ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, October 22, 2013

-- ကျေးဇူးရှင်--

>
အနီငယ်ငယ်က အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးသေလို့များ ကျန်ရစ်သူမိန်းမက ‘ကျေးဇူးရှင်ကြီးရဲ့ ကျုပ်ကိုတစ်ယောက်ထဲ ထားခဲ့ပြီလားတော့်’ဆိုပြီး ရင်ဘတ်စည်တီးငိုရင် သိပ်အံ့သြမိတာပဲ။ ‘ကျေးဇူးရှင်ကြီး’ဆိုတာကစလို့ ‘တစ်ယောက်ထဲ ထားခဲ့ပြီလားတော့်’ဆိုတာအထိ အံ့ကိုသြတော့တာ။ ဘယ့်နှယ် တစ်ယောက်ထဲထားခဲ့ရမှာတုန်း၊ ကလေးတွေ တစ်ပြုံကြီးမွေးပြီး ထားခဲ့တဲ့ဟာ။ အနီတို့အမေဆို အဖေကြီးကို ဒူးမတုတ်ရုံတစ်မယ် ခစားပျပ်ဝပ်ပြီး ရိုကျိုးပြုစုခဲ့ရတာ။ အိမ်အလုပ်တွေလည်း ကျုံးလုပ်ရသေး၊ အဖေကြီးနဲ့မွေးထားတဲ့ အနီတို့မောင်နှမ ခြောက်ယောက်ကိုလည်း ချေးကလူသေးကလူ လူမွှေး လူတောင်ပြောင်အောင် ပျိုးထောင်ပေးရသေးတဲ့ဟာ။ ဒါတောင် ယောကျာ်းတွေဟာ သေသွားတဲ့အခါ ကျေးဇူးရှင်ဖြစ် ရသေးသတဲ့။ အဖေကြီးကဖြင့် အလုပ်ကပြန်လာတာနဲ့ ပက်လက်ကုလားထိုင်ပေါ်က မဆင်းတော့တာ အိပ်ယာဝင်တဲ့အထိပဲ။ မနက်ဆိုလည်း မိုးမလင်းသေးဘူး၊ အမေက မီးဖိုထဲရောက်ပြီ။ ညတုန်းက “အစ်ကို မနက်ကျ ဘာစားချင်လဲ” မေးထားတဲ့အတိုင်း အဖေကြီးနှုတ်ကထွက်ကျရာ စားစရာတစ်ခုခုကို ပြင်ဆင်နေရပြီ။ ထမင်းဆီဆမ်းကို ကြက်ဥပြုတ် ကလေး၊ မြေပဲလှော် ကလေးနဲ့ ဖြစ်ရင်ဖြစ်၊ ပဲကတ္တီပါနဲ့ကြက်သွန်နီပါးပါးလှီးပြီး သုတ်ထား တာလေးနဲ့ ထမင်းကြမ်းခဲ ကလေးကို ရေနွေးကြမ်းနဲ့ ပဲဖြစ်ဖြစ်ပေါ့ စီစဉ်နေရပြီ။ ပြီးရင်အဖေကြီးက အလုပ်သွား၊ အနီတို့ မောင်နှမလေးယောက်က ကျောင်းသွား၊ အနီ့အောက်က မောင်အငယ်ကောင်နှစ်ကောင်က အဲဒီတုန်းက ကျောင်း မနေရသေးဘူးလေ။ အနီတို့မောင်နှမတွေ လော်ပို့ကဒ်လာလို့ အတန်းထဲမှာ အဆင့်က ဟိုးအောက်ဆုံးကဆိုရင် အဖေကြီးက အမေ့ကို ဆူသေးတာ။ ကလေးတွေကို စာမသင်ပေးရကောင်းလားဆိုပြီးတော့။ အဆိုးဆုံးကတော့ အနီပေါ့။ အတန်းထဲမှာ လူလေးဆယ်ရှိရင် အနီက အဆင့်သုံး ဆယ့်ခြောက်လောက်က