ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, February 23, 2015

=== ခင်မြတင်====

>
ခင်မြတင်ဟာ တစ်လောကလုံးကို အနိုင်ယူဖို့ မွေးဖွားလာတာဟု ဘာသာကြွေးကြော်တတ်၏။ ဘဝဆိုတာ ဖြစ်ချင်ရာ ဖြစ်လာတာကို ခါးစည်းခံဖို့ မဟုတ်ဘူး လိုသလို ဖန်တီးယူဖို့ဟု ခင်မြတင်က ဆိုတတ်သည်။ လူဆိုတာ နာမည်ဂုဏ်သိက္ခာထက် ဘယ်ဟာမှ တန်ဖိုးထားစရာမလိုဟုလည်း ပြောတတ်သည်။ ပြောသည့်ဆိုသည့်အတိုင်းလည်း မည်သူမှ လက်ဆုပ်လက်ကိုင် အပြစ်တင်စရာမရှိလေတော့ မနာလိုသူများက ရှေ့တင် ပုတ်ခတ်ဖို့ အခွင့်ရေးမရကြ။ ခင်မြတင်ကွယ်ရာ၌သာ ကဲ့ရဲ့ အတင်းဆိုကြလေသည်။ လိုသလို ဖြစ်မှာပေါ့ အထက်ရောက်ဖို့တွက် ဘယ်သူ့ကိုမဆို ချနင်းဖို့ ဝန်လေးသူမှမဟုတ်တာ၊ ပြောအားရှိမှာပေါ့၊ ပိုက်ဆံနောက်ပဲ လိုက်နေတာ စသည်ဖြင့် တိုးတိုးတိတ်တိတ် ပြောတတ်ကြ၏။ ခင်မြတင်ကြားသွားမှာတော့ အင်မတန်လန့်ကြသည်။ ခင်မြတင်ရှေ့တင်တော့ အားလုံးက အလိုက်အထိုက် ရယ်ရယ်ပြုံးပြုံးနှင့် ခင်မြတင်၏ အောင်မြင်မှုကို ကောင်းချီးပြုကြလေသည်။ တခါတော့ ခင်မြတင် အကျနာပြီဟု အားလုံးက ထင်မှတ်ပြီး ကျိတ်ပျော်နေကြသည်။ ခင်မြတင်၏ သို့လောသို့လော ဇာတ်လမ်းတစ်ပုဒ်ထွက်လာသည် မဟုတ်လား။ လူအများရှေ့မှာ ဟန်ပန်မာန်တခွဲသားနှင့် ခင်မြတင်က သူ့ထက်ငယ်ရွယ်သူတစ်ဦးနှင့် မဖွယ်မရာ ပြုကျင့်သည် ဆိုသော ကိစ္စသည် ခင်မြတင်ကို မလိုသူတို့အတွက် သတင်းကောင်း ခေါင်းစဉ်အကြီးစားဖြစ်လေသည်။ ထိုအကြောင်းက ခင်မြတင်နားသို့ရောက်လာသည်။ မရောက်လို့လည်း မဖြစ် ခင်မြတင်မသိဘဲတော့ ခင်မြတင်ကို ထိဖို့ မဖြစ်နိုင်သည်ကိုး။ ခင်မြတင်က ကွယ်ရာမှာပြောကြဆိုကြသည်များကို အရေးမလုပ်တတ်သည်ကိုး။ ခင်မြတင်သည် ကြားလျှင်ကြားချင်း ဒေါသဖြစ်၏။ ထို့နောက် ထုံးစံအတိုင်း မိမိစိတ်ကို ဆောက်တည်ကာ မည်သည့်အရာကိုမဆို ထိပ်တိုက်ဖြေရှင်းတတ်သော ထုံးစံအတိုင်း တွေ့ဆုံပွဲတစ်ခု ဖန်တီးကာ အဆိုပါ ငယ်ရွယ်သူကို လူကြားထဲ ဆွဲခေါ်လာသည်။ ခင်မြတင်အား စောင့်ကြည့်နေသူများသည် ထိုသို့မမျှော်လင့်ထားရကား ထိတ်လန့်လျက်ရှိကြ၏။ ဟုတ်ပြီ ဟောဒါ မောင် ဘယ်သူပဲ။ ဘယ်သူ့ဆီက သတင်းစကြားတယ်ဆိုတာသာ ပြောကြ ဟု ခင်မြတင်က မေးလေရာ အားလုံးသည် ဟိုလူဆီက ကြားသလိုလို သည်လူဆီက ကြားသလိုလို ကြားသောသတင်းကိုပဲ သေချာမသိသလိုလို ခုမှသိရသလိုလိုနှင့် ယောင်အအ ရောချနေကြ၏။ ခင်မြတင်သည် ဝတ်ကောင်းစားလှဝတ်ထားကြသော အမည်သတင်းကျော်ဇောကြသော ခင်မြတင်တို့ အသိုင်းအဝိုင်းကို ထိတ်လန့်နေသည့် သူငယ်အား အသင့်ပြင်ဆင်ထားသော စင်မြင့်ပေါ်သို့ လက်ဆွဲခေါ်သွားပြီး သား ပြောပြလိုက်စမ်း မင်းနဲ့ အစ်မနဲ့ မရိုးမသား တွေ့ဆုံဖူးတာ ရှိသလားဟု မေးလေသည်။ သူငယ်သည် ထစ်ထစ်အအဖြင့် မရှိပါဘူး ကျွန်တော့် အမေ မကျန်းမာတုန်းက ရုံးဆင်းတိုင်း အစ်မက ဆေးရုံလိုက်ပို့ပေးတာကို တမျိုးထင်ကြတာ ဖြစ်ပါလိမ့်မယ်ဟု ဆိုလေသည်။ သူငယ်သည် ထိုသို့ပြောပြီးသည်နှင့် တွေ့ဆုံပွဲနှင့် ဝေးရာထွက်သွားရ၏။ ခင်မြတင်သည် မည်သူက သတင်းစဖြန့်သည်ကို သိပြီးသားဖြစ်သည့်အတိုင်း ထိုသူရှေ့ကိုသွားကာ မျက်နှာကို စေ့စေ့ကြည့်လျက် လာလေ စားစရာသွားယူကြမယ်ဟု ပြောကာ စားစရာများခင်းကျင်းထားသော စားပွဲရှည်ကြီးဆီသို့ ထွက်သွားလေသည်။ သတင်းလွှင့်သူသည် ခင်မြတင်နောက်ကို မဝံ့မရဲလိုက်ကာ မျက်နှာပျက်ကို ထိထိမိမိ မဖုံးကွယ်နိုင်ဘဲ စားစရာများ ထည့်နေရလေသည်။ ထိုကိစ္စပြီးနောက် ခင်မြတင်၏အတင်းဖျင်းသည် မည်သည့်ခါမှ ခင်မြတင်နားထဲရောက်လာသည်ထိ မပေါက်ကြားတော့ချေ။ သို့တိုင် ကောင်လေးကကြောက်မှာပေါ့ သူပြောခိုင်းသလိုပဲ ပြောရမှာပေါ့ အလုပ်ရှင်ပဲ၊ ဟိုက ပြောပြီးတာနဲ့ မျက်စိမျက်နှာပျက်နဲ့ ထွက်သွားရတာမတွေ့ဘူးလား ယောက်ျားလေးဆိုတော့ ရှက်ရှာမှာပေါ့၊ အင်မတန် မျက်နှာပြောင်တိုက်ရဲတဲ့ မိန်းမပဲ စသည်ဖြင့် ကွယ်ရာမှာ ပြောကြဆိုကြမည်ကို ခင်မြတင်သိလေသည်။ တနေ့နေ့ တချိန်ချိန်တော့ မဖုံးနိုင် မဖိနိုင် ပေါ်လာမှာပါဟု ငြိုးထားကြမှာပေါ့။ မိမိက အနေအထိုင် ပိရိမှဖြစ်မည်။ ထိုသူတို့သည် ခင်မြတင်အား မလိုမုန်းထား ဖြစ်လွန်းမကဖြစ်ကာ ကွယ်ရာ၌လုပ်ကြံပြောဆိုရသည်ကို အလွန်ပင် အာတွေ့နေကြမည်။ တခါတခါ ရှေ့တွင်မလှန်ရဲသမျှ ကွယ်ရာမှာ မဟုတ်ကဟုတ်က ပက်ပက်စက်စက်ပြောထားသမျှကိုလည်း အမှန်ဟုပင် ထင်မှတ်ယုံကြည်လာကြမည်။ ကွယ်ရာမှာ ပြောသမျှကတော့ ခင်မြတင်ရှေ့ မည်သူမှ စကားပို့ စကားသယ်မလုပ်ရဲတော့ ပြောလိုဆိုလိုကြသူတွေကြားထဲမှာပင် လှည့်ပတ်နေကြလိမ့်မည်။ ခင်မြတင်အမှန်တကယ် ကျူးလွန်သော ကိစ္စများသည်လည်း မဟုတ်မမှန်သည်များနှင့် ရောထွေးသွားလေမည်။ အဓိက ကိုလေးနားထဲသို့ ရောက်မည်မဟုတ်။ ရောက်ကလည်း ကိုလေးသည် ထိုသို့သော ကိစ္စများကို စိတ်ဝင်တစားမရှိလှ။ မတော်တဆ စိတ်ဝင်စားပါကလည်း ခင်မြတင်ကို လက်ညှိုးထိုးခွင့်မရှိချေ။ ထိုသို့ဖြစ်နေရကား ခင်မြတင်သည် အေးအေးသက်သာ စင်ပေါ်မှသာ။ ခင်မြတင်သည် သူငယ်စဉ်က အဘွားဖြစ်သူ အမြဲပြောတတ်သည်ကို နားထဲစွဲနေ၏။ အဘွားမြေးလေးဟာ ဘုန်းကြီးရွေးပေးတဲ့ နာမည်ကိုက အထက်စီးဆန်လွန်းတယ် ဘယ်တော့မှ သူများအောက်ကျမှာ မဟုတ်ဘူး၊ ဘဝတလျှောက်လုံး နွံမနစ်မယ့်နာမည်ပဲဟု အဘွားက ပြောသည်။ ခင်မြတင်ကို မွေးတုန်းက အိမ်နားမှာ ပုဏ္ဏားအိုကြီးနှစ်ယောက် လာမေးတယ် ဒီနီးနားတဝိုက် ကလေးမွေးတာရှိသလားဆိုပြီးတော့ အဘွားတို့က ရှိတယ်ပေါ့ ဘာများဖြစ်လို့လဲဆိုတော့ ဇာတာအလွန်ကောင်းတဲ့ ကလေးပဲ ဘုန်းရှင်ကံရှင်ပဲလို့ ပြောကြတယ်တဲ့ ဒီကလေးကို နိုင်ထက်စီးနင်းလုပ်တဲ့သူတွေ မကောင်းကြံသူတွေ သိပ်များမယ် မစိုးရိမ်နဲ့ အနိုင်ကျင့်သူတွေပဲ ထိလိမ့်မယ် ဒီကလေးကိုတော့ ဘယ်သူမှထိလို့မရဘူးလို့ ပြောပြီး ထွက်သွားကြတယ်တဲ့ ဟု ခင်မြတင်က သူငယ်ချင်းများကို ပြောပြတတ်သည်။ ထိုအခါကစပြီး သူငယ်ချင်းများသည် ခင်မြတင်ကို အလိုလိုက်ဆက်ဆံရလေသည်။ ခင်မြတင် အရွယ်ရောက်လာသောအခါ ထင်ထင်ရှားရှားမရှိသော မျက်နှာအထားအသိုကြောင့် လူကြားထဲ မပေါ်လွင်လှ။ ပိုးပန်းသူလည်း မရှိလှ။ သို့သော်လည်း ထင်ပေါ်ချင်သော ခင်မြတင်က ပြင်တတ်ဆင်တတ်အောင်အားထုတ်သည်။ ကလက်တက်တက် အဝတ်အစားများကို မဝတ်။ အမြဲတစေ ရင်ဖုံးနှင့် လုံချည်ခြေမျက်စိဖုံးနှင့် ဆံပင်ရှည်ရှည်နှင့် အိနြေ္ဒရရ တည်တည်ခန့်ခန့်ဖြစ်အောင် ဝတ်ဆင်သည်။ မျက်နှာကိုလည်း မိတ်ကပ်များများစားစားလိမ်းချယ်ထားသည်ဟု မသိသာအောင် နဂိုယဉ်နှင့် ပင်ကိုယ်အလှဟုထင်ရအောင် အရောင်ပြေပြေများကို ရွေးချယ်ခြယ်သသည်။ ထိုအခါ ခင်မြတင်၏ ဟန်ပန်သည် ခေတ်အလိုက် ဝတ်စားဆင်ယင်ထုံးဖွဲ့တတ်ကြသော ရွယ်တူမိန်းကလေးများနှင့် မတူထူးခြားလာသည်။ ခင်မြတင်သည် အပေါင်းအသင်းကိုလည်း အနေအေးသူများကို ရွေးပေါင်းသည်။ သူငယ်ချင်း အသစ်တစ်ယောက် ရလျှင် ထိုသူငယ်ချင်းကို ထမင်းဘူးသယ်ပေး လွယ်အိတ်လွယ်ပေး စသည်ဖြင့် အနွံတာခံ လိုက်လုပ်ပေးတတ်သည်။ မကြာမီတွင် ထိုသူငယ်ချင်းသည် ခင်မြတင်ခိုင်းလိုရာခိုင်း စေလိုရာစေ ခင်မြတင်ကို လိုလေသေးမရှိ ပြုစုယုယရသူဖြစ်လာသည်။ ခင်မြတင်၏ အကျင့်တစ်ခုက အချိန်အပိုင်းခြား တစ်ခုတွင်းမှာ သူငယ်ချင်း နှစ်ယောက်သုံးယောက်စသည် ပြိုင်တူမတွဲ။ ခင်မြတင်၏အနီးနားမှာ အမြဲတစေ အရင်းနှီးဆုံး သူငယ်ချင်း တစ်ယောက်သာရှိတတ်သည်။ ထိုသူငယ်ချင်းတစ်ယောက်သည်လည်း ခြောက်လတစ်နှစ်တန်သည် တွဲပြီးက အသွားအလာ အခေါ်အပြောတန့်သွားတတ်သည်။ ခင်မြတင်အနီးနားရှိယောက်ျားများသည် ခင်မြတင်မှခင်မြတင် သည်းသည်းလှုပ်တတ်ကြ၏၊ ခင်မြတင်ကို မရလျှင် သေရပါတော့မည်ဟုဆို၏၊ များသောအားဖြင့် သူငယ်ချင်းဖြစ်သူနှင့် ပတ်သက်သော ယောက်ျားသားများသည် ထိုသို့ဖြစ်တတ်ကြ၏၊ ခင်မြတင်၏ သူငယ်ချင်းက စိတ်ဝင်စားသော သူသည် အမြဲတစေပင် ခင်မြတင်ကိုသာ စိတ်ဝင်စား၏၊ ထိုအခါ ခင်မြတင်သည် မနာလိုသူ သူငယ်ချင်း၏ အပုပ်ချခြင်း သစ္စာဖောက်ခြင်း ခံရသည်ဟု မိတ်ကံခေသူခင်မြတင်က အလွန်ပင်စိတ်ထိခိုက်သော လေသံနှင့် ပြောပြတတ်လေသည်။ ထိုသို့ပြောပြီးတိုင်းမှာလည်း ခင်မြတင်ဘေးကို သူငယ်ချင်းတစ်ယောက်မဟုတ် တစ်ယောက် ထပ်ရောက်လာသည်ပင်။ ခါတိုင်း ခင်မြတင်၏ သူငယ်ချင်းသည် မလှမပများဖြစ်သော်လည်း တခါတော့ ချောချောလှလှ လူကြိုက်များသော