+(နိုဝင်ဘာလ ၁၈ ရက် ၂၀၁၃- သောင်ရင်းနဂါး)+
ထိုင်းနှင့် မြန်မာ ၂ နိုင်ငံအစိုးရ၏ ချစ်ကြည်ရေး အစီအစဉ်အရ ထိုင်းနိုင်ငံရှိ ဘုန်းတော်ကြီးကျောင်းများ၌ မြန်မာဘုန်းတော်ကြီးများ ကျောင်းထိုင်ဆရာတော်အဖြစ် တင်မြှောက်ရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူးကြီး ၁ ဦးနှင့် သံမှူးး၂ ဦးတို့က မဲဆောက်မြို့သို့ ကွင်းဆင်းရောက်ရှိကြကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူးကြီး ဦးမျိုးတင့်၊ သံမှူးး
ဦးမိုးနိုင်အောင်နှင့် အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင် တို့သည် မဲဆောက်မြို့ရှိ တောရကျောင်း၌ မြန်မာကျောင်းထိုင်ဆရာတော် “ဦးမဟိန္ဒ”အား ကျောင်းထိုင်ဆရာတော်အဖြစ် တရားဝင်တင်မြှောက်နိုင်ရေး “ဂုဏပူဇာသဘင်” ကျင်းပနိုင်ရေး အပြီးသတ် ဆွေးနွေးခဲ့ကြသည်။
( ကျောင်းထိုင်ဆရာတော်အဖြစ် တရားဝင်တင်မြှောက်နိုင်ရေး “ဂုဏပူဇာသဘင်”ကျင်းပနိုင်ရေး အပြီးသတ်ဆွေးနွေးခဲ့ကြ)
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးတင်ဝင်း နာယကအဖြစ်ပါဝင်ပြီး သံမှူးကြီး ဦးမျိုးတင့် ဥက္ကဌအဖြစ် ပါဝင်သော ဆရာတော် ဦးမဟိန္ဒအား ကျောင်း ထိုင်ဆရာတော်တင်မြှောက်ပွဲ ဦးစီးကော်မတီကို ဖွဲ့စည်းလျက် လာမည့် ဒီဇင်ဘာလအတွင်းတွင် ဂုဏပူဇာသဘင်ပွဲ ကျင်းပရန် အပူတပြင်း စီစဉ်လျက်ရှိသည်။
(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူးများအဖွဲ့ နှင့်“မနောဖြူစင် ရေလှူအသင်း”အသင်းဝင်များအမှတ်တရ)
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူးများအဖွဲ့သည် မဲဆောက်မြို့၊ ကျောင်းကြီးကျောင်းသို့လည်း ခေတ္တ၀င်ရောက်ပြီး ကျောင်းတွင် အခြေစိုက်လှုပ်ရှားနေသော “မနောဖြူစင် ရေလှူအသင်း”၏ လှုပ်ရှားဆောင်ရွက်မှု အချို့ကို လေ့လာကြသည်။
(JACBAကတည်ထောင်ထားသော နေ့သစ်အလယ်တန်းကျောင်းရဲ့ ကြိုဆိုရေးဆိုင်းဘုတ်)
ထို့နောက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)မှ တည်ထောင်ထားသော နေ့သစ်အလယ်တန်းကျောင်း သို့ ၀င်ရောက်လျက် အားပေးစကားပြောကြားသည်။
(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသံမှူးများအဖွဲ့ နှင့်JACBAကတည်ထောင်ထားသော နေ့သစ်အလယ်
တန်းကျောင်းဆရာများ၊ကျောင်းသားများအမှတ်တရ)
ကျောင်းအုပ်ချုပ်သူများနှင့်ဆရာဆရာမများကလည်းယင်းတို၏ အခက်အခဲများကိုတင်ပြကြရာ သံမှူးကြီး ဦးမျိုးတင့် နှင့် သံမှူးများအဖွဲ့ကပြန်လည်ရှင်းလင်းပြောဆို ကြသည်။
ထို့နောက် ထိုင်း- မြန်မာချစ်ကြည်ရေးတံတား ပတ်ဝန်းကျင်ကိုလည်းကောင်း၊ အမှတ် ၈ ကုတို့ဆိပ်အားလည်းကောင်း၊ ဆက်လက်လေ့လာကြပြီး ညနေ လေယာဉ်ခရီးစဉ်ဖြင့် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာသွားကြခြင်းဖြစ်၏။
(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသံမှူးများအဖွဲ့ မဲဆောက်မြို့၊အမှတ် ၈ ကုတို့ဆိပ်အားလေ့လာနေကြစဉ်)
မဲဆောက်မြို့ရှိ နှစ်ပေါင်း(၁၁၀) နှစ်ခန့်ရှိသော တောရကျောင်းတွင် မြန်မာကျောင်းထိုင်ဆရာတော်
တင်မြှောက်ရေး အတွက် ဒေသတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၀၀၀) ခန့်က ထောက်ခံလက်မှတ်ရေးထိုးကြမည်ဖြစ်ပြီး ထိုင်းနှင့် မြန်မာ ၂ ဖက်အစိုးရထံ အဆိုပါ ထောက်ခံချက်လက်မှတ်များအား တင်ပြမည်ဖြစ်၏။ သံမှူးကြီး ဦးမျိုးတင့် ဦးဆောင်သော သံမှူးး၃ ဦး၏ မဲဆောက်ခရီးစဉ်သည် ပြီးခဲ့သည့် အောက်တိုဘာလ (၁၀) ရက်နေ့က မဲဆောက်ခရီးစဉ်အဖြစ် လာရောက်ခဲ့သော သံအမတ်ကြီး ဦးတင်ဝင်း ကွင်းဆင်းလေ့လာရေးခရီးစဉ်၏ အဆက်လုပ်ငန်းစဉ်ဖြစ်၏။
၎င်းကိစ္စနှင့် ပတ်သက်ပြီး တောရကျောင်းအနီးရှိ မဲဆောက်မြို့ ပက်ပ်စီ အထည်ချုပ်စက်ရုံမှ ကိုတိုးက --“အခုလို ကျနော်တို့ မြန်မာဘုန်းတော်ကြီးတွေ ထိုင်းနိုင်ငံမှာ တရားဝင် ကျောင်းထိုင်ဆရာတော်အဖြစ် သီတင်းသုံးခွင့်ရတာကို ကျနော်တို့ အနေနဲ့ အရမ်းပဲ ဂုဏ်ယူမိပါတယ်။ ၀မ်းလည်းသာပါတယ်။ အခုလို ကျောင်းထိုင်ဖြစ်မြှောက်ရေးအတွက် ၀ိုင်းဝန်းကူညီပေးကြတဲ့ မြန်မာသံရုံးမှ လူကြီးမင်းများနဲ့တကွ သက်ဆိုင်ရာ လူကြီးမင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်။” ဟု ရင်ဖွင့်စကားပြောကြားခဲ့သည်။
(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူးများအဖွဲ့ နှင့် ကျောင်း ထိုင်ဆရာတော်တင်မြှောက်ပွဲ ဦးစီးကော်မတီဝင်များအမှတ်တရ)

No comments:
Post a Comment