မတက်ဘူး။ အနီကမှ မှတ်ဉာဏ်မကောင်းတာ။ စာတစ်ပုဒ်ကို အကြာကြီးကျက်ရတယ်၊ ပြီးပြန်တော့လည်း ခဏလေးနဲ့ မေ့ရော။ အနီ စဉ်းစားကြည့်တယ်။ စာတစ်ပုဒ်ကို ခဏလေးနဲ့ရပြီး အကြာကြီးနေမှမေ့သွားရင် ကောင်းမယ်၊ အဲသလို အနီ့မှတ်ဉာဏ်က ပြောင်းပြန်ကောင်းသွားလည်း အဟုတ်သားလို့လေ။ ဘယ်လိုပဲ အနီက စာတတ်ချင်တတ်ချင်၊ ရှစ်တန်းလည်းရောက်ရော အနီ့ကျောင်းပညာရေးက ဂိတ်ဆုံးသွားရော။ အနီက ကျောင်းနေ ချင်သေးတာပါ၊ စာမကျက်ချင်ပေမဲ့ ကျောင်းမှာဆော့ရတာကို အနီက ပျော်တာ။ ဒါပေမဲ့ အနီက စာမေးပွဲတဖုန်းဖုန်းကျနေတော့ အမေက ဆက်မထားနိုင်တော့ဘူး၊ အငယ်နှစ်ကောင်က ငါးတန်းနဲ့ သုံးတန်းမှာ ရောက်နေကြပြီ။ နောက်တစ်ခု အနီရှက်တာက အတန်းထဲမှာ ခုနှစ်တန်းအောင်လို့ ရှစ်တန်းတက်လာတဲ့ အတန်းသားအသစ်တွေက အနီ့ပုခုံးလောက်ရှိတာ။ ဒီနှစ် အနီ အပျိုဖြစ်ပြီလို့လည်း အမေက ပြောတယ်။ ဒီတော့ အနီက ရှက်တာပေါ့။ အဖေကြီးရဲ့အမေ၊ အနီတို့ဖွားဖွားကြီးက အနီတို့အိမ်ရှေ့မှာ ကုန်ခြောက် ဆိုင်လေး တည်ပေးတယ်။ အဲဒါနဲ့ ရှစ်တန်းနဲ့လည်း ကျောင်းကထွက်ရော အနီ အလုပ်ပါရလေရော။ အနီတို့ဆိုင်မှာ ကြက်သွန်အဖြူ၊ အနီ၊ ငရုတ်သီး အနီအခြောက်တောင့် အပု အရှည်၊ အာလူး၊ ငါးမုန့်ကြော်၊ ဇီးပေါင်း ထုတ်လေးတွေအပြင် တစ်ခြားတို့လို့တန်းလန်း ချိတ်ထားတာလေးတွေ လည်း ရောင်းသေးတယ်။ လေးထောင့်ဖန်ပုလင်းကြီးတွေထဲမှာတော့ ထန်းလျက်တို့၊ ပဲလှော်တို့၊ ကြက်ဥမြေပဲတို့ပေါ့။ ကြက်ဥမြေပဲဆိုလို့ တစ်ခါက အနီတို့ဆိုင်ကို ဈေးဝယ်သူတစ်ယောက်က “ကောင်မလေး နေပြည်တော်ကျောက်ခဲ ရှိလား”တဲ့။ “အနီတို့ ကျောက်ခဲမရောင်းဘူး ဦးလေး၊ စားစရာတွေပဲရောင်းတာ” ဆိုတော့ “နေပြည်တော်ကျောက်ခဲက စားစရာမဟုတ်လို့ နင့်ဘကြီးလား” တဲ့။ ဒါနဲ့ နောက်မှ ဖန်ပုလင်းထဲက ကြက်ဥမြေပဲကို လက်ညှိုးထိုးပြပြီး “ဒီမှာ ဒါ ပြောတာဟ” တဲ့။ အနီ့မှာ ရယ်လိုက်ရတာ။ ကြက်ဥမြေပဲကိုများ နေပြည်တော်ကျောက်ခဲတဲ့၊ အံ့သြပါ့။

 @@@@@@@@@@@@@@@

