ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, April 3, 2016

=လူထုကျန်းမာရေး("ထမင်းဆိပ် သင့်နေကြသူများ")=

>
+Public Health+

 ရှေးလူကြီးများက စားသောက်ရာတွင် သတိပေးစကားများ ပြောကြားလေ့ရှိရာ ဟဲ့ကလေး အစာကို စားပိုးနင့်အောင် မစားနှင့်၊ ရေအတွက် ချန်ထားဦး၊ နို့မဟုတ်လျှင် ထမင်းဆိပ်တက်နေဦးမည်ဟု ဆိုဆုံးမခြင်းကို မကြာခဏကြားခဲ့ဖူးသည်။ ယခုလည်း ပြက္ခဒိန်ကိုကြည့်ရင်း နိုဝင်ဘာ ၁၄ ရက်တွင် ကမ္ဘာ့ဆီးချိုရောဂါနေ့ ကျရောက်ကြောင်း သတိပြုမိ ရာမှ မြန်မာနိုင်ငံအတွင်း ထမင်းဆိပ်သင့်နေသူများ အကြောင်းကို စာဖတ်ပရိသတ်အား အသိပေး လိုစိတ် များ ပေါ်ပေါက်လာသည်။ ထမင်းဆိပ်သင့်နေသည်ဆိုသည်မှာ တခြားမဟုတ်ပါ။ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော ဂလူးကို့စ် ခေါ် အချိုဓာတ်ကို ခန္ဓာကိုယ်အတွက် အကျိုးရှိစွာ သုံးစွဲခွင့်မရသဖြင့် သွေးအတွင်း အချိုဓာတ် များပြားကာ အဆိုပါဂလူးကို့စ်များက ခန္ဓာကိုယ်အား ပြန်လည်ပြီးအဆိပ်အတောက် ဖြစ်စေလျက်ရှိသော အခြေအနေကို ဆိုလိုခြင်းဖြစ် သည်။ တစ်နည်းအားဖြင့် ဆီးချိုဝေဒနာရှင်များ၏ အဖြစ်မှာ ဖောင်စီးရင်း ရေငတ်ဆိုသလိုပင် ဖြစ်နေသည်။ အဆိုပါဖောင်စီးရင်း ရေငတ်ဆိုသလို ဖြစ်နေရခြင်း အကြောင်းရင်းမှာ ခန္ဓာကိုယ်တွင်းရှိ ကလာပ်စည်းများနှင့် တစ်သျှူးများ ရပ်တည်ရှင်သန်ရေးအတွက် လိုအပ်သော စွမ်းအင်ကို ဂလူးကို့စ်မှ ရရှိနိုင်သော်လည်း အဆိုပါဂလူးကို့စ်ကို ခန္ဓာကိုယ်ရှိ ကလာပ်စည်းများနှင့် တစ်သျှူးများ အတွင်းသို့ စုပ်ယူနိုင်ရေးအတွက် အင်ဆူလင်ခေါ် ဟော်မုန်းဓာတ်တစ်မျိုး မရှိမဖြစ် လိုအပ်သည်။ အင်ဆူလင်ဟော်မုန်းကို ဝမ်းဗိုက်အတွင်းရှိ ပန်ကရိယခေါ် မုန့်ချိုအိတ်မှ ရရှိနိုင်ပြီး အကြောင်း အမျိုးမျိုးကြောင့် အဆိုပါ မုန့်ချိုအိတ် ချို့ယွင်းပြီး ခန္ဓာကိုယ်အတွက် အင်ဆူလင်ဟော်မုန်း လုံလုံလောက်လောက် မထုတ်ပေးနိုင်သော အချိန်သည် ဆီးချိုရောဂါသည်များ၏ ခက်ခဲသော ဘဝခရီးလမ်းအစဖြစ်သည်။ အင်ဆူလင်ဟော်မုန်း လုံလောက်စွာမရနိုင်သော အဓိကအကြောင်းမှာ မျိုးရိုးဗီဇကြောင့် မုန့်ချိုအိတ်အတွင်းရှိ ကလာပ်စည်းများ ပျက်စီးခြင်းကြောင့် ဖြစ်ပြီး