သူငယ်ချင်းတစ်ယောက် ရလာ၏။ ခင်မြတင်ကတော့ သူ့လောက် လှသည်ဟုမထင်၊ ၄င်းသည် အသားဖြူသော်လည်း ဆွဲဆောင်မှုမရှိ၊ အဝတ်စားများသည် အရောင်တောက်ပသစ်လွင်ဟန်ရှိသော်လည်း အပေါစားဆန်သည်၊ ခင်မြတင်က အရောင်မှိန်မှိန်ငြိမ်ငြိမ်နှင့် ဈေးကြီးသော အဝတ်ထည်များသည် ဝတ်သည်ဆိုတော့ ခင်မြတင်လို ခန့်ထည်ခြင်းမရှိ၊ ဆံညှပ်အစ ဖိနပ်အဆုံး တစ်ကိုယ်လုံးဆင်ထားသမျှ ခင်မြတင်၏ လက်ကိုင်အိတ်တစ်အိတ်စာဖိုးရှိမည်မဟုတ်၊ ပြီးတော့ သူငယ်ချင်းသည် ခပ်တည်တည်မနေတတ်၊ အမြဲတစေ ရယ်စရာများပြောဆိုနေတတ်ရာ လူကြိုက်များကောင်းများမည်ဖြစ်သော်လည်း မည်သူမှ စွဲစွဲမြဲမြဲချစ်မည်မဟုတ်၊ စသည်ဖြင့် ခင်မြတင်က ထိုသူငယ်ချင်းအား ဈေးလျှော့လိုက်လေသည်။ ထိုသူငယ်ချင်းသည် ခင်မြတင်နှင့် ဘယ်လိုပြိုင်ပြိုင် အနိုင်ရမည်မဟုတ် အနည်းဆုံး ခင်မြတင်လို ပုဏ္ဏားနိမိတ်ဖတ်ပြီး မွေးလာသူမဟုတ် ခင်မြတင်လို အထက်တန်းဆန်သော နာမည်မရှိမဟုတ်လား။ နှင်းပွင့်ခိုင် ဆိုသောနာမည်သည် ပျော့ညံ့လွန်းသည် မဟုတ်လား။ ခင်မြတင်သည် နှင်းပွင့်ခိုင်နောက် တကောက်ကောက်လိုက်သူများကို ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံ၏။ နှင်းပွင့်ခိုင်က ထိုသူများကို မကြိုက်ဆိုမကြိုက် အထပ်ထပ်သာငြင်းတတ်သည်။ ထိုအခါမျိုးမှာ ခင်မြတင်က နှင်းပွင့်ခိုင်အား နှစ်ကိုယ်ကြားစကားဆုံးမတတ်သည်။ မိန်းကလေးဆိုတာ အဲလို အပြတ်မငြင်းရဘူး မတော်ကိုယ့်ရန်လုပ်ရင် ဘယ့်နှယ့်လုပ်မလဲ ဒါကြောင့် နှင်းပွင့်ကငြင်းနေပေမဲ့ မြက အလိုက်ထိုက်ဆက်ဆံတာဟု ပြော၏။ နှင်းပွင့်ခိုင်သည် ခင်မြတင်စကားကို မနာခံ၊ မကြိုက်တာကြီးကို ကြိုက်သယောင် မျှော်လင့်ချက်ပေးသယောင် မလုပ်နိုင်ဟုဆို၏။ ချောချောခန့်ခန့် ငွေကြေးပြည့်စုံသော အစ်ကိုကြီး တစ်ယောက်ကိုလည်း နှင်းပွင့်ခိုင်က လူကြားထဲမှာ မျက်နှာရှစ်ခေါက်ကျိုးနှင့် မောင်းထုတ်သည်။ ခင်မြတင်က အစ်ကိုကြီးကို အားနာဟန်ပြသည်။ ဗွေမယူပါနဲ့ အစ်ကို နှင်းပွင့်က အဲလိုပဲ ကလေးဆန်တယ် မရင့်ကျက်သေးဘူး မြပဲ သူ့ကို ညီမလေးလို လိုက်ထိန်းနေရတာလေ စသည်ဖြင့် နှင်းပွင့်ခိုင်ရှေ့မှာ ပြောဆို၏။ မကြာမီမှာ ထိုအစ်ကိုကြီးသည် နှင်းပွင့်ခိုင်ကို ညီမလေးသဖွယ်သာ ဆက်ဆံပြီး ခင်မြတင်မှ ခင်မြတင်တန်းတန်းစွဲလေသည်။ နှင်းပွင့်ခိုင်သည်လည်း ခင်မြတင်နှင့် ခွာပြဲ၏။ ထိုအခါ မိမိအမြဲတမ်း မင်းသမီးနေရာရခဲ့သော်လည်း နှင်းပွင့်ခိုင်ကြောင့် ဇာတ်ရံလိုလို ဖြစ်နေရသည်ကို မနှစ်သက်သော ခင်မြတင်လည်း ဝမ်းသာလေ၏။ ဘာပဲပြောပြော နှင်းပွင့်ခိုင်ဟာ ခင်မြတင်လို အဆံမရှိ အခွံသာလှနေတာ တကယ်တမ်း တေ့တေ့ဆိုင်ဆိုင်ဆို ခင်မြတင်သာ အောင်နိုင်ရသည်ဟုတွေးကာ ကျေနပ်လျက်ရှိလေသည်။ နှင်းပွင့်ခိုင်၏ အစ်ကိုကြီးကို ခင်မြတင်က မိမိသည် ပညာရေးကို ဦးစားပေးအဆင့်ထားသောကြောင့် ပြန်မကြိုက်နိုင်သေးပါဟု ယဉ်ယဉ်ကျေးကျေးငြင်းလိုက်၏။ ထိုအစ်ကိုကြီးကလည်း ခင်မြတင်ပြောသည်ကို စိတ်ဆိုးခြင်းမရှိ။ ခင်မြတင်သည် အမှန်တကယ်ပင် စာကို အပတ်တကုတ်ကြိုးစားတတ်သူမဟုတ်လား။ ပညာရေး ဒေါင်ဒေါင်မြည်နေမှ လှလည်းလှ ထက်လည်းထက်မြက် တော်လည်းတော်သော မိန်းမကောင်းဖြစ်လာမည် ထိုအခါ ခင်မြတင်ကို မည်သူမှ လက်ညှိုးတချက်ထိုးရဲမည်မဟုတ်ဟု ငယ်စဉ်ကပင် ခေါင်းထဲ ရိုက်သွင်းခံခဲ့ရသည်မဟုတ်လား။ ခင်မြတင်သည် ငယ်စဉ်ကတည်းက အတန်းထဲမှာ အဆင့်နှစ်သုံးထဲ မဝင်လျှင် စိတ်အဆင်းရဲကြီးဆင်းရဲ၏။ အထူးသဖြင့် ခင်မြတင်၏ တစ်ဦးတည်းသော ညီမက အမြဲသာအဆင့်တစ် ရနေသောကြောင့် သာဆိုးတော့သည်။ ညီမဖြစ်သူကို မိဘများက ချီးကျူးသံ ကြားရတိုင်း အဆင့်တစ်နှစ်တိုင်းမရသော ကိုယ့်ဘာသာ မခံချိမခံသာဖြစ်ကာ အခန်းတံခါးပိတ်ပြီး စာကိုသာ ကြိတ်မှိတ်ကျက်လေ၏။ အထက်တန်းအောင်ပြီး မျှော်မှန်းသော ဆေးကျောင်းမတက်ရဘဲ ဥပဒေသာ တက်ခွင့်ရသောအခါ ခင်မြတင်သည် ညီမဖြစ်သူယဉ်ယဉ်မြင့်ကို မကျေနပ်။ ယဉ်ယဉ်မြင့်ဟာ စာကို အသံကျယ်ကျယ်အော်ကျက်တတ်လို့ ခင်မြတင် ဆယ်တန်းဖြေခါနီးကို ရှစ်တန်းဖြစ်တဲ့ သူက ပိုအရေးတကြီး စာကျက်နေလို့ အဖေနှင့် အမေက ခင်မြတင်ထက် ယဉ်ယဉ်မြင့်ကို ပိုအလေးပေးလို့ ခင်မြတင် အမှတ်မကောင်းတာဖြစ်သည်ဟု ယုံကြည်၏။ ခင်မြတင်သည် ဥပဒေဘာသာကို စိတ်ဝင်စားလှသည်မဟုတ်ဘဲ တက်ခဲ့ရသော်လည်း ထုံးစံအတိုင်း ကြိုးစားသည်။ ထိုအခါ ဥပဒေအတန်းတွင် ခုံနံပါတ်တစ်နေရာ ချိတ်လာနိုင်သည်။ ညီမဖြစ်သူဆယ်တန်းနှစ်မှာတော့ ခင်မြတင်က မိမိညီမကို တခြားသူများထက် သာစေချင်ပြန်ကာ တတ်စွမ်းသလောက် စာကူလုပ်ပေး၏။ တကယ်တမ်း ယဉ်ယဉ်မြင့် ဘာသာစုံဂုဏ်ထူးထွက်၍ တမိသားစုလုံး ပျော်မဆုံး ဖြစ်နေချိန်မှာတော့ အနာဟောင်းက တမြေ့မြေ့လောင်ပြန်သည်။ ယဉ်ယဉ်မြင့်ဆေးကျောင်းကို ကြွကြွလေး တက်နိုင်ဖို့ ဖခင်ဖြစ်သူက ကားတစ်စီးဝယ်ပေးသည်။ ခင်မြတင်သည် ယဉ်ယဉ်မြင့်ကားပေါ်သို့ တက်ပင်မထိုင်ကြည့်ချေ။ တနေ့နေ့ တချိန်ချိန် ကိုယ်ပိုင်ဝင်ငွေနှင့် ကားဝယ်စီးမည်ဟု သန္နိဌာန်ချထားလေ၏။ ခင်မြတင်သည် တက္ကသိုလ်နောက်ဆုံးနှစ်မှာ ရှောင်ကြဉ်ကြလေပြီဖြစ်သော သူငယ်ချင်းများထက် သာရမည်ဟု သစ္စာပြုကာ အားသွန်ခွန်စိုက် ကြိုးစားသည်။ ယခင်ကထက် ပိုမိုမျက်နှာထား တည်ကြည်လာသော ခင်မြတင်အား မာနကြီးသူ၊ ဆုတ်ချည်ခွာချည်ပူးချည် လုပ်တတ်သူကို စိတ်ဝင်စားတတ်ကြသည့် လူ့သဘာဝအတိုင်း ချဉ်းကပ်လိုသူပုရိဿလည်း မနည်းမနောပေ။ ခင်မြတင်သည် အားလုံးကို မှန်တန်းဆက်ဆံပြီး ဟိုမရောက် သည်မရောက်သာ ထားလေ၏။ မည်သူနှင့်မှ အတည်တကျ မကြိုက်လေ တန်ဖိုးတက်လေဆိုသော အရွယ်ဖြစ်လေတော့ ခင်မြတင် အဖို့ အကျမရှိ အတက်သာရှိလေသည်။ သို့သော်လည်း ခင်မြတင်သည် ဆန့်ကျင်ဘက်လိင်နှင့် ကင်းကွာ၍မနေနိုင်တတ်သည့် မိမိသဘောကို ရိပ်မိသိရှိသည့်အလျောက် အနီးနားမှာ ယောက်ျားသားများ ဝိုင်းနေသည်ကိုမူ ကန့်ကွက်ခြင်းမရှိ။ မည်သူ့ကိုမဆို စွဲလမ်းသည်ထက် စွဲလမ်းအောင် တပ်မက်သည်ထက် တပ်မက်အောင်သာ ကြိုးပန်းသည်။ သို့နှင့် ကျောင်းပြီးလို့ အလုပ်ဝင်သည်ထိ ရည်ရွယ်သူအတည်တကျမရှိ။ ခင်မြတင်သည် လုပ်ငန်းခွင်ထဲရောက်တော့လည်း သူများထက်သာအောင် ကြိုးစားသည်။ မြင့်သထက်မြင့်အောင် ကြံဆောင်သည်။ ကားတစ်စီးကိုယ်ပိုင် ဝယ်စီးနိုင်သောနေ့သည် ခင်မြတင်အဖို့ စိတ်နေအမြင့်ဆုံးနေ့ဖြစ်ခဲ့သည်။ နောက်ပိုင်းမှာတော့ ဆေးရုံလစာ မဖြစ်စလောက်နှင့် ဆေးခန်းမကောင်းလှသော ယဉ်ယဉ်မြင့်ကို ကြည်ကြည်ဖြူဖြူပင် ထောက်ပံ့ခဲ့သည်။ မိဘများရှေ့ဆင့်နောက်ဆင့် ကွယ်သွားပြီးနောက် ယဉ်ယဉ်မြင့်က ဘဝတူဆရာဝန်လေး တစ်ဦးနှင့် လက်ထပ်ချိန်မှာ ခင်မြတင်က နာမည်ရနေသော ဥပဒေအကြံပေး ကုမ္ဗဏီကို တည်ထောင်ပြီး ဖြစ်လေရာ ညီမဖြစ်သူ မင်္ဂလာပွဲကို ခမ်းခမ်းနားနား စီစဉ်ပေးနိုင်ခဲ့သည်။ ဆရာဝန်မဖြစ်ခဲ့ရသော ဘဝကိုလည်း မကျေမနပ်ဖြစ်မနေတော့ဘဲ မိမိလောက် ဝင်ငွေမကောင်းလှသော တစ်ဦးတည်းသော ညီမကို အငြိုးပြယ်လေပြီ။ ယဉ်ယဉ်မြင့်ကမူ သူ့အစ်မက သူ့အား အငြိုးတေးထားခဲ့ဖူးသည်ကိုပင် မသိရှိ မရိပ်မိဘဲ ချစ်ခင်အားကိုးမြဲဖြစ်လေသည်။ ယဉ်ယဉ်မြင့် သားဦးလေး မွေးသောနေ့က မိသားစုထဲတွင် ဖခင်မှလွဲ၍ ယောက်ျားသားမရှိရကား တအိမ်လုံးက သည်းသည်းလှုပ်ကြ၏။ ခင်မြတင်သည် တူလေးကို ကြည့်မဝသော်လည်း တူလေးအား လာရောက်ကြည့်ရှုချီးမြှောက်ကြသူတိုင်းက အိမ်ထောင်မကျသေးသော ခင်မြတင်ကိုချည်း ဘယ်တော့လဲ နောက်ကျနေပြီလေ စသည်ဖြင့် စနောက်နေကြရာ အလုပ်ရှိသေးသည် အကြောင်းပြပြီး အိမ်မှထွက်ကာ ရောက်တတ်ရာရာ ကားမောင်းလျှောက်သွားနေလေသည်။ ထို့နေ့မှ စ၍ မိမိသည် အိမ်ထောင်ပြုဖို့ကို ဂုဏ်တစ်ခုအနေနှင့် လိုအပ်ပြီဟု ယူဆကာ ကာလတာရှည် ကြိုးဆွဲခဲ့သူများအား ပြန်ဆန်းစစ်၏။ သို့သော် အတော်များများ အကောင်းစားယောက်ျားတို့သည် ခင်မြတင်ကို မစောင့်နိုင်သည့်အဆုံး အိမ်ထောင်ပြုပြီးကြလေပြီ။ ခင်မြတင်သည် သည်အတိုင်းတော့ လက်ကျန်ရှင်းတမ်း မလုပ်နိုင်ဟု မာန်တင်း၏။ မိမိသည် မည်သည့်ခါမှ အောက်ကျနောက်ကျ မဖြစ်စေရဟု စိတ်ပိုင်းဖြတ်ကာ အကောင်းတကာ့ အကောင်းဆုံး ယောက်ျားကို ရဖို့ အားထုတ်သည်။ ခင်မြတင်သည် ကျောင်းတက်ဖက်များအား မျက်စိမချတော့ဘဲ လုပ်ငန်းရှင်များထဲမှ လူလွတ်တို့ကို အကဲဖြတ်လေသည်။ မိမိယူမည့် လင်ယောက်ျားသည် မတ်ဖြစ်သူထက်တော့ သာနေရမည်ဆိုသည့်စိတ်နှင့် စစ်တမ်းကောက်ရာ တစ်ယောက်မျှပင် မကျန်ဖြစ်၏။ တကယ်တမ်းတော့ ပြည့်စုံပြီးသား လင်တစ်ယောက် ရဖို့ကိစ္စသည် မလွယ်လှ ဆိုသည်ကို ထိုအခါမှ သဘောပေါက်လေသည်။ ယဉ်ယဉ်မြင့်ယောက်ျားသည် ယဉ်ယဉ်မြင့်နှင့် စတင်ချစ်ကြိုက်စဉ်က ပြည့်စုံနေသည်မဟုတ်၊ အဆင်မပြေကြသေးခင်ကတည်းက တစ်ဦးနှင့်တစ်ဦး နားလည်ပေးပြီး အတူရုန်းကန်ခဲ့ရသည်ကို ခင်မြတင် သတိမမူမိ။ နောက်ပြီး ခင်မြတင်သည် အတူလက်တွဲပြီးမှ ရုန်းကန်လိုသူမဟုတ်။ ခင်မြတင်ကိုယ်တိုင်က ပညာဓနအဆင်းအချင်း ပြည့်စုံပြီး ဖြစ်လေသည်မဟုတ်လား။ ဆိုတော့ အလားတူ ဟာကွက်မရှိသူကိုသာ ရမှဖြစ်ချေမည်။ ကံတရားသည် ခင်မြတင်ဘက်မှာပင်ရှိသေးသည်လားမပြောတတ်။ ခင်မြတင်သည် မိမိနည်းတူ အောင်မြင်သော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရှင် လူပျိုကြီးတစ်ယောက်နှင့် ဆုံလေသည်။ ကိုလေးသည် မြန်မာပြည်မှာ သာမာန်ဘွဲ့တစ်ခုသာ ရထားသော်လည်း ညံ့သူမဟုတ် ငယ်စဉ်ကပင် သံရုံးဝန်ထမ်း မိဘများနောက်သို့လိုက်ရင်း နိုင်ငံပေါင်းစုံရောက်ဖူးကာ နိုင်ငံခြားတက္ကသိုလ်တစ်ခုမှ မဟာသိပ္ဗံဘွဲ့ကို ပိုင်ဆိုင်ထားလေသည်။ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန် သုံးဘာသာကို လည်လည်ဝယ်ဝယ်ပြောတတ်ခြင်းကလည်း မြန်မာနှင့် အင်္ဂလိပ် နှစ်မျိုးသာတတ်သော ခင်မြတင်အဖို့ အထင်ကြီးဖွယ်ကိစ္စဖြစ်သည်။ ခင်မြတင်သည် ကိုလေးနှင့် ကျွမ်းဝင်လာသောအခါ ကိုလေး အိမ်ထောင်မကျရသေးခြင်း၏ အကြောင်းရင်းကို ရိပ်မိသည်။ ထိုအခါ သာ၍ပင် ဝမ်းမြောက်၏။ ကိုလေးသည်လည်း ခင်မြတင်လိုပင် လေယူရာ ယိမ်းမလိုနှင့် သာရာနောက်သာ ပါတတ်သည် မဟုတ်လား။ ထိုအချက်သည် အပြစ်ဆိုဖွယ်မဟုတ်။ အကယ်၍ ခင်မြတင်နှင့် စွဲမြဲသည်ဆိုလျှင် ခင်မြတင်သည် ကိုလေး၏ အရင့်အရင်များထက် သာသည့်သဘော အလိုလို သက်ရောက်တော့မည်သာ။
ကိုလေးကို အရယူဖို့ မလွယ်မှန်း ခင်မြတင်ကောင်းစွာသိ၏။ သို့သော်လည်း ခင်မြတင်သည် တခြားလူမဟုတ်။ ယောက်ျားဆိုသည်ကလည်း ခေတ်သာပြောင်းလာမည် မရတာဆို ပိုလိုတတ်သော သဘောသည် မပြောင်း။ ဆိုတော့ ခင်မြတင်၏ လွယ်မယောင်နှင့် ခက်သော အထာပေးသည် အသုံးဝင်လှလေသည်။ မိန်းမတိုင်းကတော့ ကိုလေးလို အတွေ့အကြုံများလှသော လူကို ထိုသို့ကျင့်ကြံ၍ မဖြစ်နိုင်သော်လည်း ခင်မြတင်လို အဖိုးထိုက်တန်ပြီးသား မိန်းမအဖို့ကား မာယာတစ်ခုတည်းသာ လိုလေရာ ကိုလေးနှင့် ခင်မြတင် မင်္ဂလာပွဲကို မျိုးစုံဇာချဲ့၍ ခြိမ့်ခြိမ့်သဲ ကျင်းပနိုင်ခဲ့လေသည်။ ခင်မြတင်သည် အိမ်ထောင်ကျပြီးနောက် ကိုလေး၏ မတည်ငြိမ်တတ်သော အနေအထားကို ပိုမို သိလာရသည်။ သို့သော်လည်း ကိစ္စမရှိ။ ပတ်ဝန်းကျင်မှာ ခင်မြတင်တို့ လင်မယား လူရိုသေရှင်ရိုသေဖြစ်နေဖို့ကသာ အဓိကဖြစ်သည်။ အိမ်ထောင်ကျပြီးသည့်တိုင် အရွယ်ရှိ အရွယ်ဟိုင်း မိန်းမများ ဝိုင်းဝိုင်းလည်နေဖို့ဆိုတာ တော်ရုံတန်ရုံ အောင်မြင်မှုမျိုးနှင့် မရနိုင်ဟု ခံယူကာ ခင်မြတင်က မနာလိုမဖြစ်သည့်အပြင် ဂုဏ်ပင်ယူလိုက်သေးသည်။ ထိုကိစ္စများကို လင်မယား စလိုက်နောက်လိုက် ထမင်းစားရေသောက်ပင် ပြောဆိုတိုင်ပင်နိုင်ရာ ကိုလေးကလည်း ခင်မြတင်နားမှခွာဖို့ စိတ်ပင်မကူး။ တခါတခါကျတော့လည်း ငါဟာ ကိုလေးအပေါ် နှစ်နှစ်ကာကာ မရှိလှလို့များ ဝန်တိုခြင်းကင်းလေသလားဟုတွေးမိ၏။ ကိုလေးကို ပြသနာ လုပ်ရလျှင်ကောင်းမလားဟုလည်း အခါခါတွေး၏။ သို့သော် ခင်မြတင်ကိုယ်နှိုက်က လင်မယား တကျက်ကျက်ဖြစ်ခြင်းက မတင့်တယ်ဟု သတ်မှတ်ထားရာ စိတ်ပျော်သလိုသာ နေလေသည်။ သို့သော် ခင်မြတင်သည် မည်သို့မည်ပုံ သတိလွတ်သည်မသိ။ သည်တကြိမ်တော့ ခင်မြတင်ဟာ တစ်လောကလုံးကို အနိုင်ယူဖို့ မွေးဖွားလာတာဟု မဟစ်ကြွေးနိုင်တော့။ ကိုလေးကလည်း နိုင်ငံခြားရောက်နေလေရာ ကူကယ်ရာမဲ့ ပူနေလေတော့သည်။ တတ်နိုင်လျှင် ပတ်သက်မိသော ထိုမသိသားဆိုးဝါးကောင်အား အရှင်လတ်လတ် မြေမြှုပ်ပစ်လို၏။ အော်ဟစ်ပေါက်ကွဲလိုက်လို၏။ မိမိ၏ အပူလုံး ရုပ်လုံးကြွလာတော့မည့်အချိန်တွင် ခင်မြတင်သည် စိတ်ဒုံးဒုံးချကာ ယဉ်ယဉ်မြင့်တို့ လင်မယားကို ချဉ်းကပ်ရတော့သည်။ ယဉ်ယဉ်မြင့်သည် သူ့အစ်မအား ကောင်းစွာ နားမလည်လှသော်လည်း မာနကျ၍ မဖြစ်သည့်အကြောင်းကိုတော့ ကောင်းကောင်း သိရှိကာ မလုပ်ချင်သော အလုပ်ကို လုပ်ရလေသည်။ စိတ်လက်လန်းဆန်းသွားသော ခင်မြတင်သည် ကိုလေး နိုင်ငံခြားမှ ပြန်ရောက်သည့်နေ့တွင် ယဉ်ယဉ်မြင့်တို့ လင်မယားအား မိဘလက်ရင်းအိမ်ဟောင်းကို ငှားပြီး မိမိ၏ ခမ်းနားလွန်းသော အိမ်ကြီးမှာ အတူနေဖို့ အမိန့်ချမှတ်၏။ မူကြိုတက်နေသော တူတော်မောင်အားလည်း ခါတိုင်းထက်ပို ဂရုစိုက်ယုယ၏။ တခါတရံ တူလေးနှင့် အတူစား အတူကစားကာ တူလေးအား ရင်ခွင်ထဲ ပိုက်ထွေးပြီး ပြုံးရယ်နေတတ်သည်။ ကိုလေးကလည်း တူလေးကို သားသားကြီး သားသားကြီးနှင့် ပါးစပ်ဖျားမှ မချ ချစ်ခင်လေသည်။ ခင်မြတင်တို့ လင်မယား သားသားကြီးကြောင့် ယခင်ကလောက် လမ်းမများတော့ဘဲ အတန်ငယ်ပင် တည်ငြိမ်လာကြသည်ကို ယဉ်ယဉ်မြင့်တို့ လင်မယားက သဘောကျသည်။ သို့သော် ဘဝဆိုတာ ဖြစ်ချင်ရာ ဖြစ်လာတာကို ခါးစည်းခံဖို့ မဟုတ်ဘူး လိုသလို ဖန်တီးယူဖို့ဟု ခင်မြတင်က သားသားကြီးကို သင်ပေးလေတိုင်း ယဉ်ယဉ်မြင့်တို့ မျက်ခုံးလှုပ်ရ၏။ ခင်မြတင်ကတော့ သားသားကြီး မမွေးခင် မေမေကြီးက ဗေဒင်တွက်တာလေ ဟု အစချီကာ သားသားကြီးသည် ဘုန်းကံအပြည့်နှင့် မွေးလာခြင်းဖြစ်ကြောင်း ပြောပြနေလေသည်။

 +ခိုင်စိုးလင်း+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)