ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 11, 2015

==ဆံသခြင်း အနုပညာ==

>
ဆံပင်ညှပ်ဆိုင် တစ်ခါတစ်ခါ သွားရတာ ကျွန်တော့်အဖို့တော့ အမြဲ စိတ်လှုပ်ရှားစရာဖြစ်ရသည်။ ဖြစ်နိင်လျင် မသွားချင်။ ဆံပင်ဆိုတာ ခန္ဒာကိုယ်၏ တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းများလို အရွယ်ရောက်လျင် သို့မဟုပ် အချိန်အတိုင်းအတာ တစ်ခုတွင် ရပ်တန့်သွားလျင်အဘယ်မျှ ကောင်းလိုက်မည်နည်း။ ကျွန်တော် ကပ်ကပ် သပ်သပ်တွေးမိသည်။ ယခုလို မလိုအပ်ပဲ ရှည်လျား နေသည့်အတွက် ကျွန်တော်တို့မှာ ကရိကထများကာ ငွေကုန်ကြေးကျ ခံနေရသည်မဟုပ်လား။ ဆံပင်ညှပ်ခတင်မက၊ ခေါင်းလိမ်းဆီဖိုး၊ ခေါင်းလျှော်ရည်ဖိုး၊ ဆံပင်ဆိုးဆေးဖိုး၊ မိန်းခလေးများဆိုလျင် ဘီးကုပ်ဖိုး၊ဆံညှပ်ဖိုး စသဖြင့် စသဖြင့်။ တစ်သက်တာ မှာ ဆံပင်နှင့် ပက်သက်သည့် ကုန်ကျစားရိတ်များကို ပေါင်းကြည့်လျင် ကားတစ်စီးလောက်များ ဝယ်၍ ရမလား ကျွန်တော် စဉ်းစားနေမိ သည်။ ဘယ်လိုဖြစ်လို့များ ကြံကြံဖန်ဖန် ပေါက်ပေါက်ရှာရှာ မွေးရာပါ ဆံပင်မွေးကို ရမယ်ရှာ အပြစ်ပြောနေရ ပါ သနည်း။ မိန်းမတို့ ဘုန်း ဆံထုံးဟုပင် အဆိုရှိသည်မဟုပ်လော။ ဆံပင်ဆိုသည်မှာ လူ၏ ကောင်းခြင်းအဖြာဖြာ တွင် တစ်ခုအပါအဝင် မဟုပ်ပါလောဟု စာဖတ်သူများ ကျွန်တော့်ကို နှုပ်သီးကောင်းရှာပါး ကတ်ကတ်လန် အောင် ရန်တွေ့ကြပါလိမ့်မည်။ မှန်ပါသည်။ ဆံပင်ကောင်းသူများ အတွက်တော့ ဆံကေသာဆိုသည်မှာ တသသ သ နေစရာ၊ တပြပြ ပြနေစရာ အဆင်တန်ဆာ တစ်ခုမဟုပ်လား။ ပုတုံးရောင် ကေသာ ကျော့မှာ ဘာညာ သာရကာ ဖွဲ့ဆိုသီကျူးစရာ မဟုပ်လား။ သို့သော် ကျိုးတိုးကျဲတဲ မီးရှို့ပြီးစ တောင်ယာခင်းပမာ၊ ဟိုတစ်စ သည်တစ်စ ကြာဆံချောင်းများ ရောနှောနေရာ၊ ပြောင်းဖူးမွှေးသာသာ ဆံပင်မွှေးများကိုသာ ပိုင်သသည့် ကျွန်တော့်လို လူမျိုး အဖို့ မှာတော့ ဆံပင်မွေးမှာ ခေါင်းပေါ်တင်ထားသည့် အမှိုက်ပုံတစ်ခုထက်မပိုခဲ့။ ခဏ ခဏ ရှင်းလင်းရတာသာ အဖတ်တင်သည်။ ဘာ တစ်ခုမှ အကျိုးမပြု။ ဒါဖြင့်လည်း ခေါင်းတုံးသာ တုံးလိုက်ပေါ့ကွာဟု သူငယ်ချင်း တစ်ယောက်က အကြံပေးဖူးသည်။ မှန်ပါသည်။ ဆံပင်ကို မလိုအပ်ဖူး ထင်လျင် ခေါင်းတုံးတုံးလိုက်သာ အကောင်းဆုံးမဟုပ်လား။ သို့သော် ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းမှာက ခေါင်းတုံးတုံးသည်နှင့် ပဉ္စင်းတက်လို့လား ဆိုသည့်မေးခွန်းက အမြဲလိုလို လိုက်လာတတ်သည်။ ဒါမှ မဟုပ် ရောဂါတစ်ခုခု များ ရှိနေလို့လား၊ ဒါမှမဟုပ် ....