ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, April 8, 2015

===ကိုမဲကြီး===

>
'ကိုမဲကြီး' ဆိုလျှင် တစ်ရပ်ကွက်လုံး ကလေးနှင့်ခွေးကအစ သိကြသည်။ သူနှင့် ဆက်ဆံဖူးသူတိုင်းက ချစ်ခင်ကြ၏။ အစောပိုင်းဆိုလျှင်တော့ 'ကိုမဲကြီး' ကိုဘယ်လိုလူပါလိမ့်ဟု တွေးကြမည်ဖြစ်သော်လည်း သူ့စရိုက်၊ သူ့အပြုအမူ အပြောအဆိုတို့ကို လေ့ကျက်မိသွားသူများ အဖို့တော့ 'ကိုမဲကြီး' သည် ခင်မင်နှစ်လိုဖွယ်ရာဆိုသည်ထက် ချစ်ခင်ဖွယ်ရာ လူတစ်ဦးပင်။ 'ကိုမဲကြီး'သည် အမည်နာမနှင့် လိုက်ဖက်စွာ အသားအရေမှာလည်း ညိုသည်ဆိုတာထက် မည်းသည့်ဘက်သို့ကဲသည်။ ဇရာကိုဖော်ညွှန်းပြနေသည့် အဖြူကျဲကျဲဆံစတို့ကိုလည်း မဖြီးမသင်၊ ဆီလိမ်းသည်ဆိုခြင်းမှာ သူ့အတွက် ခက်ခဲသောအရာတစ်ခုလို။ တစ်ခါတလေ စိတ်လိုလက်ရရှိမှသာ မီးဖိုချောင်အတွင်း ကြောင်အိမ်ပေါ်မှ ဆီပုလင်းထဲ လက်နှိုက်သည်။ ဆံပင်တင်ဖိုသီဖတ်သီမဟုတ်။ အဝတ်အစားများကိုလည်း ကပိုကရိုဝတ်လေ့ရှိ၏။ သူ့အဝတ်အစားဝတ်ဟန်သည် အဝေးမှမြင်လျှင်ပင် 'ကိုမဲကြီး'ပဲဟု သိစေနိုင်သည်။ ဆောင်းတွင်းဆိုလျှင် စွပ်ကျယ်ချိုင်းပြတ်၊ ပုဆိုးနှင့်နေတတ်သော 'ကိုမဲကြီး'သည် နွေရောက်ပြီဟေ့ဆိုလျှင် ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည်နှင့်။ ဖိနပ်စီးလျှင်လည်း အမြဲတစေ ညာဘက်တွင်အရောင်တစ်မျိုး၊ ဘယ်ဘက်တွင်တစ်မျိုး စီးတတ်သည်၏။ စတိုင်လ်လုပ်ခြင်းမဟုတ်။ သူ့စိတ်ထဲ စိတ်ကူးပေါက်သည့်အတိုင်း လုပ်တတ်ခြင်းပင်။ တစ်ခါတစ်ရံ မိန်းမဖိနပ် ကောက်စီးချင် စီးသွားတတ်သည်။ ဖိနပ်အမျိုးအစားကိုလည်းမကြည့်။ ခြေထောက်စွပ်၍ တော်သည်ဆိုလျှင် စီးချသွားတတ်သည်။ * * * * * စင်စစ် 'ကိုမဲကြီး'သည် မှတ်ဥာဏ်အနည်းငယ်ချို့ယွင်းနေသူဖြစ်သည်။ ငယ်စဉ်ကတည်းက မေ့တတ်၏။ အသက်အရွယ်ရလာသည့်နှင့်အမျှ မှတ်ဥာဏ်စွမ်းရည်လျော့လာရာမှ တဖြည်းဖြည်းနှင့် ချို့ယွင်းသည့်ဘက်သို့ ရောက်လာခဲ့သည်။ 'ကိုမဲကြီး' ငယ်စဉ်က ဝါသနာအရ လူရွှင်တော်အဖြစ် အသုံးတော်ခံဖူးသည်။ မိဘမောင်နှမများလည်း သဘင်မျိုးရိုးဖြစ်သည့်အပြင် သူကိုယ်တိုင်တွင်လည်း အပျော်အပြက်လုပ်တတ်သောဥာဉ်ရှိခြင်းကြောင့် လူရွှင်တော်ဘဝအား