အနီ ဆိုင်မှာထိုင်ရောင်းတိုင်း ပိုက်ဆံမှားအမ်းတာ၊ ပိုက်ဆံအတွက်မှား တာတွေကြောင့် အမေဆူခံ ခဏခဏထိတယ်။ အနီ မပျော်ပါဘူး။ ရောင်းဈေးတွေကိုလည်း ပလတ်စတစ်အထုတ်တွေဆိုရင် အထုတ်ပေါ်ကပ် ထားတာမို့ မမေ့ပေမဲ့ အာလူးတို့ ငရုတ်သီး၊ ကြက်သွန်တို့လို ချိန်ရောင်းရ တာတွေကျ တစ်ဆယ်သားဘယ်လောက်ဆိုတာ ဈေးနှုန်းမေ့မေ့သွားတယ်။ အနီကိုက ကံမွဲ ဉာဏ်နည်းလွန်းတာပါ။ ခုတစ်လောတော့ အနီပျော်နေမိပြန်တယ်။ အနီတို့ဆိုင်နဲ့ကပ်လျှက် လမ်းထောင့်ကအိမ်မှာ လက်ဘက်ရည်ဆိုင်အသစ်ဖွင့်တာမို့ အနီပျော်နေတာ။ အဲဒီဆိုင်ကဖွင့်သမျှ သီချင်းတွေ အနီ့ပါးစပ်ထဲ အကုန်ရောက်တာပဲ။ ဆိုင်ပိုင်ရှင်က အဲ့ဒီအိမ်ကိုဝယ်လိုက်တဲ့ တရုတ်ကြီး။ ဦးကျင်ဟုတ်၊ မြန်မာနာမည်ရှိသေးတယ် ဦးသော်ကတဲ့။ သူက လက်ဘက်ရည်ဆိုင် ဖွင့်လိုက်တာ။ ဦးသော်ကက တစ်နေ့ “ဟဲ့အနီ ညည်းတို့ဆိုင်လူပါးရင် ငါ့ လာကူမလား” တဲ့။ ဒါနဲ့ အနီလည်း ဝမ်းသာအားရနဲ့ ကူလုပ်ပေးမယ် ပြောလိုက်တယ်။ အံမယ် ဦးသော်ကက အနီ့ကို တစ်နေ့ နှစ်ထောင်ပေးတယ်။ အလုပ်က စားပွဲထိုးရုံပဲ။ မှာသမျှလေးတွေ စားပွဲပေါ်ချပေးရုံပဲဆိုတော့ အနီ လုပ်တတ်တာပေါ့။ အနီတို့ကုန်စုံဆိုင်ရှေ့မှာ ဝယ်သူလာတာတွေ့ရင် အနီက ဆိုင်ဘက်လည်း ပြေးရောင်းလိုက်တာပဲ။ ဆိုင်အလုပ်လည်း မပျက်ဘူး၊ တစ်နေ့ နှစ်ထောင်လည်းရတယ်ဆိုတော့ အမေ အနီ့ကို ဘာမှ မပြောသာ ဘူးပေါ့။ ရယ်ရသေးတယ်။ အနီ ဦးသော်ကတို့ဆိုင်မှာ စလုပ်ကာစကပေါ့။ ဆိုင်မှာလာစားတဲ့သူ ပေါက်စီမှာတော့ အနီက ပေါက်စီနှစ်လုံးပါတဲ့ တစ်ပွဲချပေးလိုက်တယ်။ သူက ပေါက်စီကို တစ်ဖဲ့ ဖဲ့ရင်းကနေ “ငရုတ်ဆီရှိလား”တဲ့ မေးတော့ အနီက “မရှိဘူး”ပေါ့။ မရှိလို့ မရှိဘူးပြောတာကို သူက မကျေမနပ်နဲ့ “ဦးသော်က ခင်ဗျားတို့ဆိုင်က ပေါက်စီရောင်းပြီး ငရုတ်ဆီလည်း မရှိပါလား ဘယ်လိုလဲဗျ”တဲ့။ ဦးသော်ကက “ရှိပါတယ်ဗျ ရော့ ဒီမှာ”ဆိုလို့ အနီက ကြည့်လိုက်တော့ ဦးသော်ကမျက်လုံးအကြည့်နဲ့ အနီ အကြည့်ချင်းသွား ဆုံတယ်။ ဒါနဲ့ အနီက “ဟင် အဲဒါက ချီလီဆော့ကြီးပဲဟာ” ဆိုတော့ ဦးသော်ကက အနီ့ခေါင်းကို ဒေါက်ကနဲခေါက်ပြီး အော်ရယ်ပါလေရော။ အရူးမ တဲ့။ အနီလည်း နာပေမဲ့ ရောယောင်ပြီးရယ်လိုက်ရသေးတယ်။ အနီပြောတာ မဟုတ်လို့လား…နော်။ နောက်တစ်နှစ်လောက်မှာ အနီတို့ဆိုင်က ဟုတ်တိပတ်တိမှမရောင်းရတော့ ပိတ်လိုက်ရ၊အဖေကြီးကလည်းသိပ်မကျန်းမာ၊ မောင်လေးအငယ်ကောင်တွေ ကလည်း ကျောင်းတန်းလန်းနဲ့မို့ အနီတို့ အတော်လေးကြပ်သွားတယ်။ ဦးသော်က တတ်နိုင်သလောက် ဝိုင်းဝန်းစောင့်ရှောက်ပေလို့သာ။ အဲဒီမှာတင် ဦးသော်ကနဲ့အနီ ညားဖို့ဖြစ်လာတာ။ အဖေကြီးက ချောင်းဆိုးသွေး ပါရောဂါနဲ့ ဆုံးမသွားခင် “စိတ်ချသွားမယ်ဗျာ ဦးသော်က၊ ခင်ဗျား တတ်နိုင်သလောက် စောင့်ရှောက်လိုက်ပါ” ဆိုတာနဲ့။ ရပ်ကွက်ထဲကလူတွေဆိုတာကလည်း ကြည့်နေကြတာ။ ဦးသော်ကတော့ အဖေကြီးသေရင် အမေ့ကိုယူမှာပဲလို့ အစကတည်းက သူတို့ ထင်မထားပါ ဘူးတဲ့လေ။ သိပ်မှန်တာပဲ။ အနီလည်း ရှိစုမဲ့စုအထုတ်လေးဆွဲပြီး ဦးသော်ကတို့ အိမ်ပေါ်ပြောင်းတက်တယ်။ အဲ အဲ့ဒီမှာ အနီကြားဖူးခဲ့တဲ့စကားတစ်ခွန်း ပြန်ကြားရတော့တာပဲ။ အမေက ဦးသော်ကကို “ကျေးဇူးကြီးလှပါတယ် ဦးသော်ကရယ်” တဲ့။ အနီ့ကိုလည်း “ဦးသော်ကက ညည်းကျေးဇူးရှင်နော် အနီ၊ ညည်း မယားဝတ္တရားကျေပါစေ” တဲ့။ အနီကတော့ ခေါင်းသာညိတ်လိုက်ရတယ်။ ကျေးဇူးရှင်ဆိုတဲ့စကားကြီး အပေါ် ဘဝင်မကျသလို အမြင်လည်း မရှင်းဘူး။ ဦးသော်က သားတွေ သမီးတွေကလည်း အိမ်ထောင်ခွဲတွေမို့ သူတို့အဖေ တစ်ပင်လဲလို့ တစ်ပင်ထူတာကို ဘာမှ ဝင်မပြောကြပါဘူး။ ဦးသော်ကသမီး အငယ်မကသာ သူနဲ့ရွယ်တူလောက်ရှိတဲ့ အနီ့ကို မိန်းမအဖြစ်ယူရပါ့မလားလို့ ဦးသော်ကကိုစိတ်ကောက်ပြီး အနီတို့ ဘုန်းကြီးဆွမ်းကပ်တော့ မျက်နှာတောင် လာမပြဘူးလေ။ အနီက ဆိုင်စားပွဲထိုးကနေ ချက်ချင်း ဆိုင်ကြီးရှင်မ၊ အိမ့်ကြီးရှင်မ ဖြစ်သွားတော့တယ်။ အနီ ပျော်တယ်။ ဦးသော်ကက အနီ့ကို အလိုလိုက်တယ်။ ဟင်းဆိုလည်း နေ့တိုင်းဟင်းကောင်းတွေချည်း စားရတာပဲ။ အနီနဲ့ဆို ဦးသော်ကတို့ ပြုံးနေလိုက်တာ များ ရွှေသွားကြီးနှစ်ချောင်း တဝင်းဝင်းနဲ့ရယ်။