၊ စသဖြင့် သို့လောသို့လော မေးခွန်းတွေကို ရှင်းရတတ်သည်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်က ခေါင်းတုံးတုံးပြီးနေရတာ စိတ်ထဲမှာ ဟာလာ ဟင်းလင်း နှင့် မလုံမခြုံခံစားရတတ်သည်။ အမှိုက်ပုံပဲ ဖြစ်ပါစေဦး ဆံပင်လေးနှင့် နေရတာ သက်တောင့် သက်သာ ရှိသည်။ ကိုယ်လက်အင်္ဂါ ပြည့်ပြည့်စုံစုံ ရှိနေသလို ခံစားရသည်။ သည့်အတွက် ခေါင်းတုံးတော့ မတုံးဖြစ်။ ဆိုတော့ကာ ခေါင်းပေါ်က မြက်ဖုတ်ကလေးကိုသာ တတ်နိင်သမျှ လူကြည့်ကောင်းအောင် သ ရတော့မည် မဟုပ်လား။ ဒီနေရာမှာ တော့ ဆံသဆရာများ၏ အခန်းကဏ္ဍက အရမ်း အရေးပါလာခဲ့သည်။ ရုပ်ရှင်မင်းသား ရန်အောင်တို့၊ လွင်မိုးတို့လို ဆံပင်မျိုးတွေကို ဘယ်လို ဆံသဆရာမဆို လှအောင် ညှပ်တတ်သည်။ မျက်စိစောင်းပြီး လက်တုန်နေသည့် အိုနာကျိုးကန်း ဆံပင်ညှပ်ဆရာမျိုးကလွဲပြီး ဘယ်သူမှ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် တော့ ညှပ်မှာမဟုပ်။ သို့သော် ကျွန်တော့်လို မရှိမယ့်ရှိမယ့် အမွှေးလေးကို သ ရရှာသည့် ဆံသ ဆရာများအဖို့တော့ အင်မတိ အင်မတန် စိတ်ကူးဥဏ်ထက်သန်ဖို့လိုသည်။ လှလှပပ တီထွင်ကြံဆ တတ်ဖို့လိုသည်။ တယုတယ ကိုင်တွယ်ထုဆစ်တတ်ဖို့ လိုလာခဲ့သည်။ ဒီလို ဆံသဆရာမျိုးကလည်း သိပ်များများစားစား မရှိလှတာ သေချာသည်။ ထို့အတွက် အဖွင့်တွင်ကျွန်တော် ဆိုခဲ့သလို ဆံပင်ညှပ်ဆိုင် တစ်ခါတစ်ခါ သွားရတာ ကျွန်တော့်အဖို့ အမြဲ စိတ်လှုပ်ရှားစရာ ဖြစ်နေခဲ့သည်။ ကျွန်တော့်မှာ ရည်းစားနှင့် ကြည်ခါစ စပြီး ချိန်းတွေ့ရသလိုမျိုး၊ ဘယ်လိုဆံသ ဆရာမျိုးနှင့်များ တွေ့ရမလဲ ရင်တထိတ်ထိတ်နှင့်။ ထုံးစံအတိုင်း ဆံပင်ညှပ်ဆိုင် ဆိုသည်က ညှပ်သူတွေ ကလည်း များ၊ ဒီတစ်ခေါက် ဒီ တစ်ယောက်နှင့် ကျပေမယ့် နောက်တစ်ခေါက် နောက်တစ်ယောက် ဖြစ်ချင် ဖြစ်နေတတ်သည်။ ဒီတစ်ခေါက် ဒီတစ်ယောက် ညှပ်တာကို သဘောကျပေမယ့် နောက်တစ်ခေါက်သွားလျင် တွေ့ချင်မှ တွေ့တော့ မည်။ ဒီ့အတွက် ဆံပင်ညှပ်ဆိုင်မှာ ဆံပင်သွားညှပ်ရတာ အင်မတန် စွံ့စားရသည့် အလုပ် ဖြစ်လာခဲ့သည်။ တစ်ခါမျှ မညှပ်ဖူးသည့် ဆံသ ဆရာနှင့် ညှပ်ရတာ ကံကြမ္မာပေါ် လုံးလုံး ပုံအပ်ထား ရသလိုပင်။ အခန့်မသင့် လျင် ရုပ်ပျက်ဆင်းပျက်ပင် ဖြစ်သွားနိင်သည် မဟုပ်လား။ ငယ်စဉ်က တော့ ဆံပင်ညှပ်ခြင်းဆိုသည်မှာ အပူအအိုက်သက်သာဖို့နှင့် မျက်စိမဖုန်း ဖို့ဆိုသည့် လူကြီးသူမ များ ချမှတ်ထားသော လမ်းစဉ်ကို လိုက်နာရုံသက်သက်ထက်မပိုခဲ့။ ဆံပင်လေး နဲနဲ ရှည်သည်နှင့် အမေက ကြည့်မရတော့။ တကတည်း ညှင်းသိုးသိုးနဲ့ ဆိုပြီး မောင်နှမ တစ်သိုက်ကြီးကို ဆံပင်ညှပ်ဆိုင်သို့ တပ်ချီကာ ခေါ်သွားတတ်သည်။ ကျွန်တော်တို့ တစ်သိုက်လာလျင် ဆံသဆရာတွေ ပျော်ကြသည်။ ထိုစဉ်က ဆံပင်ညှပ် ဆိုင်များ ထုံးစံအတိုင်း ဆုံလည်ခုံနှင့် အုံးဆံခွံဆိုဖာနှင့်၊ စက်ကတ်ကြေးတွေ၊ သင်တုန်းဓားတွေကလည်း မာကျော အေးစက်ကာ ကြည့်ရင်းရွံ့လာမိတတ်သည်။ ခုံက အများဆုံး ရှိလှ၊ နှစ်လုံးသုံးလုံး။ ဒီတော့ တစ်ယောက်ပြီး တစ်ယောက် အလှည့်ကျ စောင့်ပေတော့။ ကျွန်တော့်ဆံပင်မျိုးကတော့ဆံသဆရာများ အကြိုက်။ ဘယ်လောက်မှ မညှပ်ရ ၊ ပြောင်ရှင်းသွားသည်မဟုပ်လား။ ခက်သည်က ဆံပင်ဆိုသည်က နွေစပါး မိုးစပါးများလို အသုတ်လိုက် စိုက်ပျိုး၊ အသုတ်လိုက် ရိတ်သိမ်းလို့မရတာပဲဖြစ်သည်။ ကျွန်တော့်မှာ အတူတူ ချင်းညှပ်ပေမယ့် တခြားသူများလို ဆံပင်မသန်လှသည့် အတွက် တော်တော်နှင့်မရှည်သေး။ သို့သော် အမေ ကတော့ မောင်နှမ တစ်သိုက်လုံး တစ်တွဲထဲ ခေါ်သွားတတ်မြဲ။ သို့အတွက် ကျွန်တော်တစ်ယောက်တည်းကို နောက်မှ သီးခြားခွဲပြီး လာညှပ်ပေးဖို့ အချိန်မရှိ။ သည့်အတွက် တစ်မျိုးကောင်းသည်က ဆံပင် ညှပ်ယင် ကောင်းမလား တစ်ပတ်လောက်စောင့်ဦးမလား တွေဝေစရာမလို။ ခေါင်းစားစရာ မလို။ အမေလိုက် ညှပ်ပေး သည့် အချိန် ညှပ်လိုက်ရုံသာ။ အရွယ် ရောက်လာသည့်အခါမှာတော့ ဤကိစ္စ က အမြဲလို ခေါင်းစားရသည်။ ကျွန်တော့်မှာ ဆံပင်ကို မှန်ရှေ့မှာ အမြဲ သနေတတ်သူမျိုးလည်း မဟုပ်သဖြင့် ဆံပင်ရှည်တာကို တော်တော်နှင့် သတိမပြုမိတတ်။ ဆံပင်ဆိုသည် ကလည်း တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းများလို အတိုင်းအတာ အကန့်အသတ်ရှိသည်မှမဟုပ်တာ။ ကိုယ့်ဘာသာ သတိထားမရှင်းလင်းမချင်း သူကတော့ ရှည်နေပါလိမ့်မည်။ အချက်ပြ သတိပေးလိမ့်မည်မဟုပ်။ လူကိုမနေနိင် မထိုင်နိင်ဖြစ်အောင် လုပ်မှာလည်းမဟုပ်။ ဒီအနေနဲ့ ညှပ်ယင်ကောင်းမလား ဆိုသည်က ကိုယ့်ဘာသာ ကိုယ် ဆုံးဖြတ်ရမည့်အလုပ်။ ငယ်စဉ်ကလို အပူအအိုက်သက်သာဖို့ မျက်စိမဖုံးဖို့ ဆိုသည့် စံညွှန်းများကို ဆက်လက် ကိုင်ဆွဲထားလျင်တော့ ကိစ္စမရှိ။ သို့သော် လူပျိုလူရွယ် ရောက်လာသည့်အခါမှာတော့ ထိုစံညွှန်း များထက် ကြည့်၍ ကောင်းမကောင်း ဆိုသည့် စံညွှန်းကိုသာ ထုံးစံအတိုင်း ပြောင်းလဲကျင့်သုံးလာမိတော့သည်။ ထိုအခါ ဆံပင်တစ်ခါညှပ်ဖို့ ဆုံးဖြတ်ရတာ အတော်လေး ဂွကျလှသည့် ကိစ္စ ဖြစ်လာတော့သည်။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ်ဆုံးဖြတ်မရသည့်အခါ နီးစပ်ရာ လူကို တိုင်ပင်ရသည်။ ရည်းစား သနာ ရှိလာသည့်အခါ သူမ၏ အဆုံးအဖြတ်ကိုသာ လုံးလုံးလျားလျား ခံယူမိတော့သည်။ သည့်အတွက် ကျွန်တော့်မှာ ဝန်ထုပ်ဝန်ပိုးတစ်ခုလျော့သွားသလို ခံစားမိသည်။ ကိုယ် ဆံပင်ရှည်နေပြီ မညှပ်သေးဘူးလား ဟု သူမ အပြော စောင့်နေလိုက်ရုံ ပင်။ ငယ်စဉ်က ဆံပင်ညှပ်ဖို့ အမြဲဆော်သြတတ်သည့် အမေ့နေရာမှာ ရည်းစားဖြစ်သူက ဝင်ရောက် တာဝန်ယူခဲ့သည်။ ဤအတွက် ဆံပင်ညှပ်ခြင်း တိုင်မင် (timing) အတွက် ထွေထွေထူးထူး ခေါင်းစားစရာ မရှိခဲ့။ ခေါင်းစားရသည်က ဆံပင်ညှပ်ဆိုင်ရောက်သည်နှင့် အစ်ကိုဘယ်လိုပုံမျိုး ညှပ်မလဲဟု မေးလာသည့် ဆံသဆရာလေးများ၏ မေးခွန်း။ အေး ဒီလိုပဲ ကြည့်ကောင်းသလိုသာ ညှပ်ကွာဟု ဆိုပေမယ့်လည်း တကယ့်အရေးကြီး သည့် အဆုံးအဖြတ်တွေကို တော့ ချပေးဖို့လိုနေပြန်သည်။ ဥပမာ- ဒေါက်က တိမှာလား အရှည်ထားမှာလား၊ ဆံပင်က ထပ်ပါးဦးမလား၊ ခပ်တိုတိုလေးပဲထားမလား စသည့် မေးခွန်းတွေကိုတော့ မဖြေမဖြစ် ဖြေရပြန်သေး သည်။ ထိုအခါမျိုးမှာ ကျွန်တော့်မှာ ကုမ်ပဏီ အကြီးအကဲတစ်ယောက် အရေးကြီးသည့် အဆုံးအဖြတ်တစ်ခုကို ချက်ခြင်း မချမှတ်နိင်သလိုမျိုး၊ ခက်သည်က ခေါင်းထဲမှာ တင်ကြို စိတ်ကူးပုံဖော်ထားတာမျိုးမရှိခြင်းပင်။ သည့်အတွက် အင်း အဲနှင့် သူ့အတိုင်းသာ သံယောင်လိုက်ပြီး အဖြေပေးမိတတ်သည်။ ကိုယ် ဘယ်လိုညှပ်ချင်တာလဲ မပြောတတ်။ ဒါဖြင့်လည်း လွယ်လွယ်ကူကူ ရုပ်ရှင်မင်းသားဖြစ်ဖြစ် မော်ဒယ်ဖြစ်ဖြစ် အဆိုတော်ဖြစ်ဖြစ် တစ်ယောက်ယောက် ထဲက ကိုယ့်မျက်စိနဲ့ တွေ့တဲ့ တစ်ယောက်ယောက်ကို ပြောလိုက်လျင်တော့ရသည်။ သို့သော် ကျွန်တော့်အကျင့်က သူများတစ်ကာကို တုပရမှာလည်း အင်မတန်စိုးသည်။ ဒွေး ကေတို့၊ ရာဇာနေဝင်း ကေတို့ ထောင် ကေတို့ ခုနောက်ပိုင်းဆို ကိုရီးယား မင်းသားတွေရဲ့ ကပိုကယို ကေတွေ ခေတ်စားလာခဲ့သည်။ ကျွန်တော့်မှာ တစ်ခါမျှ လိုက်ညှပ်ဖို့ စိတ်မကူးမိ။ ဥပမာ ဒွေး ကေ မျိုး ညှပ်မိလျင် သူ့ ခေါင်းကို ကိုယ့်မှာ လာစွပ်ထားသလိုမျိုးများ ဖြစ်နေမလား တွေးမိပြီး ရွံသလိုလို ကြောက်သလိုလို ဖြစ်မိသည်။ မလှချင်လည်း နေ ကျွန်တော့် ပုံစံနှင့်ကျွန်တော် ပဲ နေချင်မိသည်။ လူဆိုသည်က ကိုယ့်မျက်နှာပေါက်နဲ့ ကိုယ်၊ ကိုယ့်ဝတ်ပုံစားပုံနှင့်ကိုယ်၊ သီးခြားရှိကြသည် မဟုပ်လား။ သည့်အတွက် ဆံပင်ပုံစံသည်လည်း ကိုယ်နှင့်လိုက်ဖက်မည့် ဆံပင်ပုံစံမျိုး ပဲဖြစ်သင့်သည်။ ဟိုမင်းသားနာမည်ကြီးလို့၊ သည်အဆိုတော် အခုတလော ဟော့နေလို့ သူ့ဆံပင်ကြီး ကိုယ့်ခေါင်းမှာ လာလာစွပ်ရတာ ကိုယ့်ပုံရိပ်ကိုယ် ပဲ့သလိုခံစားမိသည်။ လူဆိုတာ ဆံပင်ပုံစံပေါင်းစုံ စွပ်လို့ရတဲ့ မော်ဒယ်ရုပ်မှ မဟုပ်တာ။ ခက်တာက ကိုယ်နှင့် လိုက်ဖက်မည့် ပုံစံကို ကိုယ့်ဘာသာ မသိ။ (ဘဝမှာ အဲဒီကိစ္စက အခက်ဆုံးပဲဟု ကျွန်တော် ထင်သည်) မသိတော့ မပြောတတ်။ မပြောတတ်တော့ ဆံသဆရာများ၏ လက်ထဲသာ ကိုယ့်ကြမ္မာ ကိုယ်လုံးလုံး ပုံအပ်ထားလိုက်တော့သည်။ တစ်ချို့ ဆံသဆရာများ ကတော့ သိသည်။ ကျွန်တော့် မျက်နှာ ရှည်ကြီးနှင့် လိုက်ဖက်အောင် ဆံပင်ကို သ ပေးတတ်သည်။ ကိုယ်ကလည်း လိုချင်တာကိုသာ မပြောတတ် ရှိမည်။ ညှပ်ပြီးလျင်တော့ ကောင်းမကောင်း သိသည်။ လိုက်မလိုက်သိသည်။ သို့သော် ဘာကြောင့် လိုက်တာ လဲ တော့မသိ။ ဒီလို ဆံပင်ကို ဘေးခွဲတာချင်းကိုပဲ တစ်ချို့ညှပ်ပေးလိုက်တာ ကြည့်လို့ကောင်းပြီး တစ်ချို့ လက်ရာ များ ကတော့ ရယ်စရာ။ ဘာကွာသနည်း၊ ကျွန်တော်လည်း မသိ။ မျက်စိဖြင့် ကြည့်ကောင်းတာပဲ သိသည်။ စကားလုံးအဖြစ်တော့ မပြောတတ်။ ဆံပင်ပုံစံနှင့် ပက်သက် သည့် ဝေါဟာရတွေက ပဲ ကျွန်တော့် ဆီမှာ ချို့တဲ့လွန်းတာလား။ ဒါမှမဟုပ် အမြင်အနုပညာကို စကားလုံးအနုပညာအဖြစ် မကူးပြောင်းနိင်တာလား။ မပြောတတ်။