တခြားအကြောင်း တစ်ခုမှာ ကယ်လိုရီဓာတ် အများအပြား ပါဝင်သော ထမင်းနှင့်အချိုဓာတ်ကို လွန်ကဲစွာ စားသုံးသောကြောင့် ဖြစ်သည်။ ထမင်းကိုစားသုံးမှု များသောကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း အစာချေဖျက်ရာမှ ဂလူးကို့စ် အများအပြား သွေးအတွင်းသို့ ရောက်ရှိလာပြီး အဆိုပါဂလူးကို့စ်များကို ထိန်းချုပ်သုံးစွဲရန် အင်ဆူလင် ဟော်မုန်းအများအပြား ထုတ်ယူသုံးစွဲရာမှအချိန်မတိုင်မီ ဟော်မုန်းများ ကုန်ဆုံးသွားခြင်းကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့် သဘာဝ၏ နိယာမတရား ဖြစ်သည့် Supply နှင့် Demand မမျှတသော အခြေအနေကြောင့် ရောဂါအဆင့်အထိ ရောက်ရှိလာခြင်းဖြစ် သည်။ ခန္ဓာကိုယ်အတွင်း ဂလူးကို့စ်များသောကြောင့် အဆိပ်အတောက် ဖြစ်သည့်ဒဏ်ကို ပထမဦးဆုံးခံရသည်မှာ သွေးကြော များဖြစ်သည်။ နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ မျက်စိနှင့် ခြေ၊ လက်သို့သွားသော သွေးကြော များ အားလုံး၏ နံရံတွင် အဆီပြင်များ ကပ်ငြိခြင်း၊ သွေးကြောများ မာကျောလာခြင်းနှင့် ထုံးကျောက်ဓာတ်များတည်ခြင်းကြောင့် အဆိုပါသွေးကြောများ ကျဉ်းလာပြီး ပိတ်သွားနိုင်သည်။ နောက်ဆက်တွဲ အနေဖြင့် အရေးပါသော ခန္ဓာကိုယ် အစိတ်အပိုင်းများသို့ သွေးစီးဆင်းသွားလာမှု ပြတ်တောက်ကာ နှလုံးသွေးကြောပိတ်ရောဂါ၊ ဦးနှောက်သွေးကြော ပိတ်ပြီး လေဖြတ်ရောဂါ၊ ကျောက်ကပ် သွေးကြောပိတ်ရောဂါ၊ မျက်လုံးသွေးကြောများ ပိတ်ပြီး အမြင်အာရုံ ဆုံးရှုံးသောရောဂါ ၊ ခြေနှင့်လက် သွေးကြောများ ပိတ်ပြီး ခြေပုပ်လက်ပုပ် ရောဂါများဖြစ်ပွားလာနိုင်သည်။ အဆိုပါအကြောင်းများကြောင့် ထမင်းသည် အဆိပ်ဖြစ်စေနိုင်လားဆိုပြီး တွေးတော စဉ်းစားဖွယ်ဖြစ်လာသည်။ ကယ်လိုရီခေါ် ကစီဓာတ်၊ အသားဓာတ်၊ ဗီတာမင်ခေါ် သက်စောင့်ဓာတ်နှင့် သတ္တုဓာတ်များ အချိုးအစားမှန်ကန်စွာ ရရှိမှသာလျှင် ဇီဝကမ္မ စက်ယန္တရားတစ်ခုဖြစ်သော ခန္ဓာကိုယ်ကြီး အချိန်မှန်မှန် လည်ပတ်နိုင်မည်။ အမှန်စင်စစ်အားဖြင့် ထမင်းအပါအဝင် ဆန်၊ ဂျုံဖြင့်ပြုလုပ်သော အစားအစာများသည် ကယ်လိုရီဓာတ်အလွန် ကြွယ်ဝပြီး သုံးတတ်လျှင် ခန္ဓာကိုယ်အတွက် စွမ်းအင်အမြောက်အမြား ထုတ်ပေးနိုင်သော အစားအစာများ ဖြစ်သော်လည်း အလွန်အကျွံ စားသုံးပါက အဆိပ်အတောက် အမှန်တကယ်ပင်ဖြစ်စေနိုင်သည်။

 အကြောင်းရင်းမှာ ထိုအစားအစာများကို Supply နှင့် Demand မမျှတဘဲ လိုအပ်သည်ထက် ပိုမိုစားသုံးလျှင် ပိုလျှံနေသော ကယ်လိုရီဓာတ်များကို ခန္ဓာကိုယ်တွင် ကယ်လိုရီဓာတ် အဖြစ် ရေရှည်သိမ်းဆည်းထား၍ မရပါ။ အဆီအဖြစ်သာ သိမ်းဆည်းထားရသည်မှာ သဘာဝတရားဖြစ်သည်။ ဝင်ရိုးစွန်းဝက်ဝံများသည် ဆောင်းအခါကာလတွင် အစားအစာ ရရှိရန် ခက်ခဲသဖြင့် ဆောင်းတွင်းစာအဖြစ် အဆီများ သိုလှောင်ထားမှသာ အသက်ရှင်နိုင်မည်။ အဆီ ၁ ဂရမ် လောင်ကျွမ်းခြင်းဖြင့် ၉ ကယ်လိုရီရရှိနိုင်သည်။ ထို့ကြောင့် အဆီ ၁ ပေါင် သို့မဟုတ် ဂရမ် ၄၅ဝ လောင်ကျွမ်းစေမှသာ ကယ်လိုရီ ၄ဝဝဝ ကျော်ထွက်ရှိသည်။ တစ်နည်းအားဖြင့် ကယ်လိုရီ ၄ဝဝဝ ကျော် လောင်ကျွမ်းစေရန် လှုပ်ရှားပေးမှသာလျှင် ခန္ဓာကိုယ်အလေးချိန် ၁ ပေါင်လျော့ ကျနိုင်သည်။ ဝင်ရိုးစွန်းဝက်ဝံများနှင့် မတူဘဲ အပူပိုင်း ဒေသတွင်နေထိုင်ပြီး အစားအစာများ လက်တစ်ကမ်းတွင် ရှိနေသော ကျွန်ုပ်တို့ မြန်မာပြည်သူပြည်သားများ အတွက်မူ အဆိုပါ Supply နှင့် Demand မမျှတသည့် အခြေအနေသည် နှစ်ရှည်လ များဖြစ်ပေါ်နေပါက ခန္ဓာကိုယ်အတွင်းရှိ အဆီဓာတ်များသည် သိုလှောင်ရုံအတွင်းမှ လက်ကျန်ပစ္စည်းများ သဖွယ် မြွေပွေး ခါးပိုက် ပိုက်ထားသကဲ့သို့ ဖြစ်လာသည်။ လူအများကပင် ထမင်းစားမှသာ အားရှိမည်၊ ထမင်းမစားရလျှင်အားမရှိ။ တို့ကတော့ဒါလေးပဲ အားပြုပြီး စားနေရတာ၊ ငယ်စဉ်ကတည်းက ဒီထမင်းပဲ စားနေတာဟုလည်း အကြောင်းပြကြသည်။ မိမိတို့ငယ်စဉ်က ပတ်ဝန်းကျင် အခြေအနေ၊ အလုပ်အကိုင်၊ နေထိုင်စားသောက်မှုပုံစံနှင့် အစားအသောက်များသည် ယခုခေတ်ကာလတွင် အပြောင်းလဲကြီး ပြောင်းလဲနေပြီဖြစ်ကြောင်း သတိပြုကြရန်လိုသည်။ ရှေးလူကြီးများက ရှေးထုံးကိုလည်း မပယ်နှင့်၊ ဈေးသုံးကိုလည်း မကြွယ်နှင့် ဆိုဆုံးမခဲ့သော်လည်း ယနေ့ကျွန်ုပ်တို့ မြန်မာပြည်သူများသည် ရှေးထုံးဖြစ်သော ထမင်းကြမ်း၊ ထမင်းနှင့် ပဲပြုတ်၊ ထမင်းကြော်၊ ထမင်းဆီဆမ်းတို့ကိုလည်း မပယ်နိုင်။ နောက်မှပေါ်လာသော ကယ်လိုရီဓာတ်များပြီး အာဟာရတန်ဖိုး နည်းပါးသည့် အချိုရည်အစရှိသည့် Junk food များဘက်သို့လည်း လက်လှမ်းနေကြသောကြောင့် ရှေးထုံးကိုလည်း မပယ်နိုင်၊ ဈေးသုံးကလည်းကြွယ်ဖြင့် ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင်သနားစဖွယ်ပင်ဖြစ်သည်။ 

