ဗလီတို့၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ (ရိုက်တာ)
**ထရာမီမုန်တိုင်း တရုတ်ပြည်သူ ၃၆၀၀၀၀ ရေဘေးကြုံ**
(ဟူနန်၊ သြဂုတ် ၂၄)
ယခုနှစ်တွင် တရုတ်နိုင်ငံသို့ ၀င်ရောက်ခဲ့သည့် ၁၂ ခုမြောက် တိုင်ဖွန်း မုန်တိုင်းထရာမီကြောင့် တရုတ်နိုင်ငံအလယ်ပိုင်း၌ လူပေါင်း ၃၆၀၀၀၀ ရေဘေးကြုံခဲ့ပြီး ၃၀၉၀၀ ကို ပြန်လည်နေရာချထားပေးနိုင်ခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက သြဂုတ် ၂၄ ရက်တွင် ပြောကြားသည်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်းကြောင့် ဟူနန်ပြည်နယ် အရှေ့တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ၌ မိုးသည်းထန်ပြီး ရေကြီးခဲ့သည်။ မိုးရေချိန်စံချိန်အများဆုံးမှာ မှာ ကျီကျင်းမြို့ဖြစ်ပြီး မိုးရေချိန် ၂၈၁ ဒသမ ၆ မီလီမီတာရွာသွန်းခဲ့သည်။ မိုးသည်း ရေကြီးမှုကြောင့် သီးနှံစိုက်ခင်း ဟက်တာ ၁၃၃၅၀ နှင့် နေအိမ် ၁၅၀ ပျက်စီး ခဲ့ရသည်။ (ဆင်ဟွာ)
**နီပေါနိုင်ငံ၌ ရေကြီးမြေပြို၊ ၁၁၈ ဦးသေဆုံးခဲ့ရ**
(ခတ္တမန္ဒူ၊ သြဂုတ် ၂၄)
နီပေါနိုင်ငံတွင် လွန်ခဲ့သော နှစ်လက ရေကြီးမြေပြိုမှုများကြောင့် သေဆုံးသူ ၁၁၈ ဦးရှိပြီး အခြား ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၅၆ ဦးလည်း ပျောက်ဆုံး နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သြဂုတ် ၂၃ ရက်က သတင်းထုတ် ပြန်သည်။ နီပေါနိုင်ငံ ခရိုင်၇၅ ခုအနက် ၄၆ ခရိုင်တွင် ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ထိုစဉ်အတွင်း၃၈ခရိုင်တွင် သေဆုံးမှုများပြားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရေကြီးမြေပြိုမှုများ ကြောင့်နေအိမ် ၂၅၀၀ ပျက်စီးပြီး ကျွဲ၊ နွား ကောင်ရေ ၁၀၀၀ ခန့် ဆုံးရှုံးခဲ့ရ သည်ဟု ဆိုသည်။ (ဆင်ဟွာ)
*မြင့်မောင်စိုး*

No comments:
Post a Comment