သည်တော့ ကျွန်တော့်မှာ ဆံသဆရာများ၏ အနုပညာ အရည်အသွေးကိုလိုက်ပြီး အသွင်အပြင်က အမြဲ ပြောင်းလဲ လို့နေခဲ့သည်။ တစ်ချို့ ဆံသဆရာများ၏ လက်ရာက တည်တည်ခံ့ခံ့၊ တစ်ချို့ လက်ရာများက ပေါ့ပေါ့ပါးပါး၊ တစ်ချို့လက်ရာများက ရယ်စရာများပင်ကောင်းသေးသည်။ တစ်ချို့လက်ရာများကတော့ ကြည့်ရင်းနှင့် ဒေါသဖြစ်လာမိသည်။ ရှားရှားပါးပါး နှစ်သက်ပီတိ ဖြစ်မိသည့်အခါများတွင်တော့ ထိုဆံပင်ပုံစံကို ညှပ်ပစ်ရမှာပင် နှမြောနေမိသည်။ သည်လိုမျိုး ဆံပင်ညှပ်ဆိုင်မှ ပြန်လာပြီးတိုင်း ကျွန်တော့်မှာ ခံစားမှုအမျိုးမျိုး နှင့် ပြည့်လျှမ်းနေတတ်သည်။ သည်လိုခံစားမှုမျိုးကို ဘေးဘီက တော့ နားမလည်နိင်။ ကျွန်တော့် ကောင်မလေးကတော့ လူမှုရေးအရ ပြောသည်လားမသိ၊ ကျွန်တော် ဆံပင်ညှပ်လာပြီးတိုင်း ကြည့်လို့ မဆိုးပါဘူးဟု ပြောတတ်သည်။ ကျွန်တော့်မှာ သူမ စကားကို ယုံရအခက် မယုံရအခက်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့ဆိုတာလည်း မှန်ထဲက တဆင့်သာ မြင်ရခြင်းဖြစ်သည်။ သူမလိုမျိုး အပြင် ကနေ 3D မြင်နေရတာမျိုးမဟုပ် တော့ ကျွန်တော့်အမြင်ထက်စာလျင် သူမအမြင်က ပိုပြီး အရေးပါတာတော့အမှန်ပင်။ သို့သော် သူမ မျက်စိထဲမြင်တာနှင့် သူမစိတ်ထဲခံစားမိတာ၊ သူမ နှုတ်က ထွက်လာတာ တစ်ထပ်တည်းကျမကျတော့ ကျွန်တော်ဘယ်လိုမှ မသိနိင်။ တစ်ခါတစ်ခါတော့လည်း ကိုယ့်ကိုယ်ကို စဉ်းစားမိသည်။ သူများတကာ၏ အထင်အမြင်ကို ကျွန်တော်ကပဲ အရမ်းအလေး ထားနေမိသည်လား။ ဤကဲ့သို့ လူအများ၏ အာရုံစိုက်မှုဖြင့် လုပ်ကိုင်စားသောက်နေရသည့် မင်းသားမင်းသမီး၊ မော်ဒယ်၊ celebrity များ ဆိုလျင်တော့ ဟုပ်သပေါ့။ ကျွန်တော့်မှာ ကိုယ့်ကို မျက်ချည်မပြတ် စောင့်ကြည့်နေသည့် ပိရိသတ်လည်း မရှိ၊ မီဒီယာ တွေလည်း မရှိ။ ပါပါ ရာဇီတွေ ဆိုတာ ဝေလာဝေး။ လမ်းဘေးခွေးများပင် ကိုယ့်နောက်က လိုက်လာတက်တာမျိုးမဟုပ်။ (လိုက်လာလည်း ဘာမှ စားရသောက်ရမည်မဟုပ်)။ သည်တော့ ဘာအတွက်များ ကျွန်တော်က စိုးထင့်ပူပန်နေရပါသလဲ။ ကိုယ့်ဘာသာ မေးခွန်းထုပ်မိသည်။ အဖြေကတော့မရှိ။ အဖြစ်က လူနှင့် ဆံပင် မလိုက်ဖက်သည့် ကိစ္စ သက်သက်မဟုပ်တော့။ လူနှင့် ဆန္ဒ မလိုက်ဖက်သည့်ကိစ္စ ဖြစ်လာသည်။ အထက်တွင်ပြောခဲ့သလို ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုပုံစံမျိုးညှပ်ချင်တာလဲ ကျွန်တော် ကိုယ်တိုင် လည်း မသိ၊ သည့်အတွက် ဆံသ ဆရာအနေနှင့်တော့ သိဖို့ရာ အကြောင်းကိုမရှိ။ သို့သော်လည်း ဆံပင်ညှပ်ခုံမှာ ထိုင်လိုက်တော့လည်း သူ့မှာ ညှပ်ပေးရသည်။ သူ့လက်နှင့် ကျွန်တော့်စိတ် တစ်ပြိုင်တည်း ညှပ်ကြသည်။သူ့လက်က ကျွမ်းကျင်မှုနှင့် ညှပ်သည်။ ကျွန်တော့်စိတ်က ကိုယ်ဘယ်လို ဖြစ်ချင်တာလဲ ကိုယ့်ဘာသာ စမ်းတဝါးဝါး ရှာသည်။ အချိန်တန်တော့ ညှပ်ပြီးသွားသည်။ ဆံသဆရာက ညှပ်ပြီး မှန်ထဲကြည့်သည်။ ကျွန်တော်က ညှပ်ပြီး ကိုယ့်စိတ်ထဲကိုယ်ကြည့်သည်။ ကျေနပ်ပြီလား။ အဲဒီမှာ ခံစားမှုပေါင်းစုံ မွေးဖွားလာသည်။ ကျေနပ်ပီတိ ဖြစ်သည်လည်းရှိ။ မကျေမနပ် ဒေါသ ထွက်မိသည်လည်းရှိ။ တစ်ခုခု လိုနေသလိုလို ဆန္ဒမပြည့်ဝသည့်အခါလည်းရှိ။ နောင်တ နှင့် နှမြောတဿမှု ကြုံရသည်မျိုးလည်းရှိ။ ဘယ်လိုပဲ ဖြစ်စေ၊ ကျွန်တော်ကတော့ ညှပ်ပြီး ဆိုင်ထဲက ထွက်လာတိုင်း နံရံပေါ်က ဆံပင် မော်ဒယ်ပုံများကို မကြည့်မိအောင် သတိထားကြိုးစားမိသည်။ အပီအပြင် သထားသည့် သူတို့ ခေါင်းတွေက ကျွန်တော့် ခေါင်းပေါ်က ဖုန်းဆိုးမြေတစ်ကွက်ကို အပြတ်အသတ်လှောင်နေကြသလိုပင်။ သည့်အတွက် ကိုယ့်ပုံရိပ်ကိုယ် မှန်ထဲမှာ ပြန်ထုဆစ်ဖို့ အိမ်သို့သာ အမြန်ဆုံး တန်းပြန်မိတော့သည်။ လမ်းတွင် ဘယ်မှ မဝင်။ ညှပ်ပြီးခါစ ဆံပင်ကို ဆွဲပြီးစ ပန်းချီကားလို ဘယ်သူ့မှ မပြချင်။ အထူးသဖြင့် အသားမကျသေးသည့် ဆံပင်ပုံစံနှင့် လူကြားထဲသွားလာရမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိချင်။ သည့်အတွက် တတ်နိင်သမျှ အိမ်နှင့် နီးနီးနားနား ဆိုင်တွင်ပဲ ညှပ်လေ့ရှိသည်။ တစ်ခါတစ်ခါ ကိုယ့်ဘာသာကိုယ်တွေးမိသည်။ ကျွန်တော်တစ်ယောက်တည်းများ ဒီ ဆံပင်ကိစ္စကို အစွဲအလန်းကြီးနေမိသည်လား။ ဘယ်ဟုပ်ပါ့မလဲ။ တစ်ကယ်တော့ ကျွန်တော့်အနေနှင့်သာ ဆံပင်ဖက်ရှင်ကို အပိုဆာဒါး ကိစ္စတစ်ခုအဖြစ် အရေးတယူ မရှိလှပေမယ့် ကမ္ဘာနှင့် အဝှမ်းမှာတော့ ဆံပင်ဖက်ရှင်က တနေ့တခြား အရေး ပါလာခဲ့သည်။ တခြားမကြည့်နှင့် ည ည ကြည့်မိသည့် ဘောလုံးပွဲတွေမှာပင် ဘောလုံးသမားတွေ၏ ထူးထွေဆန်းပြား ဆံပင်ပုံစံများကို သတိ ထားမိသည်။ သူတို့တွေမှာလည်း ကြီးမားလှသည့် ဘောလုံးကွင်း ထဲမှာ သူတို့ကို ပိရိသတ် သတိထားမိအောင်ဆံပင်ပုံစံကို အမျိုးမျိုး ထားကြသည်။ ပြောင်းကြသည်။ တစ်ခါက ၂၀၀၂ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်တိုက်စစ်မှူး ရော်နယ်ဒိုတစ်ယောက် ကလေးဦးစမုတ်ကေလေးဖြင့် နာမည်ကျော်သွားခဲ့သည်။ သူ သွင်းခဲ့သည့် ဂိုးတွေထက် သူ ထားသည့် ဆံပင်ပုံစံကို လူပြောပိုများခဲ့သည်။ ထို့အတူ အင်္ဂလိပ် မော်ဒယ်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း သည်လည်း မိုဟီကမ် ကေကို အဆန်းထွင်ပြီး သကာလ တစ်ကမ္ဘာလုံးက ချာတိတ်တွေ မိုဟီကမ် ကေ တွေဖြစ်ကုန်သည်။ ဆံပင်ဖက်ရှင် နှင့် ကျော်ကြားမှု တွဲနေသည့် ပြယုဒ်များပင်။ အာဖရိက ဘောလုံးသမားများဆိုလျင် မွေးရာပါ ကောက်ကောက်ကွေးကွေး ဆံပင်လေးများကို နာရီနှင့် ချီပြီးအချိန်ကုန်ခံ ပြင်ဆင်ရသည်ဟုဆိုသည်။ ကျွန်တော်သာ အာဖရိကမှာ မွေးလာခဲ့လျင်တော့ ခေါင်းတုံးပဲ တုံးရဖို့ရှိမည်။ ဆံပင်အတွက် ဒီလောက်တော့ အလုပ်ရှုပ်ခံမည်မဟုပ်။ သို့သော် ပြန်စဉ်းစားကြည့်တော့လည်း လူ့ခန္ဒာကိုယ်မှာ စိတ်ကြိုက်ပုံသွင်းပြုပြင်လို့ရသည့် ခန္ဒာကိုယ်အစိတ်အပိုင်းက များများ စား စား မရှိလှ။ ခန္ဒာကိုယ်အချိုးအစား