@@@@@@@@@@@@@@@

တစ်ခါတစ်လေ အမေ ငွေလိုလို့ အိမ်လာချေးတဲ့အခိုက်နဲ့ ဦးသော်က သားကြီး သမီးကြီးတွေ အိမ်ရောက်လာတဲ့ အချိန်နဲ့တိုးရင်များ အနီတို့သားအမိကို မျက်စောင်းချီလို့ မဆုံးနိုင်တော့ဘူး။ အနီတို့ကပဲ ငွေမက်လို့ သူတို့အဖေကို အပိုင်ချည်လိုက်သလိုလို။ အနီ့မှာဖြင့် သူတို့အဖေ အသက်ကြီးကြီးကို ကျေးဇူးရှင်အတော်ခံပြီး ယူလိုက်ရတာကိုများ။ သူတို့ကရော ဘာထူးသေးလို့လဲ။ သူတို့အိမ်ပြန်ရင် စားစရာသောက်စရာ ဆိုင်ကမုန့်တွေကအစ သယ်သွားလိုက်ကြတာ။ ပြီးတော့ အကြီးမဆိုလည်း အနီတို့မင်္ဂလာဆွမ်းကျွေးလာတုန်းက ဘာမှပါမလာလို့ဆိုပြီး ဦးသော်က အရင်မိန်းမ ပစ္စည်းတွေထဲက ပတ္တမြားတစ်ဆင်စာ ထုတ်ဆင်လိုက်တာ ပွဲလည်းပြီးရော ရူးချင်ယောင်ဆောင်ပြီး ပြန်ပေးမသွားဘူးလေ။ အနီလည်း ဘာမှပြော မနေတော့ပါဘူး၊ သူ့အမေပစ္စည်း မဟုတ်လား။ လိုချင်လည်း ယူပါစေပေါ့။ လူတွေဟာ ခက်ကို ခက်တယ်။ အနီကဖြင့် ဘာမှ မမက်ပါဘူး။ ကောင်းကောင်းနေ ကောင်းကောင်းစားရတဲ့အပြင် နေ့တိုင်း အမေ့အိမ်ကို ဆီပြန်ဟင်းတစ်ခွက်ရောက်နေနိုင်တာကိုပဲ ကြေနပ်လှပြီ။ မိုးတွင်းရောက်ပြီဆို အနီတို့အိမ်မှာတုန်းက အိမ်လုံးပြည့် ပုံးတွေ ခွက်တွေနဲ့ ရေခံထားရတယ်။ ခေါင် ပြန်မမိုးနိုင်တာမို့ မိုးမလုံတော့ အနီတို့မောင်နှမတွေ မိုးလုံရာထောင့်မှာ ကုပ်ကုပ်လေးတွေ စုထိုင်နေ ခဲ့ကြရတာ။ သိပ်ဒုက္ခရောက်တာပဲ။ ဦးသော်ကအိမ်မှာကျတော့ သွပ်မိုးပေါ် မိုးကျသံလေးတစ်ဗြောင်းဗြောင်းနဲ့ အနီ့မှာ ဇိမ်ကျပြီး ကွေးလို့ကောင်းမှ ကောင်း။ အနီ့အတွက် အဝတ်အစားဆိုလည်း ဦးသော်ကပဲ ကြုံရင် ကြုံသလို ဝယ်ဝယ်လာတတ်တယ်။ အနီကြည့်ချင်တဲ့ ဗီဒီယိုကားတွေ ဆိုလည်း ဦးသော်ကပဲ ညတိုင်း ငှားလာပေးတာ။ ဒီလောက်နဲ့ပဲ အနီ ပျော်လှပါပြီလေ။

 @@@@@@@@@@@@@@@

