>
(က)
အမျိုးသမီးသည် ကြည်ထိုင်နေသောစားပွဲဘေးတည့်တည့်ရှိ သီးသန့်ခန်းထဲတွင် ထိုင်နေခြင်းဖြစ်ပြီး သူမ ဆိုင်ထဲလှမ်းဝင်လာစဉ်ကပင် သတိထားမိခဲ့သည်။ နည်းနည်းကလေးမှ အရှေ့တိုင်းမဆန်သော မျက်နှာကျအပြင် ကိုယ်လုံးကိုယ်ထည်တောင့်တင်းမှုနှင့် ကပိုကယိုဝတ်ထားသည့် ရှပ်အကွက်ကျဲကျဲကြောင့် သူမပုံစံက ယောကျာ်းဆန်သည့်ဘက်လုသည်။ လေးထောင့်ကျချင်သော မျက်နှာသည် ဗာဒံစေ့ပုံ အဝန်းကျယ်၍ အလျားရှည်သောမျက်ဝန်းများကြောင့်သာ ရှု့ချင်စဖွယ်ဖြစ်ရသည်။ အလယ်မှာ အထစ်ကလေးပါသော နှာရိုးမြင့်မြင့်နှင့်၊ အလှဆုံးကတော့ သူမနှုတ်ခမ်းများပင်။ ဝလုံးပုံနှုတ်ခမ်း ဝိုင်းဝိုင်းလေးကို တင်းတင်းစေ့ထားကာ အတွန့်ချိုးထားသောမျက်ခုံးများကြောင့် မာန်ဝင့်နေဟန်ပေါ်သည်။
ကြည်သဘောကျမိသည်မှာ ထိုမာန်ဝင့်နေဟန်ကိုဖြစ်သည်။ မိန်းမတစ်ယောက်ဟာ အဲသည်လို တင်းမာ ခက်ခဲနေရမည်။ ဒါကိုပင် တန်ကြေးတစ်ခုလို့ ကြည် ထင်သည်။ ကြည်ကတော့ ချိုလွန်းခဲ့သည်လေ။ ချိုလွန်းတော့ အလွယ်တကူဟန်ပေါက်သည်။ လူတွေဟာ ခက်ခက်ခဲခဲကိုမှ တန်ဘိုးရှိတယ်ရယ်လို့ လက်ခံတတ်ကြသူများ မဟုတ်လား။ ကြည် သိပြီ။ သို့သော်….
ကြည် အသိနောက်ကျခဲ့သည်လေ။
သူမ၏လှုပ်ရှားမှုတွေကို ကြည့်မနေပါဘဲနှင့် မျက်ဝန်းထောင့်မှ ကြည် သိနေရသည်။ သူမက လက်ကိုင်အိတ်ထဲမှ ဖုန်းကိုထုတ်ကာ ပွတ်လျက်ရှိသည်။ ကြည်ကတော့ အေးစက်လုလုကော်ဖီကို လျှာဖျားပေါ် တစ်စက်ချင်းတင်လျက်ရှိသည်။ တစ် စက် ချင်း….၊ လျှာဖျားပေါ်မှာ….။ လည်ချောင်းထဲအရောက် အရသာပျောက်သွားသည်အထိ ကော်ဖီတစ်ခွက်၌ တမက်တမောလိုက်ပါခံစား လျက်ရှိသည်။ ခါးခါးစိမ့်စိမ့်ကလေး….
ထိုစဉ်မှာပင် သူမထံမှရှိုက်သံသဲ့သဲ့ကို ခပ်တိုးတိုးဂျပ်ဇ်တေးသွားများအကြား လွင့်ကနဲ ကြားလိုက်ရခြင်း ဖြစ်လေသည်။
(ခ)
“လက်ဘက်ရည် ကော်ဖီရှိတယ်၊ Hot chocolate လည်းရှိတယ်ဗျ။ ခင်ဗျား ဘာသောက်မလဲ”
“ဘာ…သောက်ရ ကောင်းမလဲ၊ အင်း....ခင်ဗျားကြိုက်တာသာ လုပ်ပါဗျာ”
“ကျွန်မအတွက်တော့ ကော်ဖီကြမ်းပဲပေး”
ကြည်က ကြည်သောက်ချင်တာကို တိတိကျကျပြောလိုက်တော့ ကောင်ဆယ်လာ အမျိုးသားက ခေါင်းညိတ်ပြီး “ဒါဆိုလည်း ကော်ဖီကြမ်း ၂ခွက်ပဲလုပ်လိုက်မယ်လေ။ သံပုသီးစိပ်ကလေးပါ ထည့်ညှစ်လိုက်မယ်နော်”ဟု ဆိုသည်။
ကြည်ကတော့ မောင့်ကိုသာ ခပ်တွေတွေကြည့်မိသည်။ မောင်ဟာ မပြောင်းလဲသေး၊ ကိုယ့်အတွက် ကိုယ့်ကိစ္စ ဘာမဆို သူများကိုဆုံးဖြတ်ခိုင်းတတ်တဲ့အကျင့်က ခုထိ မပျောက်သေး။ မောင့်ဘဝမှာ မောင် ဘာကိုလိုချင်တယ်ဆိုတာရော အသေအချာ သိမှသိပါလေစကွယ်။
