ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 19, 2014

==ချစ်ခြင်းနှင့်သာ အပြစ်တွေ ကင်းပါစေသား===

>
မဟာ တကယ့်ကို အသည်းမာတာပဲနော်.’ မျက်နှာကို တချက်မပျက်ဘဲ ခေါင်းကို မော်ထားခဲ့တယ် အသည်းမာတယ်လို့ ပြောနိုင်ခွင့်ရှိအောင် ဒီအသည်းကို ဘယ်လောက် မာကျောအောင် လုပ်ထား ရသလဲ သူမသိတဲ့အတွက်တော့ ကံကြမ္မာကို ကျေးဇူးတင်မိတယ်. ဘုရားရေ ရင်ဘတ်ထဲက စူးခနဲ အောင့်တက်လာတော့ လက်ဖနောင့်နဲ့ရင်ဘတ်ကို ဖိထားမိတယ် ဒီခံစားချက်ကို အခုတလော ခန ခန ခံစားရတာ ကြာပီ စွပ်စွဲချက်တွေကို လက်သင့်ခံခဲ့ရတဲ့ အချိန်ကတည်းကပေါ့…. ကျမက မာနကြီးတယ် စိတ်ကြီးတယ် ဒေါသကြီးတယ် ခန ခန သူ ပြောတတ်ပေမဲ့ အသည်းမာလိမ့်မယ်လို့တော့ မထင်ခဲ့မိဘူးတဲ့ သူ့ရဲ့ မျက်ရည်ဝိုင်းနေတဲ့ မျက်လုံးကို ကြည့်ပီးတော့ စိတ်ထဲမှာ နာနာကျင်ကျင် ခံစားရတယ်. နာကျင်စမ်းပါကွယ် မေ့ထက်တော့ ပို မနာကျင်နိုင်ပါဘူး…
. ……………………………………………..
ကွန်ပျူတာကို တစ်လျှောက်လုံးကြည့်နေခဲ့ရတော့ ကျမရဲ့ မျက်လုံးတွေ သိပ်ပူနေပီ. ခါးကို ရုတ်တရက် ဆန့်ထုတ်လိုက်ပီး မတ်တပ်ရပ်လိုက်ကာ ဟိုဟိုသည်သည် အကြည့်မှာပဲ ကျမကို စိုက်ကြည့်နေတဲ့ မျက်လုံးတစ်စုံကို ကျမ တွေ့လိုက်ရတယ်. သူ့ရဲ့ မျက်လုံးတွေက သူခိုးလူမိသလိုဖြစ်သွားပီး ကျမကို ရုတ်တရက် ပြုံးပြလိုက်တယ်. ခပ်ကြောင်ကြောင်ဖြစ်သွားပေမဲ့ သူ့ကိုတော့ ပြန်ပြုံးပြလိုက်ပါတယ်. ကျမတို့နှစ်ယောက် အပြုံးချင်းဖလှယ်နေတာကို မြင်တဲ့ ထက်ထက်က ‘ဟဲ့ ဘယ်သူ့ကို ပြုံးပြနေတာလဲ မေဇော်’ ကျမက သူ့ဘက်ကို မေးထိုးပြလိုက်တော့ ထက်ထက်က ထရပ်ပီး လှမ်းကြည့်လိုက်တဲ့အခါ သူ ရှက်သွားပီး မျက်နှာလွှဲသွားခဲ့တယ်. ကျမတို့နှစ်ယောက် ခပ်တိုးတိုးကြိတ်ရယ်လိုက်ပီး ကျမဘေးကို ထက်ထက်က ကုန်းကုန်းကွကွ ရောက်လာခဲ့ကာ သူ့အကြောင်းကို လာပြောပြခဲ့တယ်. ‘ဆရာချစ်ရဲ့ တူတဲ့ဟ…အလုပ်သင် လာထားတာလေ. နင်မမြင်ဖူးဘူး မဟုတ်လား’ ‘အေးပေါ့ဟ ငါ နေမကောင်းတဲ့ရက်က ရောက်လာတာလား… မနက်ကလဲ မတွေ့ဘူးတော့’ ‘အေး သူရောက်တာ နောက်ကျတယ်ထင်တယ်…ဒီမှာ ဒီဇိုင်းဆွဲတာ လာသင်တာ.. လူကတော့ မထုံတက်သေးပုံစံပဲဟေ့.. ချိုချိုတို့တော့ အနားကကို မခွာဘူး… ဟီးဟီး’ ကျမက ခပ်တိုးတိုးရယ်လိုက်ပီး ထက်ထက်ကို ဆွဲစိတ်လိုက်တယ်. ‘တော် တော် ထက်ထက်ရေ ဒီမှာတင် ရပ်ဟ တော်တော်ကြာ ပြဿနာတက်နေဦးမယ်’ ချိုချို ဆိုတာ ကျမတို့နဲ့တော့ ဘယ်လိုမှ မတည့်တဲ့ အပျိုကြီးမမပင်.. ကျန်တဲ့သူတွေနဲ့တော့ ဘယ်လို အခင်အမင်ရှိလဲ မသိပေမဲ့ ကျမကိုတော့ မျက်နှာကြောတင်းတင်း မာရေကျောရေရှိတယ်လို့ကို တဲ့တိုးကြီးပြောထားတော့ သူနဲ့က အဆက်အဆံသိပ်မလုပ်ဘဲ ခပ်တင်းတင်းနေနေခဲ့တာလေ. ဒါပေမဲ့ ချိုချိုက ကျမတို့ရုံးက ဘော့စ်ရဲ့ တူမ နှစ်ဝမ်းကွဲလောက်လဲ စပ်နေတော့ သူက ဒီမှာ အရေးပါနေသယောင် ထင်ရတာပေါ့. ဒါပေမဲ့ ကျမကလဲ ခပ်အေးအေး ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်လုပ်တဲ့သူဆိုတော့ သူ့ကို ရှောင်နေနိုင်တယ်လေ. ‘မေဇော့်ကို ခနလောက် ရုံးခန်းထဲ လွှတ်လိုက်ပါဦးဟေ့’ ဆရာချစ်က လှမ်းခေါ်တော့ ကျမက အင်္ကျီကို အသာဆွဲဆန့်ပီး ထက်ထက်ကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ကာ ရုံးခန်းထဲ ဝင်ဖို့ ပြင်တဲ့ အချိန်မှာပဲ သူလဲ သူ့နေရာက ထပီး ရုံးခန်းထဲ ဝင်သွားခဲ့တယ်. ဆရာချစ်က ကျမတို့ရုံးရဲ့ MD ပင်. ဘော့စ်ရဲ့ သူငယ်ချင်း အားထားရတဲ့ မန်နေဂျင်းဒါရိုက်တာမို့ သူခိုင်းတဲ့အလုပ်ဆို သေချာကျကျနန လုပ်ပေးရတတ်တယ်. ဒါပေမဲ့ ဆရာချစ်က ဘော့စ်ထက်ပင် ကျမတို့အတွက် အရာရာ အားကိုးရတဲ့ အထက်လူကြီးပင်. ‘မေဇော် သိမလားပဲဟေ့ ဒါက ဆရာ့တူလေးပဲ. စည်သူတဲ့. စင်ကာပူမှာ ကျောင်းဆက်တက်ဖို့ ပြင်နေတာလေ. မသွားခင် အလုပ် အတွေ့အကြုံလဲ ရအောင် ဒီကိုခေါ်ထားလိုက်တာ. ညည်းကို သူ့အပ်ထားမယ်ဟေ့. လိုအပ်တာတွေ ကြည့်ပီး စီစဉ်ပေးလိုက်ပါ.. သူ စကားကောင်းကောင်း နားမထောင်ရင်တော့ ညည်း ဆုံးမလို့ရတယ်ဟေ့နော်’ ဆရာချစ်က ရယ်စရာလိုပြောတော့ ကျမက ရယ်လိုက်ပေမဲ့ သူကတော့ ကျမကို ခပ်စူးစူးကြည့်နေခဲ့တယ်. နေ့လည် ထမင်းစားချိန်မှာ ကျမတို့ရုံးက ကင်တန်းရှိတော့ အဲ့ဒီမှာပဲ ထိုင်စားနေတုန်း သူ့ထမင်းပန်းကန်ကို ကိုင်ပီး ကျမဘေးနားကို ရောက်လာခဲ့တယ်.. ကျမက ထက်ထက်နဲ့ပဲ အများဆုံး တွဲစားပီး ကျမတို့နှစ်ယောက်ရဲ့ ထမင်းစားခုံလေးက ချောင်လေးနားမှာ ဘယ်သူမှ အရှုပ်အယှက်မရှိ စကားတိုးတိုးပြောလိုက် ရယ်မောလိုက် ထမင်းစားနေတုန်း သူရောက်လာတော့ လန့်တောင် သွားမိတယ်. ‘ကျနော်လဲ ထမင်း အတူတူစားလို့ဖြစ်တယ် မဟုတ်လား မေ’ ကျမက မျက်ခုံးနှစ်ခုလုံး ပင့်တက်သွားပီး သူ့ကို မော့ကြည့်လိုက်မိတယ်. သူကတော့ ခပ်တည်တည်ပင် ဘေးက ခုံကို ဆွဲယူထိုင်လိုက်ပီး သေချာကျနစွာ ထမင်းစားနေတော့သည်. ‘မေ’ တဲ့ ကျမကို သူက မေလို့ ခပ်တည်တည်ပင် ခေါ်ပီး ထမင်းစားနေတာမြင်တော့ သူ့ရဲ့ ပိုင်စိုးပိုင်နင်းနိုင်မှုအတွက် ရုတ်တရက် ရယ်ချင်သွားပီး ပါးစပ်ထဲက ထမင်းလုတ်ကို ခပ်မြန်မြန်မျိုချပစ်လိုက်တယ်. သူ့ကို ပြူးပြူးကြီးကြည့်နေတဲ့ ကျမတို့နှစ်ယောက်ကို သူက ပြုံးပြလိုက်ပီး ‘ဦးငယ်က မေနဲ့အတူတူ အလုပ်တွဲလုပ်ရမယ်ဆိုတော့ ပိုပီးရင်းနှီးအောင် ထမင်းအတူတူစားတဲ့ သဘောပါပဲ.. ကျနော်ရှိလို့ အနှောင့်အယှက်တော့ မရှိပါဘူးနော်…’ ထက်ထက်က ‘ဟုတ်ကဲ့ မရှိပါဘူး ဒါပေမဲ့ …’ ထက်ထက်စကားကို ဖြတ်ပီး ကျမက ‘ထမင်းအတူစားရတာတော့ ပြဿနာမရှိပါဘူး ဒါပေမဲ့ ကျမ နာမည်က မေဇော်ပါ မေ မဟုတ်ပါဘူး’ သူက ကျမကို ကြည့်ပီး ‘နာမည်ကို သိပါတယ် ဒါပေမဲ့ မေ လို့ပဲ ခေါ်ချင်လို့…ခေါ်ခွင့်ပြုမယ် မဟုတ်လား’ သူ့ရဲ့ ပိုင်နင်းမှုအတွက် ကျမက နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်သွားပေမဲ့ ‘ကိစ္စမရှိပါဘူး ခေါ်ခွင့်ရှိပါတယ်’လို့ ခပ်တိုးတိုးပဲ ပြန်ပြောလိုက်ရတော့တာပေါ့. ဟင်းးးးးးးးးးးးးးးး ကျမ ပြောသမျှကို သူက သေသေချာချာ နားထောင်ပီး ဂရုတစိုက်လိုက်လုပ်ခဲ့တယ်. အလုပ်လုပ်တဲ့နေရာမှာ သူက သိပ်အကင်းပါးလွန်းပီး ကျမပြောသမျှ သူက သပ်သပ်ရပ်ရပ် လုပ်နိုင်ခဲ့တယ်. အလုပ်ကိစ္စနဲ့ပတ်သတ်ပီးတော့ စိတ်မညစ်ရပေမဲ့ ကျမကို တခါတလေ စူးစိုက်ကြည့်တတ်တဲ့ သူ့ရဲ့မျက်လုံးတွေအတွက်တော့ ကျမ အနှောင့်အယှက် ဖြစ်ရတယ်. အဲ့ဒီနေ့က ဒီဇိုင်းတစ်ခု အပီးအပ်ရမယ်ဆိုတော့ ကျမ အိမ်ပြန်ချိန် နောက်ကျနေခဲ့ပီ. ထက်ထက်ကတော့ သူ စောင့်ပေးမယ် ပြောပေမဲ့ ကျမက အားနာလှတယ်. ထက်ထက် ပြန်ရမယ့်နေရာက ဝေးတော့ ရတယ်လို့ ပြောလိုက်တယ်. သူကလဲ ညနေ အလုပ်ချိန်ပီးတဲ့အချိန်မှာ ပြန်သွားခဲ့ပီ. ပထမဆုံး သူ့ရဲ့အကူအညီကို လိုချင်ပေမဲ့ သူသာ ဘေးမှာ ရှိရင် ကျမရဲ့ အလုပ်ကို ပိုပီး မြန်မြန် အဆုံးသတ်နိုင်ခဲ့လိမ့်မယ်လို့ ထင်ပီး အကူအညီတောင်းမလို့ ပြင်နေတဲ့အချိန်မှာပဲ သူက အရင်ပြန်သွားခဲ့တာလေ. နာရီကိုကြည့်လိုက်တော့ ၈ နာရီထိုးနေပီ. မနက်ဖြန် မနက် ၉ နာရီ ဒါကို အပီးအပ်ရမယ်ဆိုတော့ မနက်အစောကြီးလဲ လာဖို့ အဆင်မပြေ. ပီးတဲ့အထိ လုပ်ရမှာပဲ. ဆာလောင်နေတဲ့ဗိုက်ကို အသာပွတ်လိုက်ပီး ဘေးက ကော်ဖီခွက်ကို ကိုင်လိုက်တဲ့အချိန်မှာပဲ ကျမဘေးကို လူရိပ်တစ်ယောက်ရောက်လာတာလေ. အားကိုးတကြီး မော့ကြည့်လိုက်တော့ သူဖြစ်နေခဲ့တာပေါ့. ရင်ထဲမှာ ပျော်ရွှင်သွားမှုက အတိုင်းထက်အလွန်ပဲ. သူက ကျမဘေးမှာရပ်ပီး ‘ဖယ်လိုက် မေ. ခန နားလိုက်. ကျနော် ဆက်လုပ်လိုက်မယ်. မေ တစ်ယောက်တည်းကျန်ပီး အလုပ်ဆက်လုပ်နေတယ်လို့ ဦးငယ်ပြောတော့ ကျနော် အပြေးပြန်လာခဲ့တာ. အစောကတည်းက ဘာလို့ မပြောလဲ မေရယ်. မေ တစ်ယောက်တည်း ပင်ပန်းတာပေါ့.. နောက်ဆို ကျနော် ရှိနေပီပဲ. မေ လိုအပ်သမျှ ကျနော့်ကိုပြောပါနော်’ သူ့ရဲ့ မျက်လုံးတွေက ကြင်နာခြင်းအရိပ်အငွေ့တွေနဲ့ ဝန်းရံနေခဲ့တယ်. ကျမက ဘာမှဆက်မပြောနိုင်ဘဲ ကွန်ပျူတာစားပွဲရှေ့ကနေ ခွာပေးလိုက်တယ်. သူက ‘စားဖို့ တခုခုဝယ်လာတယ် မေ. အဲ့တာကို အရင်စားလိုက်ဦး.. ပီးမှ ကျနော်တို့ အလုပ်ဆက်လုပ်ကြတာပေါ့’ သူ ဝယ်လာပေးတဲ့ ခေါက်ဆွဲကြော်ကို စားနေရင်းနဲ့ ကျမက ကျေးဇူးတင်တယ်လို့ ပြောခဲ့တယ် ‘ကျေးဇူးတင်စရာ မလိုပါဘူး မေရယ်… ကျနော် မေ့ဘေးမှာ လိုသမျှ ဖြည့်ဆည်းခွင့်ပဲ ရချင်ပါတယ်’ သူ့ရဲ့ စကားသံတွေ သူ့ရဲ့ အပြုအမူတွေနဲ့ သူ့ရဲ့ မျက်လုံးတွေက သူ့ရင်တွင်းက ခံစားချက်တွေကို အတိအလင်း ဖော်ပြနေခဲ့ပီ. ကျမက မသိချင်ယောင်ဆောင်နေရင်းနဲ့ကို သူ တွယ်ငြိလာတာကို တိတ်တခိုးနဲ့ ရင်ခုန်တတ်လာခဲ့တယ်. < အဲ့ဒီနေ့ညက ကျမကို အိမ်ပြန်လိုက်ပို့ပေးခဲ့တယ်. ကျမတို့ရဲ့ လမ်းကလေးက ကားလမ်းဘေးကနေ ၂ လမ်းကျော်လောက် လျှောက်ရသေးတာလေ. သူ့ကို ပြန်ဖို့ပြောပေမဲ့ အိမ်အထိ လိုက်ပို့ခွင့်တော့ ရသင့်တယ်လို့ ဇွတ်တောင်းဆိုနေတာရယ် သူနဲ့အတူ လမ်းလျှောက်ချင်တဲ့စိတ်တွေရယ်နဲ့ ကျမတို့နှစ်ယောက် လမ်းလျှောက်လာခဲ့ကြတယ်. နောက်နေ့ ကျမရဲ့ စားပွဲပေါ်မှာ ကော်ဖီခွက် အဆင်သင့်ရှိနေခဲ့တယ်. ပီးတော့ ကွန်ပျူတာ ကီးဘုတ်ဘေးမှာ စာရွက်ဝါလေးတစ်ခု.. ‘ညတုန်းက လမ်းအတူတူတွဲလျှောက်ခွင့်ရခဲ့တာကို ဘယ်တော့မှ မမေ့နိုင်တော့ဘူး မေရယ်.’ တဲ့ ကျမက ကမန်းကတန်း အဲ့ဒီစာလေးကို သိမ်းထားလိုက်ရတယ်. ; တနင်္ဂနွေ ရုံးပိတ်ရက်မှာ ကျမတို့ ရုပ်ရှင်သွားကြည့်ဖို့ ထက်ထက်နဲ့တိုင်ပင်တော့ သူလဲ ကြည့်ချင်တယ်တဲ့.. ကျမက ငြင်းလိုက်ဖို့ စကားလုံးရှာနေစဉ်မှာပဲ ထက်ထက်က ‘ဟယ်ပျော်စရာပဲ အေးဟေ့ တို့တွေ ဘယ်နားမှာ ချိန်းကြမလဲ လုပ်ဟ… မေဇော် နင် နောက်မကျနဲ့နော်. လက်မှတ်ကရော ကြိုတင်လက်မှတ်ဝယ်ရင် ကောင်းမလား..’ သူတို့နှစ်ယောက်ပဲ ဆွေးနွေး သူတို့နှစ်ယောက်ပဲ တိုင်ပင်နဲ့ တစ်ချက် တစ်ချက် စကားပြောနေရင်းနဲ့ ကျမကို လှမ်းပီး တိုင်တည်လိုက်သေးတယ် သိပ်တော်တဲ့ သူငယ်ချင်းအစုတ်ပလုတ် ထက်ထက်. ကျမက အံတချက်ခဲပြလိုက်တော့ ထက်ထက်က လျှာတစ်လစ်ထုတ်ပြတယ်လေ. သူကတော့ မြင်ပေမဲ့ မမြင်ချင်ယောင်ဆောင်နေခဲ့တယ်. ညနေ ရုံးဆင်းခါနီးတော့ ကျမရဲ့ရှေ့ကို စာရွက်အတိုလေးတစ်ခု ကျလာခဲ့တာလေ. စာရွက်တိုကလေးကို ကောက်ယူလိုက်တော့ ‘ကျနော့်ကြောင့် မေ အနှောင့်အယှက်မရှိစေရပါဘူး..