ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, June 4, 2015

===သူကလေး====

>
**သူကလေး..... (၁) **
 သူက စိတ်ကူးသိပ်ယဉ်တတ်သောသူ....။ “ကိုယ်တို့ ကလေးရတဲ့အခါ ကြည့်လိုချောချောလေးမွေးပြီး ကိုယ့်လိုသဘောကောင်း မနောကောင်းလေးဖြစ်ရင်တော့ ကလေးက သိပ်အဖိုးတန်မှာပဲ” တဲ့။ “ဟင့်အင်း ကလေးက ကျွန်မနဲ့ရုပ်မတူဘဲ ကျွန်မလို အပျင်းထူ အတ္တကြီး တဇွတ်ထိုးကလေးဖြစ်နေရင် ခက်ရချည့်”ဟု ကြည်ကဆိုသည်။ “ဟုတ်တာပေါ့ မနက်မနက် အိပ်ယာထဖို့ အမြဲနှိုးရခက်တဲ့ကလေး၊ မျက်နှာမသစ်ဘဲ မနက်စာစားတဲ့ကလေး၊ ရေချိုးဖို့သိပ်ပျင်းတဲ့ကလေးလည်း ဖြစ်ဦးမှာ”ဟု သူပြန်ပြောတော့ ကြည်က ပြုံးလို့သာနေခဲ့သည်။ လမ်းမှာများ ကလေးလေးတွေတွေ့တဲ့အခါ သူရောကြည်ပါ ခေါင်းငဲ့လို့ သိသိသာသာ လိုက်ကြည့်နေတတ်တာ။ တခါတခါ သူက ကလေးလေးတွေကို မျက်ခုံးပင့်ပြ လျှာထုတ်ပြနဲ့ ကျီစယ်တတ်ပြန်သေးသည်။ ကလေးတွေက ခိုးခိုးခစ်ခစ်ရယ်တဲ့အခါ သူ သဘောတကျလိုက်ရယ်မြဲ။ ကြည်ကတော့ ကလေးလေးတွေနဲ့သူ့အကြားက နူးညံ့သည့် ဆက်သွယ်မှုကလေးတစ်ခုကိုသာ စိတ်နှင့် ဖွဖွကလေးသပ်မိတတ်သည်။ ထိုအချိန်များမှာ ကြည်သည် ကြည့်ရင်ထဲထိ မကြည့်နိုင်ဘဲ မျက်နှာကိုသာ အတတ်နိုင်ဆုံး အပေါ်ယံရှပ်ပြုံးထားရတတ်သည့်အခါများ ဖြစ်ခဲ့သည်။ ကြည့်ရင်သည် လစ်ဟာမှုနှင့် ကြွေမွနေမည်ကို ကြည်သာ သိသည်လေ။ “ကြည်က ကလေး မွေးမပေးနိုင်ဘူး ထင်ပါရဲ့နော်”ဟု ဆိုတဲ့အခါတိုင်း သူက ခေါင်းခါရယ်မောသည်။ “မဟုတ်တာကွာ...ကိုယ့်အလုပ်ကြောင့် ဖြစ်မှာပါ။ မြေပေါ်အပူချိန်ထက်ပိုပူတဲ့ မြေအောက်ထဲက လှိုဏ်ခေါင်းတွေထဲမှာ အလုပ်လုပ်ရတဲ့အမျိုးသားတွေရဲ့ သုတ်ပိုးထဲမှာ အောင်မြင်တဲ့ပိုးကောင်ရေဟာ ရှိရမယ့်အရေအတွက်ထက်ပိုနည်းနေတတ်တယ်လို့ ကိုယ်ဖတ်ဖူးတယ်”ဟု ဆိုသည်။ “ကျွန်မက မိန်းမဟိုမုန်း နည်းနေတာလို့ ဆရာဝန်ကပြောတာပဲ၊ ကျွန်မက ယောကျာ်းကြီးများလား မသိဘူးနော်”ဟုဆိုတော့ သူက “ပြစမ်း ပြစမ်း နှုတ်ခမ်းမွှေးတွေဘာတွေများ ရှိနေလား” ဆိုကာ တဟားဟားအော် ရယ်လေသည်။ ဟိုမုန်းအားတိုးဆေးတွေသည် ကြည်နှင့် အဆင်မပြေ၊ ဟိုမုန်းအားတိုးဆေးထိုးသည့်အခါတိုင်း ဘာရယ်မှန်းမသိ၊ ကြည့်စိတ်တွေက အားငယ်ငိုယိုချင်စိတ်တွေနှင့် ခွေလဲ၍သာနေချင်တော့သည်။ အစားလည်း မစားချင်၊ တွေးမိတွေးရာ တွေးကာ ငိုလို့သာနေချင်တော့တာ။ လူကလည်း ရေစိုပုဝါစကလေးတစ်စနှယ် ချထားရာမှာ ပုံကျနေတတ်တာ။ သည်လိုနှင့်ပဲ ဟိုမုန်းဆေးတွေထိုးပြီး မ ဟိုမုန်းများလာဖို့ကြိုးစားခြင်းကို မေ့ထားလိုက်ကြရတော့သည်။ “မျိုးဆက်အတွက် ကလေးလိုချင်တယ်ဆိုလည်း မွေးပေးနိုင်မယ့် မိန်းမတစ်ယောက်သာ ယူပါနော်၊ ကျွန်မ နားလည်တယ်” ကြည်က ဝတ္ထုဆန်ဆန်ဇာတ်နာလေသော် “တော်ပါပြီကွာ ဒီတစ်ယောက်နဲ့တောင် ဒီလောက်ဆံပင်ဖြူနေပြီပဲ”ဟု ရယ်မောလျက် စ နောက်မပျက်ဆိုလေသည်။ ဘယ်သူ့ကြောင့်ဟူသည့် အကြောင်းရင်းကို နှစ်ဦးသားသဘောတူစွာ စစ်ဆေးခြင်း မပြုလုပ်ခဲ့ကြ။ သည်ကြားထဲမှာ မမြင်ချင်ဆုံးသော လစဉ်မှန်မှန်ရာသီသွေးတို့အား အမုန်းကြီးမုန်းလျက် ကူကယ်ရာမဲ့စွာ ရှိရသည်။ တလတလေ နောက်ကျနေတတ်တဲ့အခါ သူ မသိအောင် တိတ်တိတ်ကလေး စမ်းသပ်ကြည့်ခဲ့သည်။ အရင်ကတော့ သူနှင့်အတူတူ စမ်းကြည့်ဖူးသည်။ နှစ်ကြောင်းပေါ်လာရမည့် အနီရောင်မျဉ်းကလေးနေရာမှာ မျဉ်းကလေးတစ်ကြောင်းထဲသာ ပေါ်လာသောအခါ ပျက်ယွင်းသွားသော မျက်နှာကို ချက်ချင်းပြင်လျက် “ဟာ သားသားလေးလား မီးမီးလေးလားပဲဟေ့ တစ်ကြောင်းကြီးများတောင်ပေါ်လာတယ်ကွ”ဆိုသော သူ့နောက်ပြောင်ကျီစယ်မှုက ကြည့်ကို နာကျင်စေသည်။ သို့သော် ကြည်သည် သူရယ်မောစေချင်သလို သူနှင့် ရောနှောရယ်မောပစ်လိုက်ခဲ့သည်။ တစ်ယောက်ခံစားချက်ကို တစ်ယောက်ကသိကာ ဖုံးဖိထားလျက်က မြင်နေရသောအနာတို့မှာ ကြည် ထပ်မံမရူးသွပ်လိုတော့။ မသိဘဲနာကျင်ရသည်ထက် နာကျင်မယ်မှန်းသိသိနှင့် နာကျင်ရခြင်းက လူကို ပိုလို့သာ ပူလောင်စေတတ်တာ။ သည်လိုနှင့် သူ မသိအောင် တိတ်တိတ်စမ်းသပ်ကြည့်လေ့ခဲ့ရသည်။ မင်နီကလေး တစ်တန်းထဲသာပေါ်လာတဲ့အခါ အမှိုက်ပုံးထဲ ဘာမှန်းညာမှန်းမမြင်ရတော့သည်အထိ သေချာထုပ်ပိုးကာ စိတ်ပျက်လက်ပျက်လွှင့်ပစ်ခဲ့ဖူးတာ အခါခါ။ ချက်အောက်ဘက် လက်သုံးလုံးခန့်အကွာနားက ဝမ်းဘိုက်သားပြင်ထဲမှာ အလုံးကလေးများရှိနေပြီလား လက်နှင့်ဖွဖွ စမ်းကြည့်ရတာမျိုးကဖြင့် မရေတွက်နိုင်တော့။ ကလေးနာမည်ပေး ကင်ပွန်းတပ်၊ ကလေးမွေးနေ့ စသည်ဖြင့် မိတ်ဆွေများမှ ဖိတ်ကြားလာလျင်တော့ မဖြစ်မနေသွားကြမြဲပင်။ အပြစ်ကင်းစင်သော ကလေးတို့၏အပြုံးများ၊ ချစ်စဖွယ်တီတီတာတာကလေးများနှင့် ခဏဖြစ်စေ လက်ပွန်းတတီးနေခွင့်ရသည်။ ချော့မြှူချီပိုးခွင့်ရသည်။ ဓါတ်ပုံရိုက်လျက် ဖေ့စ်ဘုတ်ပေါ်တင်ကာ ကိုယ်ပိုင်မိသားစုကလေးလိုလို စိတ်လှည့်ဖြားခြင်း၌ ခဏတာ သာယာရသည်ပဲ။ သည်လိုနှင့်ပင် စိတ်မှာထင်ရှားရှိနေသော ကွက်လပ်ကို ဖြည့်ရသည်။ အချိန်တန်တော့လည်း ကြည်တို့နှစ်ယောက်ထဲရှိသော အိမ်မှာ ဆည်းလည်းသံကလေးမျှ မကြားရ၊ ခိုးခိုးခစ်ခစ်ရယ်သံကလေးများမှ မကြားရ။ အရာရာသည် ရှိမြဲတိုင်းလက်ရှိမှာ ပုံမှန်လည်ပတ်လျက်သာ ရှိလေတော့သည်။ အရှိကိုအရှိအတိုင်း လက်ခံဖို့ကြိုးစားရတာမျိုးထဲမှာမှ ခါးသည်ဟု ထင်ရသည့်အမှန်တရားတို့ကိုတော့ ငြင်းဆန်ချင်သေးသည့် လူ့သဘာဝပေ။ သည်တော့ ကြည်ဟာ စပျစ်သီးတွေ ချဉ်ချင်လာတော့တာ။ တွန်းလှည်းကလေးတွေနှင့် ကလေးများကို လမ်းမှာတွေ့တဲ့အခါ မကြည့်မိအောင် မျက်နှာကို လွှဲသည်။ ကလေးတို့ ဂျီကျငိုယိုသံကို ရထားပေါ်မှာဖြစ်စေ ကြားရသည့်အခါမျိုးမှာ ဆိုးလိုက်တဲ့ကလေး၊ မရှိတာဘဲကောင်းသေးတော့ဟု တွေးသည်။ ပိတ်ရက်ရှည်တွေမှာ စိတ်ရှိရင်ရှိသလို ချက်ချင်း အထုပ်အပိုးကောက်ပြင်ကာ နှစ်ယောက်သား ခရီးတိုလေးတစ်ခု ထွက်နိုင်သည့်အခါမျိုးများမှာပေါ့။ ရေတစ်ဝက်ရှိနေသည့် ဖန်ခွက်ကို မြင်အောင် ဇွတ်မှိတ်ကြည့်လျက် ဖန်ခွက်အပြည့်ဖြစ်ဖို့ရန်ကိုမူ မတမ်းမက်လိုတော့။ ကြည်တို့လိုပဲ မိသားစုမဖြစ်သေးသည့် ဇနီးမောင်နှံချင်းတွေ့သည့်အခါတွေမှာတော့ သူတော်ချင်းချင်း သတင်းလွေ့ကြရသည်။ “ဒီဘဝမှာ ဘာဝနာတရားကို ထဲထဲဝင်ဝင်အားထုတ်ဖို့ အခွင့်ကောင်းပဲ၊ သံယောဇဉ်ဆိုတာ ကြိုးတစ်ချောင်းလျော့လည်း အတော်အပူသက်သာတာ” စသည်ဖြင့် မြေပေါ်နှင့်ကောင်းကင်က အပ်နှစ်ချောင်းမှ မထိသူများအချင်းချင်း အားပေးလျက် ရယ်မောဝိုင်းဖွဲ့ကြရသည်။ “မိန်းမချင်းတူတူတောင်မှ သားမွေးထားတဲ့မိခင်က သမီးမိန်းကလေးမွေးတဲ့ မိခင်ထက် ပိုမြတ်တယ်။ ထိုင်တာတောင် သားမွေးထားတဲ့မိန်းမက အမြင့်မှာ ထိုင်ရတာ” ဘာလဲဟ သွားစမ်းပါ။ ဒါဆို ကြည်တို့လို သားသမီးမှမွေးမထားတဲ့ မိန်းမတွေက ခြေနင်းကြမ်းပြင်မှာ မျက်နှာအောက်ချကာ ကျူံ့ကျူံ့ထိုင်ဖို့သာ ရှိတော့တာ။ ဘယ်လောက်သနားစဖွယ်ပါလိမ့်၊ အောက်ကျလိုက်ရတာဆိုတာ ပြောဖွယ်မရှိ။ ကြည်ကတော့ နှုတ်ခမ်းကိုသာ တင်းတင်းဖိကိုက်ထားရသည်။ “ဒါက သမီးကမွေးတဲ့ မြေး၊ ဟိုနှစ်ယောက်က ချွေးမက မွေးတာ၊ သူတို့လင်မယားကတော့ ကလေးမရှိဘူး” သည်လိုအခါတိုင်း သည်လိုကြားရတိုင်း ကြည်ဟာ တစ်ကိုယ်လုံးကို ပျောက်သွားမတတ် ကျူံ့ထားမိသည်။ မျက်တောင်တို့ကို အခါခါပုတ်ခတ်ကာ ကျလုလုမျက်ရည်တို့ကို မာန်တင်းရသည်။ သားသမီးမမွေးနိုင်သောမိန်းမသည် လောကကြီးမှာ သည်လောက်တောင် အောက်တန်းနောက်တန်း ကျရသတဲ့လားကွယ်....။ ဘာကိုမှန်းမသိနိုင်သော နာကျည်းမှုတွေသည် ရင်ဘတ်ထဲမှာသာ မွမွကြေလျက် အပြင်တော့ဖြင့် ထွက်မလာ။ အရှိကိုသာ တန်ဘိုးထားတတ်အောင် ကြိုးစားဖို့ပါပဲ၊ မရနိုင်တာကို လိုချင်နေခြင်းသည် နာကျင်ရုံကလွဲ၍ ဘာမှဖြစ်မလာနိုင်သောအခါ ကြည် လက်လျှော့ခဲ့ပြီ။ လက်သီးတို့ကို တင်းတင်းဆုတ်ကာသာ အကြောင်းတရားတို့ကို နားလည်အောင် ရင်နာနာနှင့် ကြိုးစားရသည်။ ဒါဟာ ဘဝတစ်ခုရဲ့အဆုံး မဟုတ်သေးဘူးဘဲကွယ်....။ “ကိုယ်ဟာ ပြီးခဲ့တဲ့ဘဝတစ်ခုမှာ စာကလေးသိုက် တက်နှိုက်ခဲ့တဲ့ကောင်” သူဟာ ဒီဘဝမှာ တကယ်လို့များ မျက်စေ့တစ်ဘက်ထဲမြင်နိုင်သူဖြစ်မယ်ဆိုရင်တောင် မျက်စဉ်းခတ်ရ သက်သာတာပေါ့ကွာဟု ဆိုဦးမည့်သူ....။ သူဟာ ဘာကိုမဆို ကောင်းသောအမြင်၊ ဟာသအမြင်နှင့်သာ ဘဝကို ကြည့်တတ်သူ။ ကြည့်မှာ သူ့ထံမှ သင်ယူစရာများကား များပြားလှသည်။ (ဆက်ပါဦးမယ်....) 

