ဒီနှစ်ဘောလုံးရာသီမှာ ဆိုးရွားတဲ့ရလဒ်တွေနဲ့အတူ ဖြတ်သန်းနေတဲ့ မန်ယူကိုပရိသတ်တွေသံသယ၀င်နေကြပြီဖြစ်ပါတယ်။ ဒီနှစ်ပရီမီယာလိဂ်မှာ ခြောက်ပွဲကစား၊သုံးပွဲရှုံးရလဒ်ဟာ ပရိသတ်တွေ အတွက် စိတ်ပျက်စရာဖြစ်စေခဲ့ပါပြီ။ ဖာဂူဆန်ရဲ့ မန်ယူခေတ်ကို လွမ်းစိတ်ဖြစ်တဲ့သူတွေကို အပြစ်ပြော ဖို့စောသေးပေမယ့် ဖြစ်တန်ရာလို့သုံးသပ်ရမလိုဖြစ်နေတာတော့ အမှန်ပါပဲ။ နှစ်ပေါင်း ၂၆ နှစ်အတွင်းမှာမန်ယူကို အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ ဖာဂူဆန်နဲ့ထပ်တူ ပမာမပြုလိုပေမယ့် နည်းပြသစ်မိုယက်စ်ရဲ့ စီမံမှု အပေါ် သံသယ၀င်စရာတော့ ဖြစ်စ် ပြုနေပြီဖြစ်ပါ တယ်။ မိုယက်စ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ မန်ယူကို ကိုင်တွယ်ခဲ့ရာမှာ လီဗာပူးကို တစ်ဂိုး- ဂိုးမရှိ၊ မန်စီးတီးကို လေးဂိုး-တစ်ဂိုး၊ ၀က်စ်ဘရွန်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ရှုံးပွဲတွေရခဲ့ တာမို့ ဆိုးရွားတဲ့ရလဒ်တွေကို ပိုက်ထွေးနေရပြီဖြစ်ပါတယ်။
ပရီမီယာလိဂ်ခြောက်ပွဲကစားပြီးချိန်မှာ တန်းစီဇယားအဆင့် ၁၂ ကိုကျဆင်းသွားတဲ့မန်ယူကို ပရိသတ်တွေ မချိတင်ကဲငေးကြည့်နေရုံကလွဲပြီးဘာမှမတတ်နိုင်ပါဘူး၊ မိုယက်စ်အပေါ်အားမလိုအားမရတွေ၊ မန်ယူကစားသမားတွေရဲ့ နိုင်လိုစိတ် ဆူဝေမှုမရှိတဲ့ အနေအထားတွေဟာတကယ့်ကို စိတ်ပျက်လက်ပျက်ဖြစ်စေတဲ့ အခြေအနေတွေပါပဲ။
(အိမ်ကွင်းမှာမန်ယူတို့ ဝက်စ်ဘရွန်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ရှုံးပွဲတွေ့ ခဲ့)
မန်ယူရဲ့တိုက်စစ်စုဖွဲ့မှုအပိုင်းမှာရွန်းနေ၊ ဗန်ပါစီ၊ ဟာနန်ဒက်စ်နဲ့ ၀ဲလဘတ်စတဲ့တိုက်စစ်မှူးတွေဟာ မန်ယူရဲ့ အောင်မြင်မှုအတွက် လုံလောက်တဲ့ အင်အားလို့ ထင်မှတ်ရင်လက်ခံရမယ့် အနေအထားရှိပါတယ်။ ဒါပေမယ့် ပြိုင်ဘက်ရဲ့အနေအထားနဲ့ ကစားအားကိုကြည့်ပြီး ကစားသမား ခင်းကျင်းမှု၊ ကစားသမားတွေရဲ့အောင်ပွဲဝင်စိတ်ဓာတ် မြှင့်တင်ပေးနိုင်မှုအပိုင်းနဲ့ တကယ်တမ်းလိုအပ်တဲ့ ကစားသမားဖြည့်ဆည်းမှုအပိုင်တွေမှာတော့ မိုယက်စ်ဟာ လိုအပ်ချက်ရှိနေတာတော့ အမှန်ပါပဲ။

မန်ယူဟာ ရာသီအစပိုင်းတွေမှာရုန်းကန်မှုတွေရှိနေတတ်ပြီး ရလဒ်ပိုင်း မတည်ငြိမ်မှုတွေ ရှိနေတတ်ပေမယ့် မိမိကွင်း မိမိပရိသတ်ရှေ့မှာဝက်စ်ဘရွန်းလိုအသင်းကို ရှုံးပွဲကြုံတွေ့ရတာဟာ ပရိသတ်တွေအတွက်ခံပြင်း စရာကောင်းနေပါတယ်။ ဒါဟာမန်ယူအတွက်လိုအပ်ချက်တွေ၊ ပြုပြင်မှုတွေပြုလုပ်သင့်တယ်ဆိုတာ မီးမောင်းထိုးပြနေသလိုပါပဲ။ မန်ယူရဲ့ ယိုယွင်းမှုဟာ ပြိုင်ဘက်တွေကို စိတ်ဓာတ်မြှင့်တင်ပေးရာရောက်စေပြီး မန်ယူရဲ့အရှိန်အ၀ါကိုအလေးထား စရာမလိုတဲ့ စိတ်အင်အားတွေဖြစ်ပေါ်စေတာမို့ နည်းပြမိုယက်စ်ဟာ အဲဒီအချက်ကိုအမြန်ဆုံးချေဖျက်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။မန်ယူရဲ့လက်ရှိအနေအထားက နောက်ထပ် တစ်ပွဲရှုံးရင်တန်းဆင်းဇုန်နားအထိ ရစ်ဝဲသွားနိုင်တဲ့အနေအထားရှိတာမို့ နည်းပြမိုယက်စ်အတွက် ကြိုးတန်းပေါ်လမ်းလျှောက်နေရတဲ့ အခြေအနေ ဖြစ်နေပြီဖြစ်ပါတယ်။
(မန်ယူကစားသမားတွေရဲ့ အိမ်ကွင်းအရူံး)
**ရင်လေးစရာ**
မန်ယူအတွက် လက်ရှိအနေအထားဟာ အချက်ပေးခေါင်းလောင်းသံအဖြစ် ယူဆရမှာဖြစ်ပြီး စိတ်ဓာတ်မြှင့်တင်မှု၊ ဗျူဟာပြောင်းလဲမှု၊ လိုအပ်တဲ့ ကစားသမားတွေ ဖြည့်ဆည်းမှုမပြုလုပ်ခဲ့ရင်တော့ ဆိုးရွားတဲ့ကာလကို ဖြတ်သန်းပြီး လက်ရှိပရီမီယာလိဂ်ဖလားကို ကာကွယ်နိုင်ဖို့ဆိုတာ ရင်လေးစရာပါပဲ။
+ မိုးမြင့်လင်းလက်+
(နည်းပြသစ်မိုယက်စ်)

No comments:
Post a Comment