“ခင်ဗျားတို့ ဘယ်လို စတွေ့ခဲ့ကြသလဲ”
“မင်္ဂလာဆောင်မှာ ဘာအရောင်ဝတ်ခဲ့ကြသလဲ”
“ဘယ်သူက အရောင်ရွေးချယ်ခဲ့တာလဲ”
ထိုမေးခွန်းများကို မောင် မမှတ်မိပါ။
“ခင်ဗျားတို့ လင်ခန်းမယားခန်း အတူမနေဖြစ်ကြတာ ဘယ်လောက်ကြာပြီလဲ”
သည်မေးခွန်းကိုကြားတော့ ကြည်က ဘာမှမဖြစ်ရပါဘဲ မောင့်မျက်နှာက ရဲကနဲနီမြန်းသည်။ ကြည့် ရှေ့တည့်တည့်မှာ မောင်၊ မောင့်ဘေးမှာ ကောင်ဆယ်လာအမျိုးသားထိုင်လျက်၊ မောင့်ရှေ့က သံပုရာနံ့ လေးကဲထားသောကော်ဖီခွက်မှာ ခုထိ အရာမယွင်းသေး။ အေးစက်လှရော့မည်။
“အင်း ကျွန်မအထင်တော့ အနည်းဆုံး တနှစ်ကျော်လောက်ရှိမယ်ထင်တယ်။ တစ်နှစ်နဲ့သုံးလလောက် ထင်တာပဲ။ အိပ်ခန်းခွဲအိပ်တာတော့ နှနှစ်ပြည့်တော့မယ်ရှင့်”
ကြည် သည်လိုစေ့စေ့ပေါက်ပေါက်ဖြေတာကို မောင်က မကြိုက်ဟန်ပြသည်။
ကြည်တို့နှစ်ယောက်အတွက် မောင့်ဖေဖေစီစဉ်ပေးသော ကောင်ဆယ်လာသည် ကြည်တို့ အိမ်ထောင်ရေးကို ဘယ်လိုများ ပြန်လည်နွေးထွေးစေမှာပါလိမ့်….။
ပြိုကွဲလုလုအိမ်ထောင်ရေးများအား ပြန်လည်သင့်မြတ်စေသည့်ရာခိုင်နှုန်းများသည်ဟု မောင့်ဖေဖေစကားအရ ကြည်လက်ခံခဲ့ရသော်လည်း မျှော်လင့်ချက် ကြီးကြီးမားမားတော့ဖြင့် မရှိခဲ့ပါပေ။
အိမ်မှာ မောင်ရှိမနေသောတစ်ရက်က မောင့်ဖေဖေ လမ်းကြုံအိမ်လည်ဝင်လာသည်။ အကင်းပါးသော မောင့်ဖေဖေက မောင်နေသောအခန်း၏ လူနေလက်စရှိဟန်ကိုရိပ်မိကာ မေးမြန်းရာမှ သိသွားခဲ့ခြင်းပေ။ “ဒီကောင် ခုလိုခြေလှမ်းပျက်နေတာ ဘယ်လောက်ကြာပြီလဲ၊ ဖေဖေတို့ကို ဘာလို့မပြောသလဲ သမီးရယ်” စသည်ဖြင့် မောင့်ဖေဖေ၏ အကြင်နာကဲသည့်စိတ်မကောင်းသံမှာ ငိုချင်လျက်လက်တို့ဖြစ်ကာ မျက်ရည်များ သွန်ချသလို ကျခဲ့သည်။ ထို့နောက်မှာ မောင့်ဖေဖေက ခုလို စီစဉ်ပေးခြင်းပင်။
မေးခွန်းတော်တော်များကို မောင်က မမှတ်မိတော့ဟုဆိုသည်ကို ရင်နာလျက်က အံ့သြမနေချင်တော့ပါ။ ရင်နာရလွန်းလို့ ကြည့်နှလုံးသားတစ်ခုလုံး ထုံခဲမတတ်ဖြစ်ခဲ့ပြီးပြီ။
“ခင်ဗျားတို့ ပထမဆုံးချိန်းတွေ့ခဲ့တဲ့ First dateအကြောင်းကို မှတ်မိသလောက် ဘယ်သူ ပြန်ပြောနိုင်မလဲ”
“ကျွန်မတို့က မိဘတွေပေးစားခဲ့ကြတာပါ။ အဲဒီမတိုင်ခင်က ကျွန်မတို့ချင်း ချိန်းတာပြုတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ မှတ်မိနေပါတယ်။ ကျွန်မတို့အိမ်ကိုလာတုန်းက မောင်က ရှပ်လက်တိုအဖြူပေါ်မှာ စကြာအပြာလေးတွေ ခပ်နုပ်နုပ်ပါတဲ့အဆင်နဲ့ ပုဆိုးက မရမ်းစေ့ရောင်ကွက်စိပ်လေးဝတ်ထားတယ်”
ခေါင်းငုံ့ထားရာက မောင် ကြည့်ကို တစ်ချက်မော့ကြည့်လေသည်။