ကျနအောင် လေ့ကျင့်ခန်းလုပ်ယူလို့တော့ရသည်။ သို့သော် နေ့စဉ်မပြတ် ချွေးထွက်ခံပြီး လုပ်မှ။ ဒါတောင်မှ မွေးရာပါ အရပ်အမောင်းနှင့် အဆစ်အပေါက်က စကားပြောသေးသည်။ အသားအရေကိုလည်း လှပချောမွေ့အောင် အသင့်အတင့်တော့ ပြုပြင်ပြောင်းလဲလို့ရသည်။ သို့သော်လည်း ကျီးကန်းကို ဗျိုင်း ဖြစ်အောင်တော့ ဘယ်နတ်ဘုရားမှ မလုပ်နိင်။ ခြေသည်း လက်သည်းတွေ ဆေးဆိုး ပန်းချီချယ် လို့ရသည်။ အရေပြားမှာ ဆေးမှင်ကြောင်တွေ ချယ်လို့ရသည်။ သို့သော်လည်း အကန့်အသတ်တွေ အများကြီး။ ပြီးတော့ သိပ်ပြီး မမြင်သာလှ။ ဆံပင်ကတော့ မြင်သာသည်။ ထင်ရှားသည်။ သည့်အတွက် ဆံသ ခြင်းကို လူတွေ အရေးထားကြသည်။ ဂရုတစိုက် ရှိကြသည်။ အချိန်ကုန်ခံကြသည်။ ပိုက်ဆံကုန်ခံကြသည်။ ဂျယ်ထောင်ပြီး လမ်း တစ်ပတ်လျှောက်ကာ ကိုယ့်ကို ဘယ်သူများ ကြည့်မလဲ မျှော်ရသည်။ တစ်ချို့က တအံ့တသြ၊ ဘယ်လို ပုံကြီးလဲ ၊ ဘာကြီးလဲ ၊ တစ်ချို့က အလန့်တကြား ဒါ လူမှ ဟုပ်ရဲ့လား၊ စသဖြင့် ကြည့်ပြီး ဘယ်လို ပဲ မှတ်ချက် ချချ ဂရုမစိုက်၊ ကြည့်ဖို့သာ အရေးကြီး သည် မဟုပ်လား။ မျက်လုံး ထောင့်ကပ်ပြီး ကြည့်ကြည့်၊ တည့်တည့်ကြီး ပြူးပြီးပဲ စိုက်ကြည့်ကြည့်၊ ရှေ့မှာ မတွေ့ချင်ယောင်ဆောင် ပြီး လွန်သွားမှ သမင်လည်ပြန်ပဲ ကြည့်ကြည့်၊ ကြည့်ချင်သလို ကြည့်၊ ကိုယ့်ဆံပင်ကို သတိထားမိသည် ဆိုလျင်ပဲ ကျေနပ်လှပြီ၊ တော သူ တောင်သားတွေလို ပါးစပ်ကပါ အသံထွက်ပြီး ဟယ် ဆံပင်ပုံစံက မိုက်လိုက်တာ လို့ ဗွင်းဗွင်းကြီး ပြောချလိုက်ရင်တော့ သကောင့် သားမှာ ဆံပင်လေးကို ဟန်လုပ်ပြီး သပ်တင်ပါလိမ့်မယ်။ လူဆိုတဲ့ အမျိုးက အဲဒီလိုမျိုး၊ ခွေးတွေ ကြောင်တွေ တိရစ္ဆာန် တွေများ သူတို့မှာ ပါလာတဲ့ သဘာဝ ဒီဇိုင်းလေးကိုပဲ အရှိအတိုင်း လက်ခံထားကြသည်။ ကြံဖန် ဂုဏ်ယူနေတာ မျိုး မရှိသလို ရှက်ရွံ့သိမ် ငယ်နေတာ မျိုးလည်း မရှိ။ ခွေးတွေဆို အမွှေးပါးတဲ့ အပူပိုင်း ဒေသ ခွေးတွေလည်း ရှိသလို အမွှေးထူ အအေးပိုင်းခွေးတွေလည်း ရှိသည်။ သဘာဝ ရဲ့ လိုအပ်ချက်အတိုင်း ပေါက်နေတဲ့ အမွှေးတွေကို ဘယ်သူမှ ကြံဖန် သမနေကြ။ ဒီတော့ အခုလို မရှိမယ့် ရှိမယ့် အမွှေးလေးကို ကြံဖန် သနေရတာ ဟာ လူ ဖြစ်နေလို့ဆိုတာ ရှင်းနေတော့သည်။ မျိုး ကျော့မြိုင် သီချင်း လို လူဖြစ်ရတဲ့ ဒုက္ခဟာ ဆံပင်ညှပ်ခြင်း အမှုနဲ့တင် ပေါ်လွင်ထင်ရှားလို့နေတော့ တယ် မဟုပ်လား။ ဗုဒ္ဒ ဘာသာ ဘုန်းကြီး တွေ အမြဲတမ်း ညွှန်ပြလေ့ရှိတဲ့ ၃၁ ဘုံတွေ ဘဝသံသရာတွေက မမြင်မစမ်းနဲ့ ဝေဝါးလွန်းလှပါသေးသည်။ ဆံပင် ညှပ်ခြင်း သံသရာ ကတော့ သိပ်မကြာ ရောက်ရောက်လာတော့ကာ ဘဝဟာ ဆံပင် တွေလိုပဲ အချည်းနှီး အဓိပါယ် မဲ့ ရှည်လျားနေပြီး အချိန်တန် ရိတ်ပစ်ရတာပါပဲ လို့ မကြာခဏ သံဝေဂ ရမိတာကတော့ အမှန်။ ဒီလို ကျိုးတိုးကျဲတဲ ဆံပင်တွေ အောက်က ဦးခေါင်းတစ်လုံးဟာ ဒီလို