ယနေ့ကမ္ဘာပေါ်၌ အသက် ၁၈ နှစ်အထက် လူ ၁ဝဝလျှင် ကိုးဦးခန့်မှာ ဆီးချိုရောဂါ ခံစားနေရပြီး နှစ်စဉ်ဆီးချိုရောဂါကြောင့် ၁ ဒသမ ၅ သန်းကျော် သေဆုံးလျက်ရှိရာ ထမင်းအပါအဝင် ဆန်၊ ဂျုံနှင့်လုပ်သော အစားအစာအားလုံးသည် လူသားတို့ အတွက် သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေးဖြစ်လျက်ရှိကြောင်း ထင်ရှား လှသည်။ ကျွန်ုပ်တို့ မြန်မာလူမျိုးများမှာ လူတစ်ဦး တစ်နှစ်လျှင် ဆန် ၂၂၇ ဒသမ ၅ ကီလိုဂရမ် (လေးအိတ်ကျော်) နှုန်းဖြင့် ကမ္ဘာပေါ်တွင် ဆန်အများဆုံး စားသုံးပြီး ဒုတိယ အများဆုံးဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၏ ၁၉၆ ဒသမ ၆ ကီလိုဂရမ်နှုန်းနှင့် နှိုင်းယှဉ်လျှင်ပင် ကီလိုဂရမ် ၃ဝ ပိုနေသေးသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း ဆီးချိုရောဂါဖြစ်နှုန်းနှင့် သေဆုံးနှုန်းမှာ ကမ္ဘာတစ်ဝန်း ပျမ်းမျှဖြစ်နှုန်းနှင့် သေဆုံးနှုန်းထက် လျှော့ဖွယ်ရာမရှိပါ။ 

ဆီးချိုရောဂါသည် အစားအသောက်နှင့် ဆက်စပ်လျက်ရှိသောကြောင့် နိစ္စဓူဝ သတိချပ်လျက် ပြုပြင် ထိန်းသိမ်း ဆောင်ရွက် သွားရမည့်အပြင် တစ်သက်တာဆေးသောက်သုံး သွားရမည့် ရောဂါဖြစ်သည်။ ထို့ပြင် နေ့စဉ်မစားမီသော် လည်းကောင်း၊ စားပြီး နှစ်နာရီကြာချိန်တွင် လည်းကောင်း အချိန်မှန်မှန် ဆီးချိုစစ်ဆေးပြီး အစားအစာနှင့် ဆေးကို ချိန်ဆနိုင်ရေးနှင့် Cholesterol အဆီဓာတ် အမျိုးမျိုးနှင့် နှစ်လတာသွေးချို ပမာဏ ပေါင်းချုပ် HbA1c နှင့် ကျောက်ကပ်၏ လုပ်ငန်းဆောင်တာ အခြေအနေတို့ကို နှစ်လတစ်ကြိမ် သွေးဖောက် စစ်ဆေးနိုင်ရေးမှာ ဆီးချိုရောဂါဝေဒနာရှင်များ သက်ရှည်ကျန်းမာ စွာ နေထိုင်ရေး၏ သော့ချက်ဖြစ်သည်။ နေ့စဉ် ဆီးချိုစစ်ရမှာ ကြောက်တယ်၊ ခက်တယ်၊ မအားဘူး၊ စစ်ပေးမည့်သူ မရှိဘူး အစရှိသဖြင့် မိုးကြိုးပစ် ထန်းလက်နှင့် ကာသည့်သဖွယ် ဆင်ခြေဆင်လက် ပေးနေပါက အပ်နှင့်ထွင်းရမည့် ကိစ္စကို