“မောင့်ဖိနပ်လေးက ကတ္တီပါလေးညှင်းရောင်၊ ပြီးတော့ မောင်က သားရေလက်ပတ်ကြိုး အညိုရောင်လေး ပါတဲ့ နာရီဒိုင်ခွက်အဝိုင်း ဝတ်ထားခဲ့တယ်”
“အဲ့နေ့က ဆံပင်ကို နှစ်ဘက်ခွဲစည်းထားတယ်လေ”
မျှော်လင့်မထားဘဲ ဝင်ပြောလိုက်သောမောင့်စကားကြောင့် ကြည့်ရင်ထဲ နွေးကနဲဖြစ်သွားသည်။ သည့်ထက်ပို၍တော့ မောင် မှတ်မိမည်မထင်ပါ။ အဲ့သည့်နေ့က ကြည့်ဆံပင်တွေကိုနှစ်ဘက် ခွဲကာ မျှော့ကြိုးနက်ပြာရောင်လေးနှင့် စည်းထားခဲ့သည်။ မောင် မှတ်မှတ်ရရရှိနေသေး သည်ပဲ။ ကောင်ဆယ်လာအမျိုးသားက မောင်နှင့်မျက်လုံးချင်းဆုံအောင် ဘေးတိုက်ကနေ မောင့်မျက်လုံးများကို လိုက်ဖမ်းသည်။ သို့သော် ထိုတစ်ခွန်းသာဝင်ပြောအပြီး မောင်က ခေါင်းပြန် မမော့၊ ဘယ်သူ့ကိုမှလည်း မကြည့်တော့ပေ။
“ဒီလိုလုပ်ဗျာ။ ဒီနေ့ည အိမ်ပြန်ရောက်တဲ့အခါ ခင်ဗျားတို့ ညစာအတူတူစားကြ၊ မင်္ဂလာဆောင် ဓါတ်ပုံတွေကို နှစ်ယောက်အတူ ပြန်ကြည့်ကြ၊ အဲဒီအချိန်မှာ ဖြစ်နိုင်သလောက် တစ်ယောက်နဲ့တစ်ယောက် ပူးကပ်နေပါစေ၊ လက်ချင်းကိုင်ထားတာတို့၊ ပုခုံးချင်းထိထားတာတို့ ဟုတ်ပြီလား။ ဖြစ်နိုင်ရင် ရုပ်ရှင် အတူကြည့်တာ၊ သီချင်းအတူတူနားထောင်တာတို့လည်း လုပ်ကြည့်ကြစေချင်တယ်။ အချစ်ရုပ်ရှင်၊ အချစ်သီချင်းတွေတော့ ဖြစ်ပါစေပေါ့ဗျာ”
မဖြစ်နိုင်၊ မောင် အိမ်ပြန်မလာတာ ကြာပြီပဲ။ သည်ညအတွက် မောင် အိမ်ပြန်လာဖို့ဆိုတာ မဖြစ်နိုင်ပါ။ ကြည် ပြုံးလိုက်မိသည်။
“ဒီမှာ ခင်ဗျားတို့အိမ်ထောင်သက်တစ်လျှောက် အတူနေစဉ်ကာလအတွင်း နေမှုထိုင်မှု အမူအကျင့်တွေ၊ အမှတ်တရအဖြစ်အပျက်လေးတွေအကြောင်း မေးခွန်းတစ်ချို့မေးထားတဲ့ စာရွက်ရယ်၊ နောက်တစ်ပတ် အတွင်း ခင်ဗျားတို့နှစ်ယောက်ရဲ့ နေ့စဉ်ပုံမှန်တွေထဲက မှတ်မှတ်ရရဖြစ်စဉ်တွေကို သတိထားပြီး ရေးမှတ်ထားဖို့ရယ်”
ကောင်ဆယ်လာအမျိုးသားက စာရွက်တစ်ထပ်ကို ကြည့်လက်ထဲထည့်ကာ အခြေအနေကို ပျော့ပြောင်းစေလိုဟန်နှင့် ခပ်ပြုံးပြုံးဆိုသည်။ မောင်ကတော့ မေးကြောကြီးများ တင်းနေသယောင်ရှိပြန်သည်။ မောင့်ဖေဖေစကားကို မပယ်ရဲ၍သာ လက်ခံလိုက်ရတာ၊ ဒီလူဟာ အူကြောင်ကြောင်ဟု ဖွင့်မပြောရုံတမယ်သာ။ ကြည်ကတော့ မောင့်စိတ်တွေ ပြောင်းလဲလာမည်ဟု အစကတည်းက မထင်ပါ။ သို့သော် မောင့်မျက်နှာကို ခုလို နေ့ခင်းအလင်းရောင်အောက်မှာ မမြင်ရတာ ဘယ်လောက်များကြာခဲ့ပြီလဲ။ မောင့်ကို လွမ်းလွန်းလှ၍ မောင့်ဖေဖေစီစဉ်သော ကောင်ဆယ်လာနှင့် မျက်နှာစုံညီဆွေးနွေးပွဲကို လက်ခံခဲ့တာဖြစ်သည်။