 ဦးသော်ကဟာ အင်မတန် ကျန်းမာရေးကောင်းတဲ့သူ။ ကိုယ်ပူ ခေါင်းကိုက်တောင် ဖြစ်ခဲလှတာ။ ဒီနေ့မနက်အစောကြီး ငါ့ရင်ဘတ်အောင့်တယ် အောင့်တယ် ဆေးရုံသွားချင်တယ်ဆိုတာနဲ့ ဆေးရုံပို့ဖို့ပြင်တုန်း အသက်တောင် ရှူမရတော့ဘူး ဖြစ်လာရော။ ဒါနဲ့ အိမ်နားက ဆရာဝန်ပဲ စောစောစီးစီး အိမ်တံခါးသွားခေါက်ပြီး ပင့်ခဲ့ရတော့တယ်။ ဆရာဝန်အိမ်ရောက်တော့ ဦးသော်က အသက်မရှူတော့ဘူး။ လိုအပ်တာတွေ စမ်းသပ်ကြည့်ပြီး ဆရာဝန်က ခေါင်းခါပြတယ်။ မရတော့ ဘူးဗျာ တဲ့။ ဒါနဲ့ အနီလည်း ဦးသော်ကဆွေမျိုးတွေဆီ လှမ်းအကြောင်းကြား ရတယ်။ အမေကတော့ ငိုနေပြီ။ အနီလည်း ဝမ်းနည်းလွန်းလို့ မျက်ရည်ကျမိပေမဲ့ အဖြစ်အပျက်တွေက မြန်လွန်းတော့ အခြေအနေကို ဘယ်လိုမှ လက်ခံလို့ မရသလိုဖြစ်နေတယ်။ ကြွေးရှင်တွေကလည်း ဦးသော်ကသေမှပဲ လာလိုက်ကြတာဆိုတာ။ ရင်ထဲကအပူတွေကို ဦးသော်ကက တစ်ယောက်ထဲ ကြိတ်ခံသွားခဲ့တာ တဲ့။ အနီ့ကိုလည်း မပြောဘူး။ ပြောပြလည်း အနီက ဘာလုပ်တတ်မှာမို့လဲနော်။ အိမ်ကြီးက ပေါင်ထားတာမို့ အတိုးရော အရင်းပါ မဆပ်နိုင်ရင် ဆင်းပေးရမတဲ့။ ဦးသော်က လောင်းကစားလုပ်တယ်ဆိုတာ အနီသိပေမဲ့ ပိုင်သမျှပစ္စည်းတွေ ချေး ငှား ပေါင်ထားရလောက်အောင် အရှုံးကြီး ရှုံးနေလိမ့်မယ်လို့ အနီ ဘယ်သိပါ့မလဲ။ ခုတော့ ဦးသော်ကပိုင်အိမ်ကြီးပေါ်က လက်ချည်းပဲ ဆင်းရမဲ့ အဖြစ်။ အို ဘာပဲဖြစ်ဖြစ် အနီက ဝမ်းမနည်းပါဘူး။ အရင်ကလည်း အနီ ဒီလိုပဲ နေလာတာပဲဟာ။ အမေ့အိမ်ပေါ် ပြန်တက်ရုံပေါ့။ 

@@@@@@@@@@@@@@@ 

အမေကတော့ ဝမ်းနည်းတာအပြင် ကြေကွဲနေသလားပဲ။ ငါ့သမီးလေး ငယ်ငယ်ရွယ်ရွယ် မုဆိုးမဖြစ်ရရှာတယ် တဲ့၊ ပြောမဆုံးဘူး။ ဦးသော်က အကြွေးတွေ ထိုးဆပ်လိုက်ရတာမို့ အိမ်ပေါ်ကနေ လက်မဲ့ဆင်းရတဲ့ အဖြစ်က အမေ့အတွက် ပိုဝမ်းနည်းစရာများ ကောင်းနေမလား နော်၊ အနီ တွေးကြည့်တာပါ။ အသုဘကားတွေလာတော့ ရပ်ကွက်ထဲကလူတွေ အသီးသီး ကားပေါ် တက်ကြ၊ ယပ်တောင် ဝေတဲ့သူက ဝေ၊ တရားစာအုပ်လေးတွေ၊ ရေဘူးတွေ ဝေတဲ့သူက ဝေနဲ့ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတယ်။ အနီနဲ့အမေလည်း ဦးသော်ကသားကြီးမောင်းမဲ့ကားပေါ် ပါသွားတယ်။ ကားလည်းစထွက်ရော