(သြဂုတ်လ ၁၅ ရက် ၂၀၁၃၊ သောင်ရင်းနဂါး)
ထိုင်း- မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ မယ်ပ-၁၀ရပ်ကွက် (မြန်မာတို့အခေါ်- ဘန့်ဆောင်ခွဲ) အရပ်ရှိ ဖိမိုးဖိဒယ် အထည်ချုပ်ရုံမှ မြန်မာအလုပ်သမား ၁၄ ဦးတို့သည် ပြီးခဲ့သည့် ၂ လစာ လုပ်အားခ (၃၀၇၅၀) ဘတ် ရရှိလိုမှုနှင့် ပတ်သက်ပြီး မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) မှ တဆင့် ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ တာခ်ခရိုင် အလုပ်သမားကြီးကြပ်ကာကွယ်ရေးနှင့် လူမှုဖူလုံရေးရုံး (ဆ၀ါဒီကန်/LPO) သို့ ယနေ့ ဆက်သွယ်တိုင်ကြားကြကြောင်း သတင်းရရှိသည်။
အဆိုပါ အထည်ချုပ်ရုံသည် တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသော စက်ရုံတစ်ခုဖြစ်ပြီး၊ ပြီးခဲ့သည့် ၂ လစာ လုပ်အားခကို လုံးဝမပေးပဲ ထားသဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်နေကြမှုကို မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)က ကွင်းဆင်း ကြားနာလျက် ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ တာ့ခ်ခရိုင် အလုပ်သမားကာကွယ်ရေးရုံး (ဆ၀ါဒီကန်/LPO) ရုံးသို့ ဆက်သွယ်အကြောင်းကြားကာ ဆ၀ါဒီကန်ရုံးကလည်း အကြောင်းစုံ သိရအောင် ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်၏။ လာမည့် သြဂုတ်လ ၂၆ ရက်နေ့တွင် ဤအလုပ်သမား ၁၄ ဦး (ကျား ၃၊ မ ၁၁) တို့၏ လုပ်အားခ ရရန်ငွေ (၃၀၇၅၀) ဘတ်အား အလုပ်ရှင် ဖိဖိုးနှင့် ဖိဒယ် တို့က ပြန်လည်ပေးအပ်ရန်နှင့် အလုပ်သမားများမှလည်း ကြိုတင် ချေးငွေအဖြစ်ရယူထားသော ငွေကြေးအချို့ကိုလည်း ပြန်လည်ပေးအပ်ကြရန် (ဆ၀ါဒီကန်၊ LPO)ရုံးက ညှိုနှိုင်းဖြေရှင်းပေး ထားကြောင်း သိရသည်။
(JACBA မှကွင်းဆင်း ကြားနာ)
တာခ်ခရိုင် မဲဆောက်မြို့တွင် ထိုင်းအစိုးရထံ တရားဝင်မှတ်ပုံတင်ထားသော စက်ရုံ အလုပ်ရုံအဆင့်ရှိ လုပ်ငန်း (၂၀၀) ခုရှိပြီး တရားမ၀င် (အိမ်ရုံ၊ အိမ်တွင်းမှု) လုပ်ငန်းအဖြစ် ထူထောင်လုပ်ကိုင်နေကြသော အထည်ချုပ်လုပ်ငန်း ၊သိုးမွှေးထည်လုပ်ငန်း၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းအပါအ၀င် တိုလီမိုလီ လုပ်ငန်းငယ်ပေါင်း (၁၆၀၀) ခန့်ရှိကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က သုံးသပ်ပြောဆိုသည်။
(JACBA နှင့် မြန်မာအလုပ်သမား ၁၄ ဦးအမှတ်တရ)

No comments:
Post a Comment