အလှအပအလွန်ကြိုက်ကာ အမြဲသပ်ရပ်နေတတ်သောမောင်၊ ဝတ်ထားသည့်ရှပ်အင်္ကျီက တွန့်ကြေလို့ ရယ်...။ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတွေကိုတော့ ခုလေးတင်မှ ရိတ်သင်လာခဲ့ဟန် တူသည်။ မောင့်မေးရိုးလေးတွေက စိမ်းမြလို့...။ ကြည်သည် မောင့်မျက်နှာကို လွမ်းလွမ်းနှင့် တဝကြီးငေးမော ပစ်ခဲ့လိုက်သည်။ သည့်ထက်နည်းနည်းမှ မပို။ သည့်ထက်ပိုပြီး ကြည့်ဘက်က ဘာကိုမှ မမျှော်လင့်။ မောင့်နှလုံးသားတို့ ကြည့်ထံမှာ ရှိမနေတော့တာကြာပြီပဲ… ကြည် သိပါသည်ကွယ်….။
အားလုံးပြီးတော့ ညနေလေးနာရီထိုးလုပြီ။ ကောင်ဆယ်လာအမျိုးသားကို နှုတ်ဆက်ပြီးအပြန်၊ အဆောက်အဦးရှေ့ရောက်သည်နှင့် ကြည်နှင့်ဆန့်ကျင်ဘက်သို့ မောင် လျှောက်သည်။ ဘာရယ်မသိ၊ မောင့်ကျောပြင်ကိုငေးလျက်ရှိရာက ဝမ်းနည်းငိုချင်လာကာ ရှေ့ကမီးပွိုင့်ကို ကူးမိကူးရာ ယောင်ယမ်း ဖြတ်ကူးမိသည်။ လမ်းရဲ့တဘက်ထောင့်မှာက ကြည်ထိုင်ဖူးသော ကော်ဖီဆိုင်ကလေး၊ မထူးတော့ပါ၊ လမ်းပေါ်လျှောက်ရင်း မျက်ရည်ကျသည်ထက်စာလျင် ကော်ဖီဆိုင်မှာဆို အိနြေ္ဒရရလေးထိုင်ကာ မျက်ရည်ကျနိုင်မည်။ ထိုအတွေးနှင့် ကော်ဖီဆိုင်လေးထဲ ကသောကမျောဝင်ချလိုက်လေသည်။
(ဂ)
Dream Café ဆိုသော ကော်ဖီဆိုင်လေး....
ထိုဆိုင်ကလေးကို ကြည် သဘောကျသည်။ ကော်ဖီတစ်ခွက်သောက်ရသည်မှာ အိပ်မက်တစ်ခု မက်ရသည်နှင့်တူသည်ဟု ကြည် ထင်သည်။ လျှာဖျားပေါ်က ကော်ဖီအရသာ အခါး အသက် အကျ အစိမ့်အတိုင်း နှစ်လိုဖွယ်အိပ်မက်တို့ စွဲမက်ခွင့်ရှိသည်။ ခဏကြာလျင် လျှာဖျားပေါ်က ခါး သက်သက်ကော်ဖီသည် တုန်ရီနေသောရင်တလှပ်လှပ်ကိုလည်း ပေးလိမ့်ဦးမည်။ ကတုန်ကယင်ဖြစ်လာသော် ရင်ကို ခပ်သာသာကလေး ဖိထားပြီး မျက်စေ့စုံမှိတ်ထားရသည့် လှုပ်ရှားမှုဝေ့ဝေ့ဝဲဝဲ ခပ်ငြိမ့်ငြိမ့်ကို ကြည် နှစ်သက်ပါသည်။ မောင့်ကိုမြင်စတုန်းက နွေးထွေးလှုပ်ရှားရသော တသိမ့်သိမ့်ခံစားမှုနှင့် ဆင်ဆင်တူသည်ဟု ကြည်ပြောလျှင် မောင် ဘယ်လိုများတုန့်ပြန်မှာပါလိမ့်….။
ဆိုင်ရှိကော်ဖီနာမည်ဆန်းများကို မီနူးကြည့်မိတိုင်း သဘောကျလျက်က သောက်ကြည့်ဖို့တော့ တစ်ခါမျှ မစဉ်းစားမိ။ ကြည်က စိမ်ခေါ်မှုအသစ်အဆန်းတို့၌ အရဲမကိုးလိုသူ။ သို့တိုင်အောင် သူစိမ်းယောကျာ်းတစ်ယောက်အပေါ် တွေ့စ၌ပင် တစ်ခါမှမချစ်ဖူးသော အစိမ်းသက်သက်နှလုံးသားနှင့် အရဲကိုးချစ်ခဲ့သည်ကတော့ ကြည့်ဝဋ်ကြွေးတစ်ခုသာ ဖြစ်လိမ့်မည်။
ဆိုင်ကလေး၏အခင်းအကျင်းမှာ ဘယ်ဘက်ခြမ်း၌ နှစ်ယောက်၊ လေးယောက်နှင့် ခြောက်ယောက်ထိုင် စားပွဲများ ခင်းကျင်းထားလျက် ညာဘက်ခြမ်းတွင်မူ သီးသန့်ခန်းကလေးများချည်းရှိလေသည်။
ကော်ဖီဆိုင်ကလေးတွင် ကြည်စိတ်အဝင်စားဆုံးမှာ ထိုသီးသန့်ခန်းကလေးများကိုဖြစ်မည်ထင်သည်။ မဟုတ်သေး၊ ကြည် တကယ်စိတ်ဝင်စားသည်က သီးသန့်ခန်းပေါက်ဝတိုင်းမှာ တပ်ဆင်ထားသော ခန်းဆီးကလေးများကိုပင် ဖြစ်လိမ့်မည်။
ခန်းဆီးကလေးများသည် လေပြည်တိုက်လျှင်ပင် တဖျတ်ဖျတ်လူးလွန့်တတ်သော ပုဝါပါးစကလေးများမို့ ထွင်းဖောက်မြင်နိုင်သည်။ အိနြေ္ဒရသည်။ လွတ်လပ်သော်လည်း ထိုးဖောက်မြင်နိုင်၍ ရှင်းခန့်သည်။ ခန်းဆီးကလေးများ၏အရောင်သည် စိမ်းဖန့်ဖန့်အကြည်ရောင်ဖြစ်၍ မျက်စေ့လည်းအေးစေသည်။ သီးသန့်ခန်းဆိုသည်နှင့် တောင်တောင်အီအီကြည့်တတ်ကြသော မျက်ဝန်းများကို ထိုခန်းဆီးကလေးများက သိက္ခာဆယ်ထားသည်ဟု ကြည် ယူဆသည်။
သဘောတကျမျက်ဝန်းများကို ခန်းဆီးတွေမှရွှေ့ကာ အေးစက်နေပြီဖြစ်သောကော်ဖီကို လျှာဖျားပေါ် တစ်စက်ချင်းတင်သည်။ တစ် စက် ချင်း….၊ လျှာဖျားပေါ်မှာ….။ လည်ချောင်းထဲအရောက် အရသာ ပျောက်သွားသည်အထိ ကော်ဖီတစ်ခွက်၌ တမက်တမောလိုက်ပါခံစားလျက်ရှိသည်။ ခါးခါး စိမ့်စိမ့်ကလေး….။
ထိုစဉ်မှာပင် သီးသန့်ခန်းထဲရှိအမျိုးသမီးထံမှ ရှိုက်သံသဲ့သဲ့ကို ခပ်တိုးတိုးဂျပ်ဇ်တေးသွားများအကြား လွင့်ကနဲကြားလိုက်ရသည်။
ရှစ်ထ်ဟု ဆဲရေးသံလိုလိုကြားလိုက်ရပြီး သူမက လက်ထဲကဖုန်းကို စားပွဲပေါ် ဒေါက်ကနဲအသံမြည်အောင် ပစ်ချလိုက်သည်။ ပြီးမှ ဘေးမှာချထားသော လက်ကိုင်အိတ်ထဲမှ တစုံတရာကိုထုတ်သည်။ သူမလက်ထဲပါလာသည်က ဆေးလိပ်ဘူးနှင့် ဂက်စ်မီးခြစ်လေးတစ်ခုဖြစ်သည်။ ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ နှုတ်ခမ်းမှာတေ့ပြီးမှ မီး မခြစ်သေးဘဲ တစ်ခုခုကိုသတိရဟန်နှင့် ဘေးဘီကိုကြည့်သည်။ ဟုတ်သားပဲ၊ သည်ဆိုင်က smoke free zone ဖြစ်သည်လေ။ မီးခြစ်ကိုပြန်သိမ်းကာ ဆေးလိပ်ကို မီးမညှိတော့ဘဲ နှုတ်ခမ်းမှာတေ့ထားလိုက်တာကို တွေ့ရသည်။ ခဏနေတော့ ပါးစပ်ကဆေးလိပ်ကို ချိုးဖဲ့ လွှင့်ပစ်လိုက်လေသည်။
အကြည့်တို့ကို သူမထံမှခွာကာ ဖုန်းစကရင်ပေါ်က မောင်နှင့်ကြည် အတူရိုက်ထားသော ဓါတ်ပုံကို ကော်ဖီနှင့် ကျိုက်ချနေရသည်။ မကြည့်သော်မှ အင့်ကနဲ ရှိုက်၍ရှိုက်၍ကြိတ်ငိုနေသံကို ကြားနေရပြန်သည်။ ခန်းဆီးပါးကလေးများကြောင့် ကြည် သူမကို မြင်နေရသည်။ ထို့ထက်ပို၍ သူမ၏နှလုံးသားအစုံကို မိန်းမချင်း မြင်နေရသလိုရှိသည်။ သူမနှလုံးသားတို့ ဆတ်ဆတ်ခါနေမှုသည် ကြည့်နှလုံးသို့ ရိုက်ခတ်သည်။ အချစ်ရေး အိမ်ထောင်ရေးများလား...။ သည်အရွယ်ဆိုတော့ ကြည့်လိုပင် အိမ်ထောင်ရေးကျိုးပဲ့သူ ဘဝတူအမျိုးသမီးများဖြစ်လေမလား...။ စာနာစိတ်နှင့် ရင်၌ နင့်ကနဲစူးသည်။