ခြေလှမ်းစခဲ့သည်။ သို့သော် သူ၏မေ့တတ်သောရောဂါသည် သူ့အား လူရွှင်တော်ဘဝအား အပြီးတိုင်စွန့်ခွာစေခဲ့သည်။ ဇာတ်ခုံပေါ်ရောက် ပြက်လုံးပြက်ချိန်မှ ကိုယ့်အလှည့်ပြောရမည့်ပြက်လုံး မေ့ကုန်သည်မှာ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်။ သည်လိုနှင့် ကျန်သောမောင်နှမများ သဘင်မျိုးဆက် ထိန်းသိမ်းနိုင်သော်လည်း 'ကိုမဲကြီး'မှာ သူချစ်သည့် အနုပညာကို သူ့ရင်တွင်း၌သာ စတေးလိုက်ရတော့သည်။ 'ကိုမဲကြီး' သည် ကြောက်လွန်း၍ ဆိုင်ကယ်စီးလည်းမသင်။ သင်ပေးလည်းမတတ်။ သူ့တစ်ကိုယ်တော် စက်ဘီးစုတ်လေးကိုသာ သ,နေတတ်သည်။ သူတစ်ခုခုလိုပြီဆိုလျှင် အမေ့ဆီ လက်ဖြန့်လိုက်ရုံသာ။ သူ့ကိုစိတ်မချသဖြင့် အိမ်သားများက ဘာမှမလုပ်စေဘဲထားသည်။ သူ့အတွက်ကလည်း အကုန်အကျများလှသည်မဟုတ်။ ကွမ်းဖိုးနှင့် လ္ဘက်ရည်ဖိုးသာ သူ့အတွက်လိုသည်။ 'ကိုမဲကြီး'အားလောဘနည်းသူ၊ လောဘမရှိသူဟု ပတ်ဝန်းကျင်က ဆိုကြ၏။ သို့ပေမယ့် 'ကိုမဲကြီး' တွင် တစ်ပတ်(၅)ရက် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လောဘရှိသည်။ အခြားမဟုတ်။ တစ်နေ့နှစ်ကြိမ်ဖွင့်သော ထိုင်းထီ(ခေါ်)နှစ်လုံးကစားခြင်းပင်။ နှစ်လုံးဖွင့်ရက်များတွင် တော့ 'ကိုမဲကြီး' တစ်ယောက် တနေကုန်အလုပ်ရှုပ်နေတတ်သည်။ များများစားစား ထိုးသည်လည်းမဟုတ်။ သူထိုးဖို့ပိုက်ဆံမရှိလျှင် အမေ့ထံ၊ မောင်နှမတွေထံ 'ရိုက်ဒုတ်လေးများ မစကြပါ' ဟုတောင်းတတ်သည်။ သူ နှစ်လုံးပေါက်ပြီဆိုလျှင်တော့ ရပ်ကွက်တွင်းရှိကလေးများအား မုန့်များဝယ်ကျွေး၍ ပိုသည့်ငွေအား သူ့အမေအားပေးသည်။ သူ့ဘဝနောင်ရေးကိုလည်း စိတ်မပူ။ ဘာလိုအင်မှလည်းမရှိ။ တစ်ရက် တစ်ရက် နှစ်လုံးတွက်၊ အချိန်တန် လ္ဘက်ရည်လေးသောက်၊ ကွမ်းစားနေရလျှင် ကျေနပ်နေသောသူပင်။ သူတကာထက် အကုသိုလ်ကင်းသောသူ၊ လောဘနည်းသောသူဖြစ်သောကြောင့်ဖြစ်မည်။ ကံအကျိုးပေးလည်းကောင်းသည်။ ပေး၊ ကျွေးမည့် သူများနှင့် ချစ်ခင်သူများလည်း ပေါသည်။ တစ်ခါက လ္ဘက်ရည်သွားဝယ်ရာ လူတစ်ဦးမှ စက်ဘီးချင်းမှားယူသွားသည်။ ထိုစဉ်တုန်းက သူ့စက်ဘီးလေးသည် တန်ဖိုးအနည်းငယ်ရှိသော ဖီးဆင့်အမျိုးအစား။ 'ကိုမဲကြီး' အိမ်ပြန်ရောက်တော့ ဝိုင်းမေးကြ၊ ကရုဏာဒေါသနှင့် ပြောဆိုကြရာ 'ကိုမဲကြီး' ပြန်ပြောလိုက်တာက - 'ကျွန်တော်လည်း အညံ့မခံပါဘူး။ သူ ကျွန်တော့်ဘီးယူသွားတော့ ကျွန်တော်လည်း သူ့ဘီး ပြန်ယူလာတာပဲလေ။ ကျွန်တော်လည်း မရှုံးပါဘူး' တဲ့။ ယူလာသည့်ဘီးက အတော့်ကိုအိုဟောင်းနေသည့် တရုတ်ဖြစ်ဘီး။ အိမ်ကဖိနပ်တွေပျောက်လျှင်လည်း 'ကိုမဲကြီး' ပင်။ အိမ်ကအထွက်စီးသွားသော ဖိနပ်အား တခြားအိမ်တွင်ချွတ်ထားခဲ့၍ ခြေဗလာနှင့်ပြန်လာတတ်သည်။ သူကိုယ်တိုင်လည်း ဖိနပ် စီးထားသလား၊ မစီးထားသလား မသိပေ။ ထမင်းစားပြီးလျှင်လည်း စားပြီး၊မပြီး မေ့နေတတ်ပြန်၏။ သို့ပေမယ့် 'ကိုမဲကြီး' က သူကိုယ်တိုင်ဝန်ခံထားသည်မှာ 'ကျွန်တော် အရမ်းမရူးပါဘူး' ဟူ၍။ * * * * * 'ကိုမဲကြီး' တစ်ယောက် အလုပ်ရလေပြီ။ အိမ်သားများက မလုပ်စေလိုသော်လည်း သူကလုပ်ချင်နေသည်။ အလုပ်ကညစောင့်။ ညစောင့်ဆိုသော်လည်း နေ့ဂျူတီသမား ဖျားနာလျှင် အစားစောင့်ပေးရသည်။ 'ကိုမဲကြီး'ကတော့ သူ့အလုပ်နှင့်သူပျော်နေသည်။ လကုန်ရက်ဆိုလျှင် မျက်နှာထားက မသိမသာပြောင်းနေတတ်၏။ 'ဟွန်း… လက်ထဲပိုက်ဆံကလေး ငါးသောင်းလောက်ရတာကိုများ အရှုတော်ခံနေလိုက်တာ' ဟု မောင်နှမများက စ,ကြသည်။ သူရသည့် လစာအကုန်လုံးအမေ့အားအပ်သည်။ မောင်နှမများအတွက်လည်း အကြီး၊အငယ်ဟူ၍ မခွဲခြား၊ သူလုပ်ပေးနိုင်သမျှ အတတ်နိုင်ဆုံးလုပ်ပေးသည်။ 'ကိုမဲကြီး' အလုပ်ဝင်ပြီး တစ်နှစ်အကြာ အမေ့အားအပ်ထားသည့်ငွေများဖြင့် ငယ်စဉ်ကနေခဲ့သည့်ရွာကျောင်းမှ ဦးဇင်းတစ်ပါးအား ကံထပ်မင်္ဂလာပြုသည်။ အလှူ့ဒါယိကာဆိုတော့ ခါတိုင်းမဖြီးမသင်သည့် ဆံပင်အား ဆီရွှဲရွှဲလိမ်း၊ တိုက်ပုံအင်္ကျီ၊ ပုဆိုးအသစ်နှင့် 'ကိုမဲကြီး' တစ်ယောက် မြောက်ကြွမြောက်ကြွနှင့်။ အလှူကလည်း ရွာလုံးကျွတ်ဖြစ်၍ အင်မတန်စည်ကားသည်။ တစ်နှစ်ပတ်လုံး စုဆောင်းထားသည့် ချွေးနဲစာလေးဖြင့် ခုလိုအလှူကြီးလုပ်နိုင်သည့်အတွက် 'ကိုမဲကြီး' တစ်ယောက် ကြည်နူးလို့မဆုံးနိုင်။ ရေစက်ချမည့်အချိန်ရောက်တော့ 'ကိုမဲကြီး' အားရှာမတွေ့။ ကျောင်းပေါ်လည်းမရှိ၊ အလှူမဏ္ဍပ်မှာလည်းမတွေ့၊ ရွာထဲတွင်လည်း ရှာမရ။ အလှူ့ဒါယိကာက ပျောက်ချင်းမလှ ပျောက်နေလေပြီ။ ရှာမတွေ့သည့်အဆုံး အမေနှင့် မောင်နှမများစုပေါင်း၍ ရေစက်ချ အမျှဝေလိုက်ကြတော့သည်။ နေ့ခင်း(၁၂)ကျော်မှ 'ကိုမဲကြီး' တစ်ယောက် ပြန်ရောက်လာသည်။ အားလုံးကဝိုင်းမေးကြရာ '၉နာရီ ဘာဂဏန်းထွက်လဲသိချင်လို့ စလောင်းလိုက်ရှာရင်း ဟိုဘက်ရွာရောက်သွားတာ။ နေ့ခင်းထိုးဖို့ ဂဏန်းထိုင်တွက်နေတာ။ ဘာဖြစ်လို့တုန်း' 'ဟဲ့… ဘာဖြစ်ရမှာတုန်း… အလှူရေစက်ချခါနီး နင့်ရှာမတွေ့လို့ ငါတို့ပဲ ရေစက်ချလိုက်ရတယ်' အမေ့စကားအဆုံး 'ကိုမဲကြီး' တစ်ယောက် ခေါင်းကုတ်စဉ်းစားရင်း စပ်ဖြဲဖြဲလေး ပြောလိုက်တာကတော့ - 'အဲ… ဟုတ်သားပဲ… ကျွန်တော့်အလှူကိုမေ့ပြီး နှလုံးတွက်နေတာ… စဉ်းတော့စဉ်းစားနေသား… ဒီအင်္ကျီတွေ ဘာဖြစ်လို့များ ဝတ်ထားမိပါလိမ့်လို့… ခုမှ သတိရတယ်…. ဟီး…' ထိုကဲ့သို့သော 'ကိုမဲကြီး' ပင်။ * * * * * 'ကိုမဲကြီး' အိမ်ထောင်ပြုမည်ဆိုတော့ ကြားသူတိုင်းအံ့အားသင့်ကြ၏။ 'သူ့လိုလူမျိုး ယူတဲ့ မိန်းကလေးရှိသေးတယ်ပေါ့'၊ 'ကိုမဲကြီးကို ထင်တောင်မထားဘူး' စသဖြင့် 'ကိုမဲကြီး' ကိစ္စသည် အားလုံးအတွက် အထူးအဆန်းတစ်ခုဖြစ်နေသည်။ သူပြောပြောချင်း အမေနှင့်အိမ်သားတွေပင် မယုံ။ ဟုတ်ရောဟုတ်ရဲ့လား။ မဲကြီး စိတ်ဖောက်ပြီးများပြောဆိုနေတာများလားဟု ထင်ကြသည်။ ဘယ်သူတွေဘာပြောပြော၊ ဘယ်လိုပဲထင်ထင် 'ကိုမဲကြီး' တစ်ယောက်ကတော့ စင်စစ်အိမ်ထောင်ကျလပြီ။ 'ကိုမဲကြီး' တစ်ယောက် မင်္ဂလာဦးညဖြစ်သော်ငြား တစ်စွန်းတစ်စပင်မသောက်ဖူးသော အရက်ကို တစ်တို့မျှပင် မတို့ချေ။ ဇနီးအသစ်စက်စက်လေးနှင့် စောစီးစွာ အိပ်ရာဝင်သည်။ အသက်ကြီးခါမှ အိမ်ထောင်ကျသည့်သူ့အတွက် ရင်ခုန်ခြင်းဆိုတာကို ခုမှခံစားရခြင်းပင်။ ပတ်ဝန်းကျင်သည်လည်း တိတ်ဆိတ်မှောင်မဲလျက်…။ 'ကိုမဲကြီး' စိတ်ညစ်နေသည်။ သည်နေ့ တွေ့သမျှလူတိုင်းက သူ့ကို ခပ်ပြုံးပြုံးကြည့်သွားကြသည်။ 'လူတွေဘာလို့များ ကြည့်ကြည့်သွားပါလိမ့်' ဟုတွေးတော့လည်း စဉ်းစားမရ။ 'ကိုမဲကြီး' ပြန်လာချိန် မိန်းမဖြစ်သူ မရီက မီးဖိုချောင်ဝင်နေလေသည်။ 'မိန်းမရေ… မိန်းမ… ခဏလာဦး' အော်သံကြောင့် ပြေးထွက်လာသော မိန်းမဖြစ်သူကိုကြည့်၍ 'ငါ့ကိုလူတွေ ဒီနေ့ ပြုံးပြုံးပြီးကြည့်သွားကြတယ်ဟ… နောက်ပြီး လမ်းထိပ်က အုပ်စုကလည်း မေးလိုက်သေးတယ်… ညက