မေနဲ့အတူ ရုပ်ရှင်ကြည့်ချင်တာလေးပါပဲ” သိသာတဲ့ ချစ်ခြင်းတရားတွေကြားမှာ ကျမ တိတ်တဆိတ်ပျော်ရွှင်လာမိတယ်. သူ အနားမှာသာ ရှိနေရင် ဘယ်အရာမှ အစားထိုးစရာမလိုလောက်အောင်ကို ကျေနပ်ပျော်ရွှင်နေမိတယ်. လိုလေသေးမရှိ ကျမကို ဂရုစိုက်မှုတွေအတွက် သူ့ရဲ့အကြင်နာတွေအပေါ် သာယာနေမိတယ်. ‘သိပ်ချစ်တယ်’ တဲ့လေ. အပြာရောင်စာရွက်ပေါ်က လက်ရေးကလေး ‘ဒါက ဘာအဓိပ္ပာယ်လဲ’ လို့ ခပ်ဆတ်ဆတ်မေးလိုက်တော့ သူက ‘စိတ်မဆိုးပါနဲ့ မေရယ်…. ကျနော် မေ့ကိုချစ်နေတာကြာပီ မေ စိတ်ဆိုးမှာစိုးပေမဲ့ ဖွင့်မပြောဘဲလဲ မနေနိုင်တော့’ လို့ပါ ‘ပြောစရာရှိရင် ကျနော် ရုံးဘေးက လှေကားထစ်မှာ စောင့်နေမယ်နော် မေ.. အဲ့ဒီကျမှ ပြောပါ’ ရုံးခန်းရဲ့ ဘေး လှေကားထစ်မှာ သူ ရပ်စောင့်နေခဲ့တယ်. ထက်ထက်ကတော့ ခပ်စောစောပင် လစ်ပြေးသွားခဲ့ပီ. ကျမက ကျယ်ကျယ်လောင်လောင် မြည်ဟီးနေတဲ့ ရင်ခုန်သံကို သူကြားမှာစိုးတဲ့စိတ်နဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တယ်. သူ့ဘေးကိုရောက်တော့ သူက ခပ်တည်တည်ပင်. ‘အိမ်ပြန်လိုက်ပို့ချင်လို့ပါ မေ’ တဲ့လေ ကျမတို့နှစ်ယောက် အတွေးကိုယ်စီနဲ့ တိတ်တဆိတ်ပင် လမ်းလျှောက်နေခဲ့ကြတယ်. သူက တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွင်းလိုက်ပီး ကျမရဲ့ရှေ့မှာ ပိတ်ရပ်လိုက်တယ်. ‘ကျနော် မေ့ကို ချစ်တယ်’ ‘မေ စိတ်မဆိုးပါနဲ့ မေရယ်. ကျနော် မေ့ကို စတွေ့တဲ့အချိန်ကတည်းကကို ချစ်နေမိတာ.. မေလဲ သိနေနှင့်ပါတယ်. ဟုတ်တယ် မဟုတ်လားဟင်’ သူ့ရဲ့ စကားသံက ချိုသာလွန်းတယ်. ကျမက ပြန်ပြောဖို့ စကားလုံးရှာနေတာကို သူက ပြောခွင့်မပေးခဲ့ဘဲ ကျမလက်ကလေးကို အသာဆွဲကိုင်လိုက်တယ်. ‘ကျမ ……’ ‘မေ ပြန်မပြောပါနဲ့ မေ သေချာစဉ်းစားပါ… ဒါပေမဲ့ ကျနော် ချစ်နေတာကိုတော့ မေ့ကို သိစေချင်တာပါပဲ’ ရင်ခုန်သံတွေနဲ့အတူ သူ့စကားတွေကို ကျမရဲ့နှလုံးသားက လက်ခံထားလိုက်ပီ. အသိဥာဏ်ရှိတဲ့ ဦးနှောက်က ဘယ်လိုပင် ငြင်းဆန်မယ်လို့ ဆုံးဖြတ်ပေမဲ့ နောက်ဆုံးတော့လဲ နှလုံးသားရဲ့အလိုကို မငြင်းနိုင်တော့ဘူးလေ. သူ့ကို တိကျတဲ့ အဖြေမပေးခဲ့သေးပေမဲ့ ကျမတို့ သုံးယောက်သား ပိတ်ရက်တွေမှာ အတူတူပျော်ရွှင်ခဲ့ကြတယ်. သူက ထက်ထက်ရှေ့မှာပဲဖြစ်ပါစေ ရုံးမှာပဲဖြစ်ပါစေ ကျမကို သိပ်ချစ် သိပ်မြတ်နိုးတဲ့ အကြည့်နဲ့ တစ်ခါတစ်ရံ ကြည့်တတ်ပေမဲ့ အနေအထိုင်တော့ တည်ကြည်ခဲ့တယ်လေ. ဒါတွေကြောင့်ပဲ သူ့ကို ကျေးဇူးတင်မိတယ်. ဒါပေမဲ့ ကျမကို အိမ်ပြန်လိုက်ပို့တဲ့ ညနေတိုင်းမှာတော့ သူက ကျမ အတင်းငြင်းဆန်ပေမဲ့ ကျမလက်ကို မလွှတ်တမ်း ဆွဲကိုင်ထားခဲ့တယ်. ပီးတော့ ကျမတို့နှစ်ယောက်ရဲ့ အနာဂတ်တွေအကြောင်း ဘယ်လို ဘဝတစ်ခု ထူထောင်ကြမလဲ ဆိုတာတွေ …. ‘ကျနော် စင်ကာပူကို မသွားတော့ဘူး မေ. မေ့ဘေးနားမှာပဲနေမယ်.. မေ့ကို လက်ထပ်မယ်. ကျနော် မေ့ကို စိတ်ချမ်းသာအောင် ထားနိုင်အောင်ကြိုးစားမယ်.. မေသာ ဘေးနားရှိရင် ဘယ်အရာမဆို ကျနော် ရင်ဆိုင်ရဲတယ်’ အဲ့ဒီလို ပြောတဲ့စကားကို သတိထားမိပေမဲ့ ကျမက သူ့ကို ချစ်စိတ်နဲ့ သူ့ရဲ့စကားလုံးတိုင်းမှာ ရင်ခုန်နေရတာနဲ့ပဲ ခွဲခြမ်းစိတ်ဖြာမှု မပြုခဲ့မိဘူး ‘မေ တစ်ဆိတ်လောက်တော့ ကို့ကို ချစ်တယ်လို့ ပြောသင့်နေပီ မဟုတ်လားဟင်.. မေက သိပ်အကျပ်ကိုင်လွန်းတယ် ကွာ. မေ့ကို ကျနော့်ရဲ့ချစ်သူလို့ လူပုံအလယ်မှာ ကြေညာချင်နေပီ မေရဲ့’ ချစ်တယ်လို့ ဖွင့်မပြောခဲ့တာ တစ်ခုတည်းနဲ့ပဲ ကျမတို့နှစ်ယောက်ကြားမှာ အနေအထားတစ်ခု မပြောင်းလဲခဲ့တာပဲ ရှိတယ်. ကျမကလဲ အသေအချာ စဉ်းစားနေခဲ့တာ. ဆရာချစ်ရဲ့ တူဆိုတာရယ်. ဘာပဲပြောပြော ကျမထက် အစစအရာရာ ပိုသာလွန်တဲ့သူ့ကို ကျမအတွက်နဲ့တော့ နဂိုရည်စူးထားခဲ့တဲ့ သူ့ဘဝရှေ့ရေးဆိုတာတွေရယ်ကို အဓိကထား စဉ်းစားနေရင်းနဲ့ လူ့အတ္တအတိုင်းပဲ သူ့ကို ကျမဘေးမှာပဲ ရှိစေချင်တဲ့စိတ်တွေနဲ့ ဝေခွဲမရဖြစ်နေခဲ့တာလေ. နားနေခန်းအရှေ့ကို ရောက်တဲ့အချိန်မှာ အထဲက စကားပြောသံသဲ့သဲကို ကြားရပေမဲ့ ကျမက အထဲကို ဝင်ဖို့ ပြင်နေတဲ့ အချိန်မှာပဲ ‘လူပုံက ကြည့်တော့ မာရေကျောရေနဲ့ ကိုင်မယ့် ကိုင်တော့လဲ တကယ့်ကို ဂေါင်မှ ရွေးကိုင်တာဟေ့. သူ့အမေဆိုတာ ငိုကြီးချက်မနဲ့ပဲ.. ဟိုက လုံးဝ စင်ကာပူကို မသွားတော့ဘူးလို့ အတင်းငြင်းနေတာ. ပီးတော့ စည်သူ့မှာက လူကြီးချင်း စေ့စပ်ထားတဲ့ ကောင်မလေးက စင်ကာပူမှာလေ. အဲ့ဒီတော့ လူကြီးတွေ မျက်နှာပျက်တာပေါ့. အေးလေ အဲ့ဒီမိန်းမကလဲ ဘာဆေးတွေများ သုံးနေလဲမှ မသိတာ…..’ မိုက်ခနဲဖြစ်သွားတဲ့ ခေါင်းကို လက်နဲ့လှမ်းဖိလိုက်ပီး ကျမက အခန်းထဲကို စွတ်ဝင်လိုက်တယ်. ကျမကို ရုတ်တရက် အမြင်မှာပဲ ချိုချိုရော သူ့ဘေးက အဖော်တွေပါ လန့်သွားတယ်. “စည်သူမှာက စေ့စပ်ထားတဲ့ ကောင်မလေးရှိတယ်… စည်သူ့မှာ………’ ဆရာချစ်က ကော်ဖီခွက်ကို မ လိုက်တဲ့ အချိန်မှာပဲ ကျမက ကော်ဖီခွက်ကို တစ်ရှိန်ထိုး မော့ချလိုက်တယ်. ရင်ထဲကို ခါးသက်ပီး ပူစင်းသွားတဲ့ အရသာနောက်ကို မလိုက်နိုင်ဘဲ လက်ရှိ ပစ္စုပ္ပန်တည့်တည့်မှာပဲ စိတ်ကို ရောက်အောင် မနည်းကြိုးစားနေရတယ်. အခြေအနေတွေက ထင်ထားတာထက်ကို ပိုရှုပ်ထွေးနေမှန်း သိလိုက်ရတဲ့အချိန်မှာ ကျမ ရင်တစ်ခုလုံး ဘာမှန်းမသိတဲ့ စိတ်ခံစားမှုတစ်ခုက ပိုပိုပြင်းထန်လာနေတယ်. ‘စကားက ဘယ်က စရမှန်း မသိဘူး မေဇော်. အဓိက တာဝန်ရှိတာက ဆရာပဲလေ. စည်သူ့မှာလဲ အပြစ်မရှိသလို မေဇော့်မှာလဲ အပြစ်မရှိဘူး. တကယ်တမ်း အပြစ်ရှိတာကတော့ ဆရာတို့ လူကြီးတွေမှာပါပဲ.’ ‘မင်းတို့နှစ်ယောက်အကြောင်း ဆရာ ရိပ်မိတဲ့အချိန်မှာပဲ စည်သူ့ကို တားမြစ်ပေမဲ့ စည်သူက ခေါင်းသိပ်မာလွန်းတယ်. ရွှေရည်ဆိုတာက စည်သူနဲ့ စေ့စပ်ထားတဲ့ မိန်းခလေးပဲ သမီး. ကောင်မလေးက စင်ကာပူမှာပဲ အခြေချနေတယ်လေ. စည်သူကလဲ လိုက်သွားရမယ်. လက်ထပ်ဖို့ ရက်အထိ ရွေးထားပီးပီ. ဒါပေမဲ့ အဲ့လိုစီစဉ်ထားတာကို စည်သူ သေချာ မသိတာက ပြဿသနာပဲ’
‘စည်သူက အဲ့ဒီကောင်မလေးကို တကယ့်ကို မကြိုက်ဘူး ဒါပေမဲ့ စည်သူ့အမေနဲ့ အဲ့ဒီကောင်မလေး အမေနဲ့က သိပ်ရင်းနှီးလွန်းတော့ စကားတွေက ကျွံလက်စနဲ့ ကျွံကုန်တယ်လေ.. ပီးတော့ ကိုယ့်သားသမီး သူ့သားသမီး ပိုင်တယ်ဆိုပီး ကလေးတွေကို အသိမပေးတာက ပြဿာနာစတာပဲ’ ဆရာချစ် မျက်နှာက စိတ်ရှုပ်ထွေးမှုနဲ့ ညစ်နွမ်းနေခဲ့တယ်. ကျမကတော့ ကျောက်ရုပ်လိုပင် ဆရာချစ်ကို ဘာစကားမှ ပြန်မပြောနိုင်ခဲ့ဘူး. ‘သမီးကို ဆရာ တောင်းပန်ချင်တာက တကယ့်ကို အနူးအညွတ်တောင်းပန်ပါတယ် သမီးရယ်… အခု သမီးတို့ အခြေအနေ ကိုလဲ ဆရာ သိနေတယ်.. သမီးဘက်က ဘာမှပြန်ပီး တုံ့ပြန်မှု မလုပ်ရသေးဘူးလို့ စည်သူက ပြောတယ်……’ နားလည်မှုတွေ….. ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေတစ်ခုဆီကို လမ်းကြောင်းပေးနေတဲ့ စကားလုံးတွေ ……. နှစ်ဖက်မိဘ အသိအမှတ်ပြုပီး လက်ထပ်ဖို့ ရက်အထိပါ သတ်မှတ်ထားတဲ့ မိန်းခလေးနဲ့ လုပ်ဖော်ကိုင်ဖက်ချင်း နားလည်မှုတွေနဲ့သာ ချည်နှောင်ထားကြပီး ဘယ်လိုအခြေအနေမှ တရားဝင် မကျွံရသေးတဲ့ ကျမတို့နှစ်ယောက်ရဲ့ အခြေအနေနဲ့……………… ထက်ထက်က တောက်တခေါက်ခေါက် လုပ်နေခဲ့တယ်.. ‘ဒါ သက်သက်မဲ့ဟာ အမှန်တော့ သူဖွင့်ပြောသင့်တယ်ဟ… ငါကတော့ သဘောတူတဲ့စိတ်နဲ့ နင်တို့ကြားထဲ အခမဲ့တောင် အောင်သွယ်လုပ်ပေးခဲ့တာပဲဟာ.. စည်သူ ဒီလိုတော့ ဖွင့်မပြောဘဲ မနေသင့်ဘူး.. အခုလိုမျိုး ဆရာချစ်တို့တောင် ဝင်ပါရ တဲ့ အဆင့်အထိတော့ မကောင်းဘူးပေါ့… နောက်ပီး နင်ကရော….နင် ဘယ်လိုဆုံးဖြတ်မလဲ မေဇော်’ ‘ငါကလား ငါက ဘယ်လိုဆုံးဖြတ်ရမလဲ ထက်ထက်ရယ်… ဒါပေမဲ့ ဘာမှ မကျွံလိုက်ရတဲ့အတွက်တော့ ကိုယ့်ကိုယ်ကို ကျေးဇူးတင်မိတယ်..’ ‘နင် သူ့ကို တကယ်ချစ်နေသလား မေဇော်..’ ‘မမေးနဲ့တော့ မမေးနဲ့တော့ ထက်ထက်.. ဒါတွေဟာ အခုအချိန်မှာ မေးဖို့ကို မလိုတော့ဘူး.. မပူပါနဲ့ဟာ ငါ ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ့မယ်’ ချစ်မယ်လို့ ဆုံးဖြတ်မိတဲ့အချိန်မှာတင် မချစ်သင့်တဲ့အကြောင်းတရားတွေ ခိုင်ခိုင်လုံလုံရှိနေမှတော့ ချစ်ဖို့ဆိုတာကို မစဉ်းစားသင့်တော့ဘူးလေ.. ဘယ်လောက်ပဲ ချစ်သွားပါစေ. ချစ်နေမိတယ်လို့ ထင်နေရုံဖြစ်ပါစေ မချစ်သင့်တော့ဘူး.. မချစ်သင့်တော့ဘူးလို့ တွေးလိုက်တိုင်း သူ့ရဲ့အကြင်နာတွေ ဂရုစိုက်မှုတွေ အချစ်တွေကို ပြန်ပြန်မြင်ယောင်မိတယ်… ဘာကြောင့် ကျမက အချစ်ရေးမှာ ကံမကောင်းခဲ့ရတာလဲ.. မျက်ရည်တောင် မကျဖြစ်ဘဲ ရင်ထဲမှာ အကြိတ်အခဲကြီးလို ခံစားနေရတာကို ကျမက ပိုနာကျင်နေမိတယ်. သူ့ကို ရုတ်တရက် စိမ်းပြတ်ပြတ်ဆက်ဆံတော့ သူက နားမလည်နိုင်တဲ့ မျက်လုံးတွေနဲ့ ကျမကို ကြေကြေကွဲကွဲ စိုက်ကြည့်နေခဲ့တယ်. တတ်နိုင်သလောက် ထက်ထက်ကလဲ ဘေးက မခွာဘဲ နေပေးခဲ့တယ်. ကျမကို စကားပြောမယ်လို့ ကြံစည်တိုင်း သိသာထင်ရှားတဲ့အပြုအမူနဲ့ ရှောင်ထွက်သွားတဲ့အပေါ် သူတကယ့်ကို နားမလည်တဲ့စိတ်နဲ့ နာနာကျင်ကျင် ခံစားရမှန်း သိနေပေမဲ့ ကျမကတော့ ဘာအတွက်နဲ့မှ အကြောင်းပြချက်လဲ မပေးလို သူ့ဆီက ဘာအကြောင်းပြချက်မှလဲ မလိုချင်တော့ပေ. ကီးဘုတ်ဘေးက စာရွက်လေး ‘စကားပြောချင်တယ်’ ‘ပြောစရာ ဘာစကားလုံးမှ မရှိဘူး’ ‘ဘာဖြစ်သလဲ မေ ကျနော့်ကို ဘာများ စိတ်ဆိုးနေသလဲ. ညနေ ကျနော် စောင့်နေမယ်’ စာရွက်ကလေးကို ချပေးခဲ့ပီး သူ့မျက်နှာက ခပ်တင်းတင်းနဲ့ပင် အပြင်ကို ထွက်သွားခဲ့တယ်. လှေကားထစ်တွေဘေးမှာ သူရပ်စောင့်နေခဲ့တယ်. ဘေးနားက သံတိုင်ကို ရှုးဖိနပ်ထိပ်ဦးနဲ့ ကန်နေပီး မှန်ချပ်တွေရဲ့အနောက်ကနေ အပြင်ကို သူကြည့်နေခဲ့တယ်. ကျမ ဘေးကို ရောက်တဲ့အချိန်မှာ သူ့ရဲ့ မျက်လုံးတွေက နီရဲနေခဲ့ပီ. ‘မေ ဘာလို့ပြောင်းလဲသွားသလဲဆိုတဲ့ အဖြေကို ကျနော် အခုပဲ သိခဲ့ရပီ. မေ ကျနော့်ကို စိတ်ဆိုးသလား. အဲ့ဒီကိစ္စကို မပြောဖြစ်တဲ့အပေါ် ဆုံးဖြတ်ချက်က ဒီလိုမျိုးလား မေ’ ‘ကျနော်တို့ နှစ်ယောက်ရဲ့ နားလည်မှုတွေ သံယောဇဉ်တွေ ဒါတွေကို ဒီကိစ္စလေးတစ်ခုတည်းနဲ့ မေလဲလှယ်နိုင်တယ်ပေါ့ ဟုတ်လား’ သူပြောသမျှ ကျမက နားထောင်ပေးနေခဲ့တယ်. ဘာမှတော့ ပြန်ပြောဖို့ အားအင်မရှိတော့. ‘ပြောပါ မေ.. ကျနော့်အမှားလား. ကျနော် ချစ်နိုင်တဲ့သူကိုပဲ ကျနော် ချစ်မယ်. သူ့ကို မချစ်ဘူး.. မေမေတို့ စီစဉ်တာကို ကျနော်က လက်မခံနိုင်ဘူး.’ ‘မေ့ကိုပဲ ချစ်တယ် မေ.. မေလဲ ကျနော့်ကို ချစ်ပါတယ် မေရယ်. ကျနော် သိတာပဲ. ဟုတ်တယ် မဟုတ်လားဟင်’ ကျမ ပခုံးကို အတင်းဆုပ်ကိုင်ပီး သူမေးနေခဲ့တယ်. ‘မေ… မေ… မေ့ကို အရမ်းချစ်တယ် မေ့ကို ခွဲမသွားနိုင်ဘူး.’ အခြေအနေတွေက အေးအေးဆေးဆေးကနေ ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်. သူ ကျမပခုံးကို အတင်းဆွဲလှည့်ပီး သူ့ရင်ခွင်ထဲ အတင်းဆွဲဖက်လိုက်တဲ့အချိန်နဲ့ ကျမ မရုန်းလိုက်နိုင်တဲ့ အခြေအနေမှာပဲ ကျမတို့ရဲ့ နောက်ကျောကနေ ကျမတို့နှစ်ယောက်ကို ကြည့်နေတဲ့ ချိုချို့ကို ကျမ တွေ့လိုက်ရတာပဲ……………. ကျမကို တွေ့ချင်တယ်ဆိုတဲ့ မိန်းမကြီးရဲ့ လှပပီး မာန်မာနအပြည့်နဲ့ မျက်နှာကို ကျမက အသေအချာ စိုက်ကြည့်နေခဲ့တယ်. သူမရဲ့ မျက်နှာက မတတ်သာလို့ ကျမကို တွေ့ရတဲ့အခြေအနေမှာ မသက်သာတဲ့ စိတ်အတွေးနဲ့ ကျမကို အကဲခတ်နေခဲ့တယ်… ‘မေဇော်ဆိုတာလား… အန်တီက စည်သူ့ရဲ့အမေပါ.. အခုလိုတွေ့ဖို့ ချိန်းလိုက်ရတာကို တကယ့်ကို အားနာပါတယ်ကွယ်. ဒါပေမဲ့ …………….’ ‘အန်တီ တွေ့ချင်တယ်ဆိုလို့ ဆရာချစ်ရဲ့ မျက်နှာကို ထောက်ထားတဲ့အနေနဲ့ရော ကျမရဲ့ ဂုဏ်သိက္ခာအတွက်ကိုပါ တန်ဖိုးထားပီး လာတွေ့တာပါ’ ‘အန်တီ ဆိုလိုချင်တာကို ကျမ သိပါတယ် စိတ်မပူပါနဲ့ အန်တီ’ ‘ကျမက အန်တီတို့ သဘောမတူနိုင်လောက်တဲ့ အခြေအနေမှာ ကျမရဲ့ မိန်းမသားသိက္ခာကို အကျခံပီးတော့များ စည်သူ့ကို လက်ခံမယ်လို့ ထင်နေရင် မှားလိုက်မယ် အန်တီ’ ကျမတို့နှစ်ယောက် မာနတွေနဲ့ အလျှံတညီးညီးတောက်လောင်နေတဲ့ မျက်လုံးအစုံနဲ့ တစ်ယောက်ကို တစ်ယောက် စူးစူးစိုက်စိုက်ကြည့်နေခဲ့တယ်.. ကျမမှာလဲ ကျမအတွက် လုံလောက်တဲ့ မာနရှိတယ်. စေ့စပ်ပီးသား မိန်းခလေးရှိတဲ့ ယောက်ျားတစ်ယောက်ကို ဘယ်လိုအရာတွေနဲ့များ မျက်နှာပြောင်တိုက်ပီး သဘောမတူပါဘူးလို့ ဆိုနေတဲ့ကြားက လက်ခံမယ်လို့များ ထင်နေလား အမိုက်ခံတဲ့ မိန်းမများ မှတ်နေလားကွယ်.. မာနတွေနဲ့ လိမ်းခြယ်ထားတဲ့အချိန်တုန်းကတော့ မနာကျင်ခဲ့ရပေမဲ့ အခုတော့ ရင်ထဲမှာ တစစ်စစ်နာကျင်နေခဲ့ပီ. အချစ်…. အချစ်လေ အချစ်ပေါ့… သူ့ကို သိပ်ချစ်မိနေပီဆိုတဲ့ အသိတစ်ခုကို ရင်ဘတ်ထဲမှာ အတင်းလှောင်ပိတ်လိုက်တဲ့အခါ နှလုံးသားဆီက စူးအောင့်တဲ့ ခံစားချက်ကို ကျမ ခံစားလိုက်ရတယ်. အဲ့ဒီနေ့ညနေက ကျမတို့ ရုံးခန်းရဲ့ အပေါ်ထပ်ဘေး လှေကားထစ်မှာ မျက်နှာချင်းဆိုင် ရပ်နေမိတယ်. ‘မချစ်ဘူး.. ဘယ်တုန်းကမှ မချစ်ခဲ့ဘူး.. အရင်တုန်းက တွဲနေခဲ့တယ်ဆိုတာက အားနာမှုရယ် နီးစပ်တဲ့စိတ်ရယ်ကြောင့်ပဲ. အခု သေချာစဉ်းစားမိတဲ့အချိန်မှာ မချစ်ဘူးဆိုတာဟာ တကယ့်ကို သေချာနေခဲ့ပီ’ ကျမရဲ့ နှုတ်ခမ်းအဖွင့်အပိတ်ကို အသက်မဲ့သူတစ်ယောက်လို သူ စိုက်ကြည့်နေခဲ့တယ်. ‘မေမေ့ကြောင့်လား… ဘယ်သူ့ကြောင့်လဲ ..’ ‘ကို့ကို တကယ်မချစ်ဘူးပေါ့’ ‘မေဟာ တကယ့်ကို အသည်းမာတာပဲနော်.’ မျက်နှာကို တချက်မပျက်ဘဲ ခေါင်းကို မော်ထားခဲ့တယ် အသည်းမာတယ်လို့ ပြောနိုင်ခွင့်ရှိအောင် ဒီအသည်းကို ဘယ်လောက် မာကျောအောင် လုပ်ထား ရသလဲ သူမသိတဲ့အတွက်တော့ ကံကြမ္မာကို ကျေးဇူးတင်မိတယ်. ဘုရားရေ ရင်ဘတ်ထဲက စူးခနဲ အောင့်တက်လာတော့ လက်ဖနောင့်နဲ့ရင်ဘတ်ကို ဖိထားမိတယ် ဒီခံစားချက်ကို အခုတလော ခန ခန ခံစားရတာ ကြာပီ စွပ်စွဲချက်ကို လက်သင့်ခံခဲ့ရတဲ့အချိန် ကတည်းကပေါ့. ကျမက မာနကြီးတယ် စိတ်ကြီးတယ် ဒေါသကြီးတယ် ခန ခန သူ ပြောတတ်ပေမဲ့ အသည်းမာလိမ့်မယ်လို့တော့ မထင်ခဲ့မိဘူးတဲ့ သူ့ရဲ့ မျက်ရည်ဝိုင်းနေတဲ့ မျက်လုံးကို ကြည့်ပီးတော့ စိတ်ထဲမှာ နာနာကျင်ကျင် ခံစားရတယ်. နာကျင်စမ်းပါကွယ် မေ့ထက်တော့ ပို မနာကျင်နိုင်ပါဘူး…. ‘စိတ်ချပါ မေ…. ကျနော့်အတွက် နောက်ထပ် စိတ်မရှုပ်ရတော့သလို စိတ်လဲ မညစ်ရတော့ပါဘူး.. မေ မချစ်ဘူးဆိုတဲ့ လူကိုလဲ နောက်ထပ် မေ့ရှေ့မှာ မမြင်စေရပါဘူး ဒါပေမဲ့ မေသိထားဖို့က ကျနော့်ရဲ့ချစ်သူဟာ မေ မဖြစ်ခဲ့ဘူးဆိုရင် ကျနော့်ရဲ့ ဇနီးလောင်းကလဲ ရွှေရည် မဖြစ်ရဘူး.. ဒါကိုတော့ မေ သိထားပေးပါ’ ‘ကျနော် ၂၁ ရက်နေ့ စင်ကာပူကို သွားမယ်.. အဲ့ဒီကနေ တစ်ဆင့် ကိုကိုကြီးရှိတဲ့ သြစတြေးလျားကို ထပ်သွားမယ် မေ.. မေ့ ဘေးနားမှာ မနေနိုင်တော့ဘူးဆိုရင်တော့ မေနဲ့ ဝေးရာ ဟိုးအဝေးဆုံးကို သွားနေပါ့မယ် မေ’ ‘ဒါပေမဲ့ မေ့ကိုတော့ အရမ်းချစ်တယ်ဆိုတာကို ယုံထားပေးပါ မေ.. အစစအရာရာအတွက် မေ့ကို ကျေးဇူးတင်ပါတယ်.. ချစ်တတ်လာတဲ့အတွက်ရော ချစ်ခွင့်ပေးခဲ့တဲ့အတွက်ရောပေါ့
…………’
 ဆုံးဖြတ်ချက်အတိုင်း သူ အကောင်အထည်ဖော်ခဲ့တဲ့အချိန်မှာတော့ ကျမက သူ့ကို လွမ်းဆွတ်မိတိုင်း အပေါ်ထပ် လှေကားထစ်လေးရဲ့ဘေးမှာ အမြဲရပ်နေတတ်ခဲ့တယ်.. ကျမဘေးကို လက်လှမ်းလိုက်တိုင်း အမြဲ အသင့်ရှိနေတတ်တဲ့ ကော်ဖီခွက်လေးကို တမ်းတမိသလို.. ကီးဘုတ်ပေါ်မှာ တင်တင်ထားတတ်တဲ့ message တိုတိုလေးတွေကိုလဲ အမြဲ သတိရနေခဲ့တယ်… ‘သိပ်ချစ်တယ်’ အပြာရောင်စာရွက်ပေါ်က လက်ရေး…. မွှေးပျံ့တဲ့ ရနံ့ကလေး အခုအချိန်အထိ သတိရနေဆဲပဲ ‘ဒါက ဘာအဓိပ္ပာယ်လဲ’ လို့ ခပ်ဆတ်ဆတ်မေးလိုက်တဲ့ အချိန်တုန်းက သူ့မျက်နှာက အနီရောင်သမ်းနေခဲ့တယ် ‘စိတ်မဆိုးပါနဲ့ မေရယ်…. ကျနော် မေ့ကိုချစ်နေတာကြာပီ မေ စိတ်ဆိုးမှာစိုးပေမဲ့ ဖွင့်မပြောဘဲလဲ မနေနိုင်တော့’ လို့. အဲ့တုန်းက ပြောခဲ့ဖူးတဲ့ သူ့ရဲ့ စကားသံတွေကို နားထဲမှာ ပြန်ကြားယောင်နေမိတယ်…… သူ ကမ္ဘာကို ပတ်နေတဲ့အချိန်မှာ ကျမကတော့ နဂိုနေရာလေးမှာပဲ ထိုင်နေပီး သူ့ကို လွမ်းဆွတ်နေခဲ့မိတယ်… သူ နေရာတစ်နေရာကို ရောက်တိုင်း ကျမဆီကို မဖြစ်မနေ ပို့စကတ် တစ်စောင် တစ်စောင် အမြဲပို့ပေးခဲ့တယ်…. အချိန်တွေ နာရီတွေ ကုန်သွားလဲ ကျမတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းတွေက ရှင်သန် လည်ပတ်နေတုန်းပဲ…. ဒါပေမဲ့ မချစ်သင့်ဘူးလို့ သတ်မှတ်ထားတဲ့ အခြေအနေတွေက ဟိုးအရင်တုန်းကရော အခုရော အတူတူပါပဲကွယ်………… ဘာဆို ဘာမှ မပြောင်းလဲခဲ့ဘူး……. အရာရာဟာ အရင်အတိုင်းပဲ မင်းထွက်သွားကတည်းက ဒီအတိုင်းပါပဲ.. မချစ်သင့်ဘူးဆိုတဲ့ အခြေအနေရော.. ချစ်ခဲ့တယ်ဆိုတဲ့ စိတ်ခံစားချက်ရောပေါ့……….

+ပြည့်စုံ +

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)