ငိုရလွန်းသောကြောင့် ဘေးတိုက်မြင်နေရသော သူမ၏နှာသီးဖျားကလေးမှာ ရဲနေသလိုလို။ အောက်နှုတ်ခမ်းကိုဖိကိုက်လျက် အသံမထွက်အောင်ငိုနေပုံမှာ ဘယ်လောက်နာကျင်ခံစားနေရသည်လဲ...။ ကြည်လည်း သူမနှင့်တစ်သားတည်း လိုက်ပါခံစားနေမိသည်။ ကြည် သူမထံမှ မျက်နှာလွှဲလိုက်မိပြန်သည်။ မမြင်လိုပါ။ ကြည်ကိုယ်တိုင်ကမှ ခပ်ယဲ့ယဲ့ကလေး ပြိုလဲလုလုမှာ ကြည့်လိုပဲ နှလုံးကြေကွဲနေသူ အမျိုးသမီးနောက်တစ်ယောက်ကို မျက်ဝန်းများနှင့်လည်း မမြင်လို၊ စိတ်၌လည်း မငြိတွယ်လိုပေ။ ရှိုက်သံတော့ ကြားနေရဆဲမှာ... ။
ကြည်သည်လည်း ကြိတ်၍ကြိတ်၍ ရှိုက်ငိုခဲ့ဖူးပါသည်။ နာကျင်လိုက်ရတာ ဆိုဖွယ်ရာမရှိ။ လူရှေ့သူရှေ့၌ နေမြဲစားမြဲပြုံးမြဲတိုင်းဖြစ်သောကြည်သည် နေ့အခါတွင် ရင်ထဲရှိအပူလုံးကို ဘယ်သူမှမသိအောင် လက်သပ် ချော့မြှူခဲ့ရ၏။
ဘယ်အချိန်တုန်းကတည်းက စခဲ့သလဲဆို...၊ အိမ်ထောင်သက် သုံးနှစ်အရောက် မြေးချီချင်သော မောင့်မိဘများ၏အရေးဆိုမှုကို ဖြည့်ဆည်းချင်သော်လည်း အိမ်ထောင်သက်လေးနှစ်နီးပါးထိ မအောင်မြင်သည်မှ စခဲ့သည်။ ထိုအချိန်မှစ၍ မောင်နှင့်ကြည်တို့ တစ်မိုးထဲအောက်အတူနေလျက် မိမိဝင်ရိုးပေါ် ကိုယ်စီလည်ပတ်နေကြသော သီးခြားကမ္ဘာငယ် တစ်ခုစီ ဖြစ်၍သွားခဲ့လေသည်။
“မောင်မောင့်အပေါ် မမနှင်းအချစ် မပြယ်သရွေ့ မောင်မောင်တို့ ကလေး မရပါစေနဲ့”
သစ္စာဆိုတာလိုလို၊ ကျိန်စာတိုက်တာလိုလို မောင့်မမနှင်းစကားတို့ မောင့်နှုတ်မှ ထွက်ကျလာခိုက် ကြည့်တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထောင်မတ်သွားခဲ့ရသည်။ မောင့်မှာတော့ မူးမူးနှင့် အသိစိတ် မပျောက်တပျောက်အချိန်မို့ ဗလုံးဗထွေးအန်ကျလာသော စကားမြားအနက်ကို ချင့်နိုင်ဟန်မတူ။ ကြည့်မှာသာ ရင်ဝတည့်တည့်စိုက်လျက် မနှုတ်သာအောင် ထုတ်ချင်းဖောက်ခံရသူလို။
ထိုစကားအပေါ် အမျက်မသိုရုံမက “မောင်မောင်သိပါပြီ မမနှင်းရယ်၊ မောင်မောင်သိပါပြီ။ မမနှင်း မောင်မောင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ မောင်မောင်သိပါပြီကွာ”ဟု ငိုသံပါကြီးနှင့် ရင်ကွဲမတတ် ဖြစ်နေသော မောင့်ကိုကြည့်ကာ ငုတ်တုတ်မေ့မျောနာကျင်ရသူ ကြည် ဖြစ်ခဲ့သည်။