ထိုးထွင်းသိမျိုးတွေ ဘာတွေ ဘယ်လိုများရပါလိမ့်လို့ မအံ့သြပါနဲ့။ ကျွန်တော့်လို ဘာသာတရားနဲ့ ဝေးလှတဲ့သူတောင် ဒီလိုတွေးမိရင် ကျွန်တော့်နေရာမှာ ဇင်(Zen) ဘုန်းကြီးတွေသာ ဆိုယင်တော့ ဒီ့ထက် ပို နက်နက်ရှိုင်းရှိုင်း မြင်တတ်ပြီး ဆာတိုရီ() တွေ ဘာတွေ တောင် ရသွားနိင်ပါသေးသည်။ ပြောချင်တာက ဆံပင်တွေနဲ့ ပက်သက်ရင် ကျွန်တော်ဟာ ဒီလောက်ထိ လေးနက်ခဲ့သည်ပေါ့။ ယခုတလော ကိုရီးယား ကေ တွေ ခေတ်စားလာတာ သိသိသာသာ သတိထားမိသည်။ ရုတ်တရက် ကြည့်လျင် ကပိုကရို စတိုင် မျိုးဖြစ်အောင် တမင်လုပ်ထားသည်။ ဖန်တီးထားသည့် သဘာဝ စတိုင်။ ကြံစည်ထားသည့် ကြုံရာ ကျပန်း အဖြစ်။ မသပ်ရပ်မှုကို သပ်သပ်ယပ်ယပ် ဖန်တီးထားသည်။ ယနေ့ခေတ် ပို့စ်မော်ဒန် အကောက်အယူများ ဖြင့် ချိန်ထိုးကြည့်လျင် စိတ်ဝင်စားစရာ။ သည် ဆံပင် ပုံစံများက ခန့်ညားလှပ အချိုးအစား ကျနသည့် Classis စတိုင် များနှင့် သိသိသာသာ ခြားနားလှသည်။ သီးခြားအတွေးအခေါ် တစ်ခုကို အခြေခံထားမှန်း သေချာလှသည်။ အချိုးမညီခြင်း၊ ကပိုကရို ဖြစ်ခြင်းတွင်လည်း အလှတရား ကိန်းဝပ်နေသည်ကို ထင်ရှား စေသည်။ တစ်ခါ တစ်ခါ စဉ်းစားမိသည်။ လူတစ်ယောက်၏ ဆံပင် ပုံစံက ထိုသူ၏ အတွေးအခေါ်နှင့် ကိုယ်ရည်ကိုယ်သွေးကို ထင် ဟပ်နိင်သလား မသိ။ သို့ဆိုလျင် တော့ ပုံမကျ ပန်းမကျ ကျွန်တော့် ဆံပင်ပုံစံကို ကြည့်ပြီး ကျွန်တော့်ကို ဘယ်လို အကဲဖြတ်ကြမလဲ ။ သတ်မှတ်ကြမလဲ။ ပုံမလာတဲ့ တိုက်ဂေါ ကြီးပါကွာဟုပဲ သမုတ်ကြမလား။ ဆံပင်ပုံစံကို က အချိုးမကျ ဂွကျမယ့် လူကြီး ပါကွာဟု ထင်ကြေးပေးကြ မလား။ အပေါ်ယံအသွင်အပြင်တွေကို အရေးမထားတဲ့ လေးလေးနက်နက်ရှိသူ လို့ပဲ အမွှမ်းတင်ကြလေမလား။ ကျွန်တော် မသိ နိင်။ ကျွန်တော် စိုးရိမ်သလိုလည်း ဖြစ်ချင်မှ ဖြစ်မည်။ ဘာထင်ကြေးမှ မပေးကြတာလည်း ဖြစ်နိင်သည်။ ဆံပင်ပုံစံက စိတ်ဝင်စားစရာ မရှိသဖြင့် မည်သူမှ မှတ်မှတ်သားသား သတိမထားမိတာလည်း ဖြစ်နိင်သည်။ ဒါဆိုယင်တော့ ကျွန်တော်ဟာ ကိုယ့်ဘာသာ တစ်ယောက်တည်း အတွေးခေါင်နေတဲ့သူသာ ဖြစ်ပေလိမ့်မည်။ အလို မြတ်စွာဘုရား၊ ကျွန်တော် ကိုယ်တိုင်က သူများတွေထက် ထူးထူးခြားခြား ဆံပင် ခရေဇီ များ ဖြစ်နေသလား၊ 

+ဒီနိုဗို+ 

ဒီဇင်ဘာ ၂၀၁၄ နှင်းဆီဖြူမဂ္ဂဇင်း

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1302) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) ကြေညာချက် (28) ရုပ်သံ သတင်း (25) -ကာတွန်းဟာသ (24) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ပညာပေး) (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) ဘာသာပြန် (9) The Article (8) xပညာပေး) (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) x ပညာပေး) (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)