အိုကေလားတဲ့… အဲ့ဒါ ငါ နားမလည်ဘူး… ဘာကိုအိုကေတာလဲ' သူ့စကားသံအဆုံး မိန်းမဖြစ်သူက ရှက်ရယ်ရယ်၍ 'တော်ကလည်း… အဲ့ဒါ တော့်ကို လူပျိုဘဝကျွတ်ပြီလားလို့ မေးတာ တော်ရေ့…' ဟု ပြောဆိုရင်း မီးဖိုထဲပြန်ဝင်သွားလေသည်။ အိမ်ရှေ့ခန်းတွင်တော့ 'ကိုမဲကြီး' တစ်ယောက် မိန်းမပြောသွားသောအဖြေကို စဉ်းစားရင်း၊ ခေါင်းကုတ်ရင်းနှင့် ကျန်နေခဲ့ရင်း နောက်ဆုံး ရေရွတ်လိုက်တာကတော့ - 'ကျွတ်ပြီထင်ပါရဲ့… ဟုတ်မှာပါ… ငါ မေ့နေတာပဲဖြစ်မှာပါ' * * * * * 'ကိုမဲကြီး' တစ်ယောက် အိမ်ထောင်ကျသော်လည်း မပြောင်းလဲ။ အလုပ်သွားမြဲ၊ ထိုင်းထီထိုးမြဲ၊ ကလေးများအား မုန့်ကျွေးမြဲ။ မရီကလည်း အလိုက်သိသည်။ သူ့ယောက်ျားဘာလုပ်လုပ် ဘာတစ်ခုမျှ အပြစ်မဆို။ တစ်အိမ်လုံး၏ ကိစ္စအဝဝကိုလည်း သိမ်းကျုံးလုပ်သည်။ 'ကိုမဲကြီး' ၏ စိတ်ထင်ရာ လုပ်တတ်သည်ကိုလည်း ခွင့်လွှတ်သည်းခံရှာသည်။ လအနည်းငယ်ခန့်အကြာတွင် 'ကိုမဲကြီး' တစ်ယောက် ပြောင်းလဲလာသည်။ အိမ်ပြန်ချိန်တို့ သည် မိုးချုပ်လာတတ်သည်။ တစ်ခါတစ်ရံ သန်းခေါင်ကျော်ချိန်မှ ပြန်ရောက်လာ၏။ တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ်။ အိမ်သားများမေးလျှင်လည်း 'ဘုရားက ပြန်လာတာ' ဟုသာဖြေသည်။ ရက်အနည်းငယ်အကြာတွင် 'ကိုမဲကြီး' တစ်ယောက် ပျောက်သွားသည်။ ရှာ၍လည်းမတွေ့။ ၂ ရက်အကြာ ယခင်နေခဲ့ဖူးသော ရွှေပေါ်ကျွန်းမှ သတင်းကြားရသည်။ * * * * * ယောဂီဝတ်စုံနှင့် 'ကိုမဲကြီး' ကိုမြင်လျှင် မရီ သည် ဝမ်းသာရမလို၊ ဝမ်းနည်းရမလိုနှင့်။ အမေကတော့ သားဖြစ်သူကို မျက်ရည်အဝဲသားနှင့် ကြည့်နေ၏။ 'ဒကာမကြီးသားက အပြီးနေပြီး တရားအားထုတ်တော့မယ်လို့ ပြောနေတယ်။ စိတ်ချမ်းသာသလောက် နေပါစေ။ တရားအလုပ်လုပ်တယ်ဆိုတာ ဝမ်းသာစရာပါ။ သူ မပျော်လို့ ပြန်ချင်တယ်ဆိုရင်လည်း ဘုန်းကြီး ကိုယ်တိုင် သေချာပြန်ပို့ပေးလိုက်ပါ့မယ်။' ရွာဘုန်းတော်ကြီး၏ စကားကို 'တင်ပါ့' ဟု ပြောရင်း 'ငါ့သား စိတ်ချမ်းသာသလိုနေနော်။ အမေ့ကို မပူနဲ့ သိလား။ သား ညီ၊ ညီမတွေနဲ့ မရီလည်း ရှိတယ်။ အမေ့အတွက် နောက်ဆံမတင်းနဲ့။ ငါ့သား တရားအလုပ်သာ ဖြောင့်ဖြောင့်တန်းတန်း လုပ်နော်' 'ကိုမဲကြီး' က ဘာတစ်ခွန်းမှ မပြော။ သူ့အမေနှင့် ဘုန်းတော်ကြီး၏ အပြန်အလှန်ပြောစကားများအား ငြိမ်သက်စွာ နားထောင်ပြီးနောက်၊ သူ တရားအားထုတ်ရာ အဆောင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလေတော့သည်။ * * * * * ပြက္ခဒိန်ပေါ်ရှိ နေ့ရက်တို့သည် ဒီရေတိုက်စားသလို တဖြုတ်ဖြုတ်နှင့်။ မရီသည်လည်း အိမ်အလုပ်များနှင့် လုံးချာလည်ရင်း ယောက်ျားဖြစ်သူကို သတိရလွမ်းမိသည်။ တန်ခူးရောက်လျှင်တော့ ရွှေပေါ်ကျွန်းသို့သွားရန် အမေတို့နှင့် တိုင်ပင်ဦးမည်ဟု တွေးနေ၏။ ခွေးမ မိနီသည်လည်း မီးဖွားပြီး၍ သူ့ကလေးငယ်များအတွက် လုံခြုံသည့်နေရာအား ရှာဖွေနေသည်။ ကျောင်းဆင်းချိန်ဖြစ်၍ ဘကြီးငွေ၏ အိမ်ဆိုင်လေးသည် ကလေးငယ်များဖြင့် စည်ကားနေသည်။ 'ဦးမဲကြီးကို လွမ်းတာကွာ' 'အေးလေ… ခါတိုင်းဆို ငါတို့ မုန့်ဖိုးမကုန်ဘူး… ဦးမဲကြီးကပဲ ခဏခဏ ဝယ်ကျွေးနေတာ' 'အောင်မယ်… ညည်းလေးတို့ကသာ လွမ်းနေ… ဟိုကဖြင့် သူ့မိန်းမကိုတောင် ထားသွားတာ.. ညည်းလေးတို့ကို သတိရနေပါလိမ့်မယ်..ဝေးစွ' ဘကြီးငွေသည် ပြောပြောဆိုဆို ကလေးများ ဖြုတ်ချထားခဲ့သော မုန့်ထုပ်များအားချိတ်ရင်း မဲကြီးအကြောင်းတွေးမိသည်။ ကလေးတွေသတိရမည်ဆိုလည်း ရစရာပင်။ မဲကြီးသည် သူ့ဆိုင်၏ ပင်တိုင်ဖောက်သည်။ ပုံမှန်လူတစ်ဦးမဟုတ်သော်လည်း လူတိုင်းကို ကူညီတတ်သည်။ ကလေးများကိုလည်း ချစ်ခင်သည်။ သူအလုပ်ကပြန်ချိန်ဆိုလျှင် ကလေးတစ်ဦးဦးနှင့် မုန့်ဆိုင်လာတတ်သည်။ သူလည်း မဲကြီးကို ချစ်သည်။ သူသည်သာမဟုတ်။ တစ်ရပ်ကွက်လုံး၏ ချစ်ခင်ခြင်း ခံရသူပင်။

'ဟဲ့.. အသန့်… ညည်း ဦးလေးဆီက အဆက်အသွယ်ရလား… သူ ဟိုမှာ အဆင်ပြေတယ်တဲ့လား' ဆိုင်ရှေ့ဖြတ်သွားသော မဲကြီး၏ တူမအား သတင်းမေးကြည့်၏။ 'တရားတွေချည်း ထိုင်နေတယ်တဲ့… အရင်လောက် မေ့တာပြုတာလည်း မရှိတော့ဘူးတဲ့… တန်ခူးကျရင်တော့ သွားမယ်လို့ အမေကြီးကပြောတယ်' * * * * * ဆွမ်းချက်ပြီးချိန်သည် ခြောက်နာရီထိုးလုနီးနီး။ အမေ ဆွမ်းလောင်းရန် အဆင်သင့်ပြင်ပေးခဲ့ပြီးနောက် မရီ ဈေးသို့ထွက်လာခဲ့သည်။ ငါးနုသန်းလေးများမြင်လျှင် ယောက်ျားဖြစ်သူကို သတိရမိ၏။ ယောက်ျားဖြစ်သူသည် ကုန်းသတ္တဝါမစား။ ငါးဆိုလျှင် ငါးနုသန်းကို အကြိုက်ဆုံး။ ဆီပြန်ချက်ပေးလျှင် ထမင်းသုံးလေးပန်းကန် ပြိုက်ခနဲကုန်၏။ ဟိုမှာ အစားအသောက် အဆင်မှပြေပါ့မလား၊ နဂိုကမှ စိတ်ထင်ရာလုပ်တတ်သူ၊ မရီ စိတ်ထဲတွေးလေ စိတ်မချလေ၊ အပြေးလေးသွားချင်လွန်းလှသည်။ အမေသည် သံဃာတန်းအား ဆွမ်းလောင်းပြီး၍ ကျန်နေသောဆွမ်းများအား အဖုံးအုပ်ကာ အိမ်ရှေ့စားပွဲပေါ်တွင် တင်လိုက်၏။ ထိုစဉ် အိမ်ရှေ့အဝင်ဝတွင် လာရပ်သော သံဃာတော်တစ်ပါးကို တွေ့သဖြင့် ဆွမ်းအုပ်ယူကာ ထွက်ခဲ့သည်။ ဆွမ်းအုပ်ပိုက်ထားသော အမေ့ရင်သည် နိမ့်ချည်၊ မြင့်ချည်နှင့်။ အမေ့လက်အစုံသည်လည်း နှုတ်ခမ်းတို့နှင့်အပြိုင် တုန်ရီလျက်။ 'သာဓု… သာဓု… သာဓု… ဤဆွမ်းလောင်းလှူရသော အကျိုးကြောင့် ဆာလောင်မွတ်သိပ်ခြင်းမှ ကင်းဝေး၍၊ ပြုသော ဒါနသည် မဂ်ဖိုလ်နိဗ္ဗာန်ရောက်နိုင်ကြောင်း အထောက်အပံ့ကောင်း ဖြစ်ပါစေသတည်း' သပိတ်ထဲသို့ ဆွမ်းများလောင်းလှူပြီးချိန် ရဟန်းတော်မှ နှုတ်ဝယ်ဖွဖွရွတ်ဆိုနေသော ဆုပေးသံအကြား အမေ့မျက်ဝန်းတို့တွင် မျက်ရည်စများ စိုစွတ်လာသည်။ 'ပေး…… ပေးတဲ့ဆုနဲ့…..ပြည့်………ပြည့်ပါရစေ………အရှင်ဘုရား…' အမေ့အသံသည် ကြည်နူးဝမ်းသာလှိုက်မောခြင်းများအတိနှင့် တုန်ရီလို့နေ၏။ အမေ၏ ရှိခိုးဦးချခြင်းကို ခံယူပြီးသည့်နောက် ထိုရဟန်းမှ - 'ကျောင်းထိုင်ဘုန်းကြီးက ကိစ္စတစ်ခုနဲ့ လွှတ်လိုက်လို့.. ဦးဇင်း မနေ့ညနေကရောက်တယ်.. ဒီညနေပြန်မယ်… ကျန်းမာရေးဂရုစိုက်ပါ ဒကာမကြီး… မရီနဲ့ အားလုံး နေကောင်းကြတယ်မလား… တန်ခူးကျရင် လာခဲ့ကြလေ… ကဲ… ဦးဇင်းကြွတော့မယ်နော်' အမေသည် အရှေ့ဆီသို့ တည်တည်ငြိမ်ငြိမ်လှမ်းထွက်သွားသော ထိုရဟန်းကို ငေးကြည့်နေမိ၏။ အံ့သြဝမ်းသာလွန်း၍ နှုတ်ခမ်းဖျားသို့ ရောက်မလာခဲ့သော 'သား…မဲကြီး… အမေ ငါ့သားအတွက် သာဓုခေါ်ပါတယ် သားရယ်…' ဟုသော စကားလုံးများသည် နှလုံးသားဝယ် တီးတိုးရွတ်ဆိုလျက်။ ထိုအခိုက် မရီသည် ဈေးခြင်းတောင်းဆွဲ၍ အနောက်ဆီမှ ပြန်လာ၏။ အိမ်ရှေ့ကိုလှမ်းကြည့်စဉ် အမေသည် လက်အုပ်ချီ၍ အရှေ့သို့ မျှော်ကြည့်ငေးနေသည်ကို တွေ့၏။ အရှေ့အရပ်တွင်တော့ ရဟန်းတော်တစ်ပါးသည် တရွေ့ရွေ့နှင့်။

 +ဂျွန်မိုး+ 

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)