နီးနီးလေးရှိလျက် ရင်ခုန်သံကိုမှဝေမျှကြားနာနိုင်ခြင်း မရှိတော့တဲ့အခါ အတူကကွဆိုတဲ့အဓိပ္ပါယ်ဟာ ကြည့်အတွက် ပြက်လုံးတစ်ခုသာ။ ညညအိပ်ချိန်တွေဆို ကျောခိုင်းလျက် တစ်ဘက်လှည့် အိပ်တတ်သော မောင့်နောက်ကျောကို အမှောင်ထဲမှကြည့်ကာသာ စိတ်မှန်းနှင့်လွမ်းရသည်။ ကြိတ်၍ရှိုက်ငိုခိုက် အသံကျယ်လာကာ မောင်နိုးသွားတော့မှာလားအထင်နှင့် ကြည့်လက်ဖျံကို သွားနှင့်ဖိကိုက်ကာ နာကျင်စေလျက် မျက်ရည်တို့ကိုရပ်တန့်စေခဲ့ဖူးသည်။ ထိုကာလများဆီက နာကျင်မှုဆိုတာ၊ အလွမ်းဆိုတာ ကြည့်အတွက်တော့ ညဥ့်လယ်ယံမှ စုန်းတောက်သလို ၀င်းဝင်းထင်းထင်းလူလုံးထွက်ပြရဲသော ဖူးပွင့်ဝေဆာမှုတစ်ခုသာ ဖြစ်ခဲ့လေသည်။
မောင် မူးလာတိုင်း ကြားရလေ့သော မောင့်မမနှင်းတမ်းချင်း၌ ကြည် အဖန်ဖန်သေသည်။ မောင့်မမနှင်းကျိန်စာ၌ ကြည် အဖန်ဖန်အက်ကွဲကြေမွရသည်။ ကြာသော် နာကျင်မှုတို့ အေးခဲလျက် ထုံကျင်နိုင်ပြီ။ ဇက်ကုန်လွှတ်အလွမ်းတို့ လက်ပမ်းကျလေပြီဟု ကြည်ထင်ခဲ့သည်။ အမှန်မှာ မြုံနေသောအနာလို တုတ်ကျတိုင်း ဆတ်ဆတ်ထိမခံ နာမြဲပင်တည်း။
တဖြည်းဖြည်းနှင့် မောင်အိမ်ပြန်မမှန်သော ရက်တချို့မှာ ကြည့်ခံစားမှုတွေ အပြည့်အဝပင်လုံးညွှတ်ခွင့် ရခဲ့သည်။ ဘယ်ရင်ခွင် ဘယ်နေရာမှာ ပျော်နေမည်မသိသည့်မောင့်ကို နာနာကျင်ကျင်လွမ်းဆွတ်စိတ်က တစ်ဘက်၊ ညတာရှည်ရသည့်အထဲ ကြားရတတ်သော အသံဗလံ ချိုးချိုးချွတ်ချွတ်ညတွေမှာ ကြောက်စိတ်တွေက တစ်ဘက်နှင့် တစ်ကိုယ်တည်း မိုးလင်းရသည်များ များစွာ…။
ဘယ်သူက သိခဲ့မှာလဲ၊ မောင့်မှာ အသက်လောက်ချစ်ရသော မောင့်မမနှင်းရှိခဲ့ဖူးသည်ဆိုတာ။ မောင့်ထက် အသက်ကြီးသည်။ လည်ပတ်နှံ့စပ်လွန်းသည်။ အခြေ အကြောကြီးသည်ဆိုကာ မောင့်မိဘတွေက သဘောမကျဘဲ ကြည်နှင့် လူကြီးချင်းစကားမြန်းလာစဉ်၊ ကြည်ကလည်း ဟန်ပန်တွေ လုပ်မနေ၊ ချက်ချင်း ခေါင်းညိတ်ခဲ့သည်။ ဒါကိုပင် မောင် သုံးနှစ်ခန့်အသည်းအသန်လိုက်ယူခဲ့ရသော မမနှင်းနှင့်ချိန်ထိုးကာ လွယ်လွန်းသည်ဟု မောင်က မြင်သည်တဲ့။ အချစ်မှာ အချိန်အတိုင်းအဆရှိသလား ဟု မောင့်ကို ကြည် မေးလိုက်ချင်သည်။
သို့သော် အရာရာလွန်ခဲ့ပြီ။
ကြည်နှင့်မောင့်အကြား ပိန်းသောအမှောင်ထုတစ်ခုက ခိုင်ခိုင်မာမာထူထဲ ခြားနားလျက်ရှိခဲ့လေပြီ။
(ဃ)
အပြင်မှာ မိုးဖွဲကလေးများ ကျလာပြီ။ ဆိုင်ရှေ့မှာလည်း လူအသွားအလာကျဲပါး စပြုပြီ။ ကော်ဖီဆိုင်ကလေးထဲမှာ ကြည်ရယ်၊ သူမရယ်၊ နောက် ခပ်ငယ်ငယ်စုံတွဲတစ်စုံရယ်သာရှိသည်။ ဂျပ်ဇ်တေးသွားတို့စီးဆင်းဆဲ သူမရှိုက်သံတို့ တိုးလျကာ အငိုတိတ်သည်။ အိတ်ထဲမှ တစ်ရှူး အစိုစလေးနှင့် မျက်နှာကိုသန့်စင်လျက် တူးဝေးကိတ်မိတ်ကပ်လေးသုံးကာ ပြင်ဆင်ချယ်သနေသည်ကို မြင်လိုက်ရသည်။ ပြီးတော့ နှုတ်ခမ်းနီဆိုးသည်။ ရဲရဲနီစွေးနေသော နှုတ်ခမ်းအရောင်သည် ယုံကြည်မှု၊ စွမ်းဆောင်နိုင်မှု၊ တိကျပြတ်သားမှုတို့ကို သူမမျက်နှာပေါ် ထပ်ဆောင်းပေးသည်။ အစောကလေးက ကြည်မြင်နေခဲ့ရသော သူမသည် ယခုသူမ မဟုတ်တော့။ အားလုံးပြီးတော့ သိမ်းစရာရှိသည်များ အိတ်ထဲပြန်သိမ်းကာ ထိုင်နေရာမှ ထသည်။ သီးသန့်ခန်းလေးထဲမှ အထွက်၊ ကြည့်ဘက်အလှည့် လှစ်ကနဲကွေးညွှတ်သွားသော သူမနှုတ်ခမ်းအစုံကိုမြင်ခိုက် ကြည်ပင် ရောယောင်ပြုံးပြလိုက်မိသည် ထင်၏။
ကြည်လည်း အိမ်ပြန်ဖို့ပြင်ရမည်။ လက်တွေ့ဘဝတစ်ခုဆီ သွားရဦးမည်။ ကြည့်ပါးပေါ်မှာလည်း ခြောက်သွေ့မျက်ရည်စီးကြောင်းတို့ ရှိခဲ့ပါသည်။ နေ့လည်ကအဖြစ်တို့ အပျက်အနေနှင့် ကြည့်အမှတ်အသားထဲမှာ ရှိနေဦးမည်။ ဆိုင်ထဲမှထွက်သွားသော သူမမျက်နှာပေါ်မှာ၊ ကြည့် မျက်နှာပေါ်မှာ ကြည်တို့မိန်းမတွေရဲ့ လက်တွေ့ဘဝရင်ဆိုင်မှုတွေ၊ ရဲရင့်ဖြတ်သန်းမှုတွေ၊ နာကျင်သမျှတို့အား လွှတ်ချထားနိုင်ခဲ့မှုတွေနှင့် ထင်လင်းတောက်ပနေဦးမည်။ ကြည် ထင်သည်။
(င)
ခန်းဆီးကလေးတွေ....
ပါးလွှာသလောက် လွင့်ပြန့်၊ လွင့်ပြန့်သလောက် ပေါ့ပါးကာ ထွင်းဖောက်မြင်နိုင်သည့် ပွင့်လင်းမြင်သာမှု အပြည့်နှင့် ခန်းဆီးကလေးတွေ၊ ထိုမှတစ်ဆင့် အမျိုးသမီးတစ်ယောက်၏နှလုံးသားကို ကြည်တွေ့ခဲ့ရပြီ။ ကြည့်နှလုံးသားတို့ကိုလည်း သူမ မြင်ကောင်းမြင်ခဲ့ပါလိမ့်မည်။ ခါတရံ တစ်ဦးချင်းစီ၏ နှလုံးသားများအား ထင်ဟပ်မြင်သာစေသော ခန်းဆီးပါးကလေးများ ကြည်တို့ဘဝမှာ လိုအပ်ကောင်းလိုအပ်မည်ဟု ကြည်ထင်သည်။
မောင်ကရော....၊ မောင်ဟာ ကြည့်အတွက် ခန်းဆီးအထူကြီးတစ်ခု ဖြစ်မည်ထင်ရဲ့။ နောက်ကွယ် တစ်ဘက်မှာ ဘာတွေရှိမလဲ ခန့်မှန်းလို့မရနိုင်အောင် ပိန်းမှောင်နက်အိအရောင် ရင့်ရင့်ခြယ်ကာ မောင် ကြည့်ဘဝထဲ သွေးအေးစွာ ဝင်ရောက်လာခဲ့သည်။ လေပြည်တိုးလို့မှ မလှုပ်ခတ်တတ်သော ထူထဲအေးစက်သည့်ခန်းဆီးသည် ကြည်ချစ်သော မောင်…။
အို....ကြည်တို့ဘဝမှာ သည်လိုခန်းဆီးအထူကြီးတွေလည်း လိုအပ်သည်။ အနည်းဆုံးတော့ ကြည်တို့အမျိုးသမီးတွေရဲ့မျက်ရည်တွေ၊ နာကျင်မှုတွေ၊ ဒဏ်ရာအနာတရတွေ၊ သွေးပျက်ဖွယ်ငရဲခန်းတွေ၊ ကျိုးပဲ့ကြေမွနေမှုတွေကို ခန်းဆီးထူထူကြီးများနောက်ကွယ်မှာ အမှောင်ချထားနိုင်မည်။ အမှောင်ချထားခဲ့လိုက်ချင်သည်။
ခဏကလေးဖြစ်ဖြစ်ပေါ့.....
အပြင်မှာ မိုးဖွဲကလေးများ ကျနေဆဲ။ အိတ်ထဲကထီးကိုထုတ်ကာ ဖွင့်ဆောင်းလိုက်သည်။ ကြည့်စိတ်ရော ကြည့်ကိုယ်ပါ ဖျားနာလို့ မဖြစ်သေး….။
Author: ချစ်ကြည်အေး

Monday, May 18, 2015
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)
No comments:
Post a Comment