ဦးသော်က သမီးတွေ၊ ဆွေမျိုးတွေမှာ ငိုလိုက်ကြတာ။ အမေက အနီ့ကို တံတောင်နဲ့ တွက်တယ်။ မျက်နှာအမူအယာနဲ့လည်း ပြတယ်။ “အနီ ညည်းလည်းငိုလေ”ဆိုတဲ့ သဘော။ အမေကတော့ “ကျေးဇူးရှင်ကြီးရဲ့ ကျွန်မ သမီးလေးကို တစ်ယောက်ထဲ ထားသွားပြီလား” တဲ့ ပြောပြောငိုငိုရယ်။ လာပြန်ပြီ ဒီကျေးဇူးရှင်….။ အမေ့နှယ် ခက်ပါ့။ အနီတို့ အမေတို့ပိုင်တဲ့ အိမ်ကိုတောင် အိမ်တိုင်ချွတ်ပြီး ဦးသော်ကအကြွေးဆပ်မပေးလိုက်ရတာ ကံကောင်းလို့။ အနီလည်း မုသွင်းတာပဲ။ မျက်တောင်တွေကိုမခတ်ဘဲ လေထဲမှာ တန်းလန်းထား၊ မျက်လုံးတွေ စပ်လာရင်များ ငိုလို့ ရမလားပေါ့နော်။ မျက်ရည်ကလည်း ညှစ်ထုတ်မှ ထွက်မလိုပဲ ခက်လိုက်တာ။ တအီးအီးငိုနေတဲ့သူတွေ ကိုကြည့်ပြီး အနီက ရယ်ချင်နေတာ။ ခက်တာပဲ။ ကားက တစ်နေရာအရောက်မှာ ဆောင့်ကနဲရပ်သွားတော့ အနီ့လက်က ယောင်ရမ်းပြီး ရင်ဘတ်ဖိမိလိုက်တာ။ အဲဒီတော့မှ ဘော်လီအင်္ကျီ အတွင်းဘက်မှာ ချိတ်ကလေးနဲ့တွဲချိတ်ထားတဲ့ လက်ကိုင်ပုဝါအထုတ်ကလေးကို စမ်းမိရက်သားဖြစ်သွားတယ်။ သေချာအောင် လက်ကလေးနဲ့ အသာလေးဖိကိုင်ကြည့်လိုက်သေးတယ်။ ရှိသေးတယ်၊ လက်ကိုင်ပုဝါအထဲမှာ ဂွမ်းကလေးနဲ့ ထုတ်ထားတာ၊ ရှိနေတုန်းပဲ သေချာတယ်။ အနီကံကောင်းတာက ဦးသော်ကပါးစပ်ဟာ ခပ်ဟဟလေးဖြစ်နေပေမဲ့ သူ့ပါးစပ်ထဲ ရွှေသွားနှစ်ချောင်း မရှိတော့ဘဲ ဟောင်းလောင်းပေါက်ကြီးဖြစ်နေတာကို ဘယ်သူကမှ သတိထားမိဟန် မတူတာ။ အနီ ခပ်တွေတွေဖြစ်နေတုန်း အမေ့တံတောင်ဆစ်က အနီ့နံကြားထဲ နောက်တစ်ခေါက်အတွက်မှာ အနီလည်း ပါးစပ်ကထွက်မိထွက်ရာ ပြောငိုမိတော့တယ်။ “အီးဟီး ကျေးဇူးရှင်ကြီးရဲ့ အနီ့ကို တစ်ယောက်ထဲ ထားသွားပြီလား ဟီး…” မျက်ရည်တွေညှစ်ထုတ်ရင်းက အနီ့စိတ်ထဲ တွေးနေမိသေးတယ်။ ဦးသော်ကအိမ်ကြီးပေါ်ကနေ အနီ လက်မဲ့ဆင်းလာတာ မဟုတ်ဘူးဆိုတာ အပြန်ကျမှ အမေ့ကိုပြောပြရဦးမယ်လို့…..။ 

Author: ချစ်ကြည်အေး 

(စတိုင်သစ် မဂ္ဂဇင်း - အောက်တိုဘာလ-၂၀၁၃)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)