 **သူကလေး..... (၂) ** 

တစ်ခါကလည်း ကလေးရှိသောမိတ်ဆွေများကို သူ ကျီစယ်ခဲ့တာ အမှတ်ရမိသည်။ “ကလေးရှိတယ်ဆိုတာ အကြွေးဆပ်နေရတာပဲဗျ။ ကလေးဒါဇင်ဝက်ရှိတဲ့မိသားစုဟာ ဟိုဘဝက ဘုရားရွှေခွာတဲ့ အုပ်စု၊ ကလေးသုံးယောက်ရှိတဲ့မိသားစုက ပိုက်ဆံမပေးဘဲ ဘတ်စကားခိုးစီးတဲ့ အုပ်စု၊ ကလေးတစ်ယောက်ရှိတဲ့မိသားစုကတော့ အလှူခံပုံးဖောက်ခဲ့တဲ့ အုပ်စုပေါ့ဗျာ” ဟုဆိုလေသည်။ သူ့အကြောင်းသိသော မိတ်ဆွေရင်းများက သဘောတကျရယ်မောကာ “ခင်ဗျားဟာ တစ်ခုမှလည်း မလွတ်ပါလားဗျာ”ဟု ဆိုတော့ သူက “ဟ ခင်ဗျားစဉ်းစားကြည့်လေဗျာ ခင်ဗျားသမီးကလေးက ဖေဖေ သမီး ဒီအရုပ်လေးလိုချင်တယ်ဆို ခင်ဗျား မဝယ်ပေးဘဲနေလို့ ရလို့လား၊ ရှိရှိ မရှိရှိ ခင်ဗျားမှာ ရှိသမျှလေးချပြီး ဝယ်ပေးရတာပဲ မဟုတ်လား”ဟု ချေပလေသည်။ သူဟာ အဲသည်လို လူစား၊ ပေါ့ပေါ့ပါးပါးပြောကာ ကြည့်စိတ်ကို ဖော့ပေးတတ်သူ။ သူ့ကြောင့် ကြည့်မှာ စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲရခြင်းမျိုး တစ်ခါမှ မရှိခဲ့။ မျက်ရည်ပေါက်ကြီးငယ်ကျရခြင်းမျိုးလည်း တစ်ခါမှ မရှိခဲ့ဖူးပါ။ တခါတလေတော့ ကြည် သူ့ကို သနားမိသည်။ သူ့ခမျာ သူ့မျိုးဆက် သူ့သွေးကလေးကိုတော့ဖြင့် တစ်ယောက်တစ်လေ လိုချင်ရှာပေလိမ့်မည်။ သို့သော် သူဟာ ဟန်ဆောင်များနေသလား၊ ကြည့်ရှေ့မှာမို့ မလိုချင်ဟန်ပြလေသလား....။ သူဟာ ကြည့်ကို စိတ်လက်ချမ်းသာစေလိုသူသာ ဖြစ်လေသည်။ ကြည့်ကလေးလိုချင်စိတ်မှာ အရင်ကလောက်ရူးမူးသည် မဆိုသာသော်လည်း တိတ်တိတ်ကလေးတော့ တမ်းတနေမိသေးသည်။ စပျစ်သီးကလေးတွေ မချဉ်ဟု စိတ်ထဲက သိနေသေးသည်ကိုး။ ကြည့်မှာ သိပ်တွယ်တာရသော တိုင်းရင်းသူအစ်မတစ်ယောက်ရှိသည်။ အဲ့သည့်အစ်မက သိပ်ကိုချစ်စရာ ကောင်းလွန်းကာ ပြောဆိုပွင့်လင်းပုံမှာ ကြည်ပင် လက်ဖျားခါရအောင် ဒဲ့ကျသူဖြစ်သည်။ “အေ ငါ့မှာ မိန်းမဘဝဖြစ်ပေမယ့် ပိုင်ဆိုင်နေရတာတွေက အလကားပါပဲ။ ဘာမှလည်း မသုံးရ၊ ရည်းစားကလေးမှ မရှိရ”ဟုဆိုတော့ ကြည်က အော်ရယ်ချင်မိသည်။ “ဟင် ဘာဖြစ်လို့လဲ အစ်မရဲ့”ဟု မေးတော့ သူက “အို မိန်းမဖြစ်မှတော့ အနည်းဆုံး သားသမီးကို နို့ချိုတိုက်ကျွေးဖူးတဲ့ရင်သားတွေ ပိုင်ဆိုင်ချင်တာပေါ့”ဟု