ပုဆိန်နှင့် ထွင်းရသကဲ့သို့ပင်ဖြစ်မည်။ မဖြစ်မနေ အခြေအနေ ရောက်ပါက ပုဆိန်နှင့်ထွင်းရန်အတွက် ကျောက်ကပ်နှင့် နှလုံးအထူးကု ဆရာဝန်များ၏ တာဝန်ဖြစ်လာသည်။ ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးသွားပါက ကျောက်ကပ်စက်ပေါ်တင်ပြီး တစ်ပတ်လျှင် အနည်းဆုံးနှစ်ကြိမ် ကျောက်ကပ်ဆေးရမည်။ ထို့အတွက် ကျောက်ကပ်အထူးကု ဆရာဝန်များက လည်ပင်းမှ သွေးကြောအတွင်းသို့ ပိုက်ထည့်ရန် လိုအပ်လာသည်။ အလားတူပင် နှလုံးသွေးကြော ကျဉ်းသူများအတွက်လည်း လက် သို့မဟုတ် ပေါင်မှ ပိုက်ထည့်ကာ နှလုံးသွေးကြောချဲ့ ကုသရန် နှလုံးအထူးကု ဆရာဝန်များ၏ တာဝန်ဖြစ်သည်။ သွေးကြောသုံးချောင်းလုံး ကျဉ်းနေပြီး သွေးကြော ချဲ့ကုသရန် အခြေအနေ မပေးသူများ အသက်မဆုံးရှုံးစေရန် အတွက်လည်း နှလုံးသွေးကြောများအား အစားထိုး လဲလှယ်ခွဲစိတ်ပေးရန် နှလုံးခွဲစိတ် ဆရာဝန်ကြီးများ၏ တာဝန်ဖြစ်လာသည်။ နှလုံးသွေးကြောခွဲစိတ်ရန် အတွက် ပထမဦးစွာ ရင်ညွန့်ရိုးအား လွှဖြင့်တိုက်ကာ နှစ်ခြမ်းခြမ်းပြီးနောက် ဒေါက်ဖြင့်ဖြဲ လိုက်ရသည်။ 

ဤနည်းအားဖြင့် ခွဲစိတ်ဆရာဝန်များက နှလုံးကို ကိုင်တွယ်ခွဲစိတ်နိုင်သော အနေအထားသို့ ရောက်ရှိ လာချိန်တွင် သွေးလွှတ်ကြောကြီးနှင့် သွေးပြန်ကြောကြီးများကို နှလုံးတုစက်ဖြင့် ဆက်ပေးလိုက်ရသည်။ နှလုံးတုစက် ရာနှုန်းပြည့် အလုပ်စလုပ်ချိန်တွင် နှလုံးအား ရေခဲရေဖြင့် လောင်းပြီး တဖြည်းဖြည်း နှလုံးညှစ်အား ကျဆင်းသွားစေရန်နှင့် နှလုံးခုန်နှုန်း နှေးသွားစေရန် လုပ်ဆောင်ရသည်။ နောက်ဆုံးတွင် နှလုံးအတွင်းသို့ ပိုတက်စီယမ် ပါသော ဆေးရည်များ ထိုးသွင်း၍ နှလုံးခုန်ခြင်း လုံးဝရပ်ဆိုင်းသွားပါက ပိတ်နေသော၊ ကျဉ်းနေသော နှလုံးသွေးကြောများကို အစားထိုး လဲလှယ်ရန် အသင့်ဖြစ်သည်။ အားလုံးခွဲစိတ်ပြီးချိန်တွင် နှလုံးအား ပြန်နွေးလာစေရန် ဆောင်ရွက်ပေး ရပြီး နှလုံးအဆင်သင့်ဖြစ်ချိန်တွင် လျှပ်စစ်ရှော့ခ်ရိုက်ကာ ပြန်နှိုးရသည်။ ထို့နောက် နှလုံးခုန်နှုန်း မှန်လာပြီး နှလုံးညှစ် အား ကောင်းလာချိန်တွင် နှလုံးတုစက်ကို တဖြည်းဖြည်းချင်း ပြန်ရပ်ရသည်။ ထို့နောက် ရင်ညွန့်ရိုးအား ဝါယာကြိုး များဖြင့် ပြန်လည် ချည်နှောင်ပြီးချိန်တွင် နှလုံးသွေးကြောများ အစားထိုး လဲလှယ်ကုသခြင်း ပြီးဆုံးသည်။ အဆိုပါ နှလုံးသွေးကြောများအား အစားထိုးခွဲစိတ် ကုသခြင်းသည် ၁၉၆၇ ခုနှစ်တွင် အောင်မြင်စွာ စတင်ဖော်ထုတ်ခဲ့သော နည်းဖြစ်ပြီး နှစ်ပေါင်း ၅ဝ ခန့်အတွင်း ဆီးချိုရောဂါ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် နှလုံးသွေးကြောများ ဆိုးဆိုးရွားရွား ကျဉ်းနေသော ဝေဒနာရှင် အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ နောက်ပိုင်းတွင် နည်းပညာ တိုးတက်မှုများကြောင့် သမားရိုးကျ နှလုံးသွေးကြောများအား အစားထိုး ခွဲစိတ်ကုသခြင်းထက်စာလျှင် ရင်ခေါင်းအတွင်းသို့ မှန်ပြောင်းထည့်ကာ ခွဲစိတ်ကုသခြင်း၊ နှလုံးတုစက် မသုံးဘဲ နှလုံးခုန်နေစဉ်မှာပင် နှလုံးသွေးကြော ဆက်ပေးခြင်း၊ စက်ရုပ်ဖြင့် နှလုံးသွေးကြောများ အစားထိုး ခွဲစိတ်ကုသခြင်း အစရှိသည့် နည်းလမ်းသစ်များဖြင့် ကုသပေးလျက်ရှိသည်။ နည်းပညာများ တိုးတက်သည်နှင့်အမျှ ကုန်ကျစရိတ်များကလည်း မြင့်တက်လာမည်ဖြစ်ရာ လူနာနှင့် မိသားစုကိုယ်တိုင်ဖြစ်စေ ၊ နိုင်ငံတော်မှဖြစ်စေ ငွေကြေးမြောက်မြားစွာ စိုက်ထုတ် သုံးစွဲရမည်ဖြစ်သည်။ မည်သို့ပင်ခွဲစိတ်ကုသမှု ခံယူသည်ဖြစ်စေ အပ်နှင့်ထွင်းရုံဖြင့် ပြီးစီးသောကိစ္စ မဟုတ်သည်မှာ အသေအချာပင်ဖြစ်သည်။ ဆီးချိုရောဂါရှင်များ၏ ဘဝတွင် သတ်မှတ်သော Target များ အတွင်းဝင်စေရန် နိစ္စဓူဝ ကျန်းမာစွာနေထိုင်စားသောက်ပြီး သက်တမ်းစေ့ နေထိုင်နိုင်ရေးမှာ အမှန်တကယ်တော့ လွယ်ကူသော လုပ်ငန်းတစ်ခုမဟုတ်ပါ။ 

လူမှာအမျိုး ကြက်မှာအရိုး ဆိုသကဲ့သို့ပင် မျိုးရိုးဗီဇဟူသည် လွယ်လွယ်ကူကူ ပြုပြင်ပြောင်းလဲ၍ရသော ကိစ္စ မဟုတ်ပါ။ ဟောလီးဝုဒ် မင်းသမီး အိန်ဂျလီနာဂျိုလီက မိမိထံတွင် ရင်သားကင်ဆာမျိုးရိုး ဗီဇပါနေသောကြောင့် ရင်သားနှစ်ခုလုံး ဖြတ်ထုတ်ပစ်ကာ Silicone ရင်သားအတု ထည့်ထား၍ရသော်လည်း ဆီးချိုမျိုးရိုး ပါနေခြင်းမှာ ထိုကဲ့သို့ပြုပြင်၍ ရသောကိစ္စမဟုတ်ပါ။ အစားအစာနှင့် ပတ်သက်ပြီး ချက်ပြုတ်နည်းနှင့် စားသောက်မှုပုံစံကို Supply နှင့် Demand မျှတစေရန် ဆီမပါသော ချက်ပြုတ် စားသောက်နည်း၊ ထမင်းပန်းကန် အသေးဖြင့် ပြောင်းလဲစားသုံးခြင်း၊ လိုအပ်ပါက ထမင်းတစ်နပ်လျှော့စားခြင်း အစရှိသော နည်းလမ်းများဖြင့် ချိန်ဆပြုပြင်ပြောင်းလဲ ဆောင်ရွက်ရန် လိုအပ်သကဲ့ သို့ နေထိုင်သွားလာမှု ပုံစံများပါပြောင်းလဲပြီး တက်ကြွသော လူနေမှုဘဝပုံစံဖြင့် နေထိုင်သွားလာ လှုပ်ရှားရန် လိုအပ်သည်။ လူနာများ မကြာခဏညည်းတွားကြသည့်အတိုင်း ဆရာရယ် ဆီးချိုထိန်းရတာနဲ့ ဝိတ်ချရတာ တကယ်မလွယ်ဘူး ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။ လူတိုင်းလူတိုင်း လွယ်လွယ်ကူကူဖြင့် အောင်မြင်စွာ ထိန်းချုပ်ဆောင်ရွက်နိုင်သော ကိစ္စဖြစ်ပါကလည်း ဆီးချိုရောဂါ တိုက်ဖျက်ရေးကို ယခုကဲ့သို့ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ရေးကြီးခွင့်ကျယ် ပြောဆိုပြီး Public Campaign လုပ်နေရန် လိုမည်မဟုတ်ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ ကျန်းမာရေး ဆိုသည်မှာ မိသားစု၊ လူ့အဖွဲ့အစည်းနှင့် တိုင်းပြည်တစ်ပြည်၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ မိမိတို့အနာဂတ် အကျိုးစီးပွားအတွက် လက်ရှိကာလတွင် အချိန်၊ ငွေကြေး၊ အသိဉာဏ်နှင့် လုပ်အားများ စိုက်ထုတ်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အနာဂတ် အကျိုးစီးပွားအတွက် လက်ရှိအချိန်တွင် ရယူ ခံစားလိုမှုများကို စွန့်လွှတ်ရခြင်းနှင့် အသာစံရန်အတွက် အနာခံရခြင်း သဘောဖြစ်သည်။ ထို့ကြောင့် ဆီးချိုရောဂါရှင်များ အတွက် နေ့စဉ်မှန်မှန်ဆီးချို စစ်ဆေးခြင်းအားဖြင့် အစားအသောက် အနေအထိုင် မှားနေတာကို ချက်ချင်းပြင်ဆင်နိုင်ပြီး ဆီးချိုရောဂါ၏ နောက်ဆက်တွဲ အဖြစ်ဆိုးများကို ရှောင်ရှားနိုင်ကာ လူ့သက်တမ်းစေ့ နေနိုင်ကြမည်ဖြစ်သည်။ ဆီးချိုရောဂါနှင့် ပတ်သက်ပြီး ရှောင်သင့်တာ ကို ရှောင် စားသင့်သောဆေးကို စားရုံမျှဖြင့် မလုံလောက်ဘဲ ဆီးချိုမှန်မှန် စစ်ကြရန် အပ်နှင့်ထွင်းရန် ဝန်မလေးကြပါနှင့်၊ စားသောက်နေထိုင်ရာတွင်လည်း မျှတစွာချိန်ဆ ဆောင်ရွက်နိုင်ပြီး ထမင်းဆိပ်မသင့်ကြပါစေနှင့်ဟုတိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ ။ 

+မောင်စိုး(ရောရောသမမွှေ)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)