ဆိုသည်။ “ဒီတစ်ခါတော့ အလုပ်ထဲက အကောင်တစ်ကောင်ကောင်ရှေ့ရောက်ရင် ငါ မူးလဲပစ်လိုက်မယ်၊ ဒါ နောက်ဆုံးလက်နက်ပဲ” ဟုဆိုကာ သူ့စကားသူ သဘောတကျရယ်နေလေသည်။ ကြည့်မှာလည်း အစ်မနဲ့အတူ လိုက်ရယ်မောရပါသည်။ ကြည်ကရော ဘာထူးလို့လဲ ဘာများထူးလို့လဲကွယ်။ မိန်းမတစ်ယောက်အဖြစ် အသုံးကျသည်ဆိုဦးတော့ မိခင်တစ်ယောက်မှ မဖြစ်သေးတာ၊ မဖြစ်နို်င်တာ။ ကြည်ဟာ အိမ်ထောင်သည်မိန်းမတစ်ယောက်အဖြစ်သာ ရှိနေသေးသည်ပဲ။ သားသည်အမေဆိုသည့်အခေါ်အဝေါ်ဟာ တန်ဘိုးရှိလိုက်တာ....။ ကလေးလေးတစ်ယောက်ယောက်က ကြည့်ကို အမေလို့ခေါ်လိုက်တဲ့စကားဟာ သိပ်ကို ချိုမြိန်မှာပဲ....။ လူတွေဟာ ဘာလို့များ ပုံစံခွက်ကြီးထဲ ထည့်ထည့်တိုင်းနေရတာပါလိမ့်။ လူတစ်ယောက်ဟာ ငယ်စဉ်မှာ ပညာရှာ၊ အရွယ်ရောက်တော့ အိမ်ထောင်ကျ၊ သားသမီးတွေ မွေး၊ စီးပွားတွေ ရှာ၊ မိဘပြုစု၊ သည့်ထက်အရွယ်လေးရလာတော့ တရားရှာ။ ပြီးတော့ သေကြ...။ ဒါပဲလား...ဒါဟာ လူ့ဘဝတစ်ခုရဲ့ အလျားအရှည်တစ်ခုထဲ မဖြစ်မနေဖြတ်သန်းသွားရမှာတွေပဲလား....။ ဘဝကြီးဟာ ဒီလောက်တောင် သမားရိုးကျကြီးပဲလား...။ အိမ်ထောင်မကျသေးခင်ကတော့ အိမ်ထောင်ပြုကြတော့လေ တဲ့။ ခုဆို ကြည်တို့က ကလေးမယူသေးဘူးလား အမေးခံနေရပြီ။ ကြည်တို့ဟာ ရှေ့လူတွေ ချပေးတဲ့လမ်းအတိုင်း လျှောက်ကြရမှာလား။ အိမ်ထောင်မပြုဘူးဆိုရင်ရော...၊ ကလေးမမွေးဘူးဆိုရင်ရော....လူသားတာဝန်မကျေဟုပင် အပြစ်တင်ကြတော့မလိုလို....။ စိတ်နာလိုက်တာ...။ ကြည်ဟာ ဘာကြောင့်မှန်း မသိ၊ ဘာကိုမှန်း မသိ၊ ဘယ်သူ့ကိုမှန်းလည်း မသိဘဲ ရုတ်တရက် စိတ်ဖောက်လာပြန်သည်။ ကြည်သည် လူတကာလက်ခံပြီး ဖြတ်သန်းနေကျတွေကို ဆန့်ကျင်ချင်လာသည်။

တကယ်တော့ အချစ်ဆိုတာကိုက မရှိတာ။ မရှိတာကို အရှိလုပ်နေကြတာ။ အချစ်ဆိုတာဟာ ဘဝကြီးထဲကို လူနှစ်ယောက် အတူတူခုန်ချပစ်လိုက်ဖို့ ထိုးကျွေးလိုက်သော မြှားခေါ်မှုတစ်ခုပေပဲ။ အဲသည်လိုသာ ကြည်က နားလည်ချင်သည်။ သည့်နောက်မှာ သကြားကပ်ထားသော ဆေးခါးကြီးတစ်လုံးလို အချိုကုန်ချိန်မှာ ဘဝဆိုတာကြီးကို ပီပီပြင်ပြင်မြင်ကြရတာ၊ အဲသည့်တော့မှ ခါးသောဘဝကြီးက လူလုံးထွက်ပြတော့တာ မဟုတ်လား။ အို....စေ့စေ့တွေးကြည့်ရုံနှင့်ပင် ဘဝကြီးထဲ လူဖြစ်ရတာကို အင်မတန် မောပန်းလာရတော့သည်။ မုန်းလိုက်တာ...။ တစ်နေ့တစ်နေ့ ဘာအတွက်အသက်ရှင်နေရမှန်း မသိတာတွေနှင့်သာ အချိန်တွေလွန်မြောက်နေရတာကို မုန်းသည်။ “ကလေးငယ်တွေကို ဘယ်တော့မှ မရိုက်ရဘူး။ ဆူတယ်ဆိုရင်တောင် ကလေးစိတ်မှာ အနာရစေမယ့်စကားလုံးမျိုးနဲ့ ဘယ်တော့မှမဆူရဘူး” “တစ်ချို့ကလေးတွေကတော့ ရိုက်မှကို နားလည်တတ်တာမျိုး” “ကလေးတွေဟာ အတုမြင် အတတ်သင်နေတဲ့အရွယ်၊ မိဘတွေက အပြောအဆို အနေအထိုင်က အစ ကလေးတွေရှေ့မှာ ဆင်ခြင်ကြရမယ်” “ကလေးကို သူ့အဖိုးအဖွားတွေရှိတဲ့ဆီ အလည်ခေါ်သွားတာ၊ ကလေးက မြန်မာစကားတော့ နည်းနည်းပါးပါး ပြောတတ်လာပါရဲ့၊ ဘယ်ကတတ်လာမှန်းမသိတဲ့ အဆဲတွေလည်း တတ်လာတယ် သိလား” အဲသည်လို မိခင်တွေစကားဝိုင်းမှာ ကြည်ဟာ နားထောင်သူသက်သက်သာ ဖြစ်သည်။ ဝင်ပြောလိုလှသော်လည်း ကြည့်စကားများက လက်တွေ့မဟုတ်သောစကားများမို့ မှားချင်မှားနိုင်သည်လေ။ သည်တော့ နှုတ်ဆိတ်နားထောင် ခြင်းသည်သာ ကြည့်အတွက် အားလုံးအတွက် အသင့်တော်ဆုံးဟုယူဆကာ ဘာတစ်ခုမှ ဝင်မပြောဖြစ်။ သို့သော် ဘာရယ်မဟုတ် ကလေးစိတ်ပညာဟူသောစာအုပ်မျိုးကိုတော့ ကြည် စိတ်ဝင်တစားရှာဖွေ ဖတ်ရှု့နေခဲ့မိသည်။ အဲသည့်ကလေးစိတ်ပညာ စာအုပ်ကလေးအဖုံးဟာ တိမ်ဆိုင်ဖြူလွလွကလေးတွေ မျောလွင့်နေပုံနှင့် ဖြစ်သည်။ တိမ်တွေအောက်က မြက်ခင်းစိမ်းစိမ်းပေါ်မှာ ဂါဝန်ဖြူလွလွကလေးဝတ်ထားသော လေး-ငါးနှစ်အရွယ် မိန်းကလေးတစ်ယောက် တိမ်စိုင်တွေကို မော့ကြည့်ကာ တိမ်တွေနောက် အပြေးကလေးလိုက်နေပုံက ဝတ်ထားသောဂါဝန်ကလေး တလွင့်လွင့်နှင့်ဖြစ်လေသည်။ ထိုစာအုပ်အဖုံးကလေးကို လက်နှင့်ပွတ်သပ်ကာ ကြည် အိပ်ပျော်သွားခဲ့သောညက ဖြစ်ပါသည်။ မနက်လင်းလာတော့ ကြည် ရုတ်တရက်ထထိုင်မိသည်။ ညက....ညက ကြည် အိပ်မက် မက်ခဲ့သည်ပဲ။ အိပ်မက်ထဲမှာ ဖြူလွလွတိမ်စိုင်တစ်စနောက်ကို ကြည် ပြေးလိုက်နေခဲ့သည်။ တိမ်စိုင်ကလေးသည် ဝါဂွမ်းကလေးတစ်စနှယ် ပေါ့လွင့်ကာ ကောင်းကင်မှာ ပြေးလွန်းလှသည်။ ကြည်က လိုက်မမီမှန်းသိသိနှင့် အပြေးလိုက်ကာ ကြည့်လက်နှစ်ဘက်မှာလည်း ကောင်းကင်ပေါ်မြှောက်ကာ ဖြန့်လှပ် ထားလျက်ရှိသည်။ ရုတ်တရက် လေကြောင်းပဲ ပြောင်းလေသလားမသိ၊ ထိုတိမ်စိုင်ကလေးသည် ကြည်ရှိရာဆီ နိမ့်ကနဲထိုးဆင်းလို့ လာသည်။ ငေးကနဲ မင်သက်နေစဉ်မှာ တိမ်စိုင်ကလေးက ကြည်နှင့်အနီးဆုံးရောက်လို့လာကာ ကြည့်နေရင်းမှာပင် တိမ်စိုင်ကလေးသည် အနှီးဖြူဖြူကလေးနှင့် ထုပ်ပိုးထားဟန် သက်ရှိကလေးလေးတစ်ယောက်လိုလို ကြည့်မျက်စေ့မှာ မြင်ရသည်။ ကြည် ကြောင်အနေဆဲမှာပင် ထိုအရာကလေးက ကြည့်ကိုယ်ထဲ ထွင်းဖောက်၍သွားခဲ့သည်တဲ့...။ ကြည့်မှာ မြက်ခင်းပေါ်ပုံလျက်သား လဲကျသွားခဲ့သည်။ အို.....ကြည့်တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများပင် ထလာကာ အိပ်ရာပေါ်ထိုင်နေလျက်က ကြည့်ဗိုက်သားကို လက်နှင့် ထိတွေ့နေမိသည်။ မကျီစယ်ပါနဲ့ကွယ်...အိပ်မက်ဟာ အိပ်မက်မျှသာပဲ...ကြည့်ဘဝမှာ အိပ်မက်တွေကို ဘယ်တော့မှ မယုံတော့ဖို့ သင်ယူခဲ့ပြီးသားရယ်... သို့သော် ကြည်သည် ယုံကြည်ချင်မိပြန်သည်။ တကယ်လို့များ.... အိပ်ရာမှထကာ ဆံပင်တွေကို ဖီးသင်သည်။ ဘေးစားပွဲပေါ်က ပြက္ခဒိန်ကို ယူကြည့်လိုက်တော့ လွန်ခဲ့သောနှစ်လကတည်းက ကြည် ရာသီသွေးမပေါ်ဘဲ ကျော်ခဲ့သည်ကို ကြက်ခြေခတ်ထားသည့်ရက်စွဲတစ်ခုအရ သိရလေသည်။ ကြည့်နှလုံးခုန်သံတို့ မြန်လွန်းလာကာ ညဝတ်အင်္ကျီကိုလဲကာ တွေ့ရာတီရှပ်လေးတစ်ထည် ကောက်စွပ်ပြီးမှ အနီးဆုံး ၂၄နာရီဆိုင်ကလေးဆီသွားရကောင်းမလား တွေးမိပြန်သည်။ တခါတလေ အဲ့သည်လောက်ကြာကြာကျော်ခဲ့ပြီးမှ ပြန်လာချင် လာနေတတ်တာ။ အနေအထိုင် အစားအသောက်အပြင် စိတ်အလှုပ်အရှားနှင့်လည်း ဆိုင်သည်ပဲ။ ရင်မဆိုင်လိုပါ...၊ အနီရောင်မျဉ်းကလေးတစ်ကြောင်းထဲ ပေါ်လာလျင်ဖြင့် ကြည် ရင်ကွဲရဦးမည်။ ဒီတစ်ခါတော့ သိပ်ကိုထူးဆန်းနေတာလို့ စိတ်က တွေးမိပြန်သည်။ ချီတုံချတုံနှင့် ကြည်သည် ဆိုင်ကလေးရှေ့ကို ဘယ်လိုရောက်လာမှန်းပင် မသိလိုက်။ ငွေချေပြီး၍ အထုပ်ကလေးကို လက်မှာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ကြည့်ခြေလှမ်းတို့က အိမ်အပြန်လမ်းကို ခါတိုင်းထက်ပိုဝေးသည် ထင်မိတော့သည်။ 

၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
 (ဆက်ပါဦးမယ်..) 

+ချစ်ကြည်အေး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)