******* ******* *********
+(MOEAF Thai ဧပြီလ ၁၂) +
ထိုင်းအစိုးရမှ ၎င်းတို့တိုင်းပြည်တွင်း လာရောက်အလုပ်လုပ်နေကြသော မြန်မာ လာအိုနှင့် ကမ်ပူးချား နိုင်ငံသားများကို မိခင်နိုင်ငံသို့ သင်္ကြန်ကာလအတွင်း သွားရောက်နိုင်ရန် အထူးအခွင့်အရေးတရပ်ကို ထုတ်ပြန်ပေးလိုက်ကြောင်း သိရ သည်။ ယင်းကြေညာချက်အရ အတာသင်္ကြန်တွင်းကာလ၌ မိမိတို့ တိုင်းပြည်ကို ပြန်ကြသူများသည် မည်သည့် ထောက်ခံချက်၊ ခွင့်ပြုချက်မှ တောင်းခံရန်မလိုဘဲ ယနေ့ ဧပြီလ ၁၂ ရက်မှ စ၍ ဧပြီလ ၂၀ ရက်နေ့အထိ ခရီးသွားခွင့်ပြုလိုက်ပါသည်။ ယင်းထုတ်ပြနချက်နဲ့ ပတ်သက်၍ ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) မှ ဥက္ကဌ ဦးမိုးကြိုးက ´ဒီအခွင့်အရေးကိုရမယ့်သူများကတော့...
၁။ ပန်းရောင်ဘတ်ရှိတဲ့ မည်သည့်အလုပ်သမားမဆို၊ သက်တမ်းကုန်သည်ဖြစ်စေ၊ မကုန်သေးသူဖြစ်စေ..
၂။ ပတ်စ်ပို့၊ ယာယီပတ်စ်ပို့၊ စီအိုင် အစရှိတဲ့ စာရွက်စာတမ်း ကိုင်ဆောင်သူများ ဗီဇာကုန်သွားသူဖြစ်စေ၊ ဗီဇာသက်တမ်း ရှိသေးသူဖြစ်စေ။ အထက်ပါအချက်နဲ့အကျုံးဝင်ရင်.. နယ်စပ်ဂိတ်တွေမှာ မည်သည့် အခကြေးငွေမှ ပေးစရာမလိုပဲ.. နယ်စပ်ဂိတ်ကိုဖြတ်လို့ မိမိနိုင်ငံကိုပြန်ခွင့်ရပါမယ်။ ပြန်တဲ့အခါမှာ နယ်စပ်ဂိတ်ကနေ အထောက်အထားတခုခု စီစဉ်ပေးပြီး တံဆိပ်တုံးထုတာမျိုး လုပ်ပေးလိုက်ပါမယ်။ ငွေကြေးတစုံတရာ လုံးဝ လုံးဝ ပေးစရာမလိုပါ။ ဒီနေရာမှာ အထူး သတိပြုရမှာက ဒီလ ၂၀ရက်နေ့အထိ နောက်ဆုံးထားပြီး ထိုင်းနိုင်ငံထဲက မိမိအလုပ်လုပ်နေရာ ခရိုင် ဒေသများဆီကို ပြန်လာရမှာပဲ ဖြစ်ပါတယ်။ ဒီခွင့်ပြုချက်နဲ့ အိမ်ပြန်သူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက မည် သည့် အကြောင်းနဲ့မှ ငွေညှစ်တာ တွေမလုပ်ဖို့ ဒီအမိန့်စာထဲမှာ ပြောထားပါတယ်´ ဟု ပြောသည်။ ယင်းထုတ်ပြန် ကြေညာချက်ကို ဦးမိုးကြိုးက ကြိုဆိုသော်လည်း အချိန်အလွန် နောက်ကျမှ ထုတ်ပြန်သဖြင့် ပေးကားပေး၏ မရ ကျွေးကား ကျွေး၏ မ၀ဆိုသကဲ့သို့ ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကိုလည်း ယခုကဲ့သို့ ´အခုလို ထိုင်းအစိုးရက ဘာထောက်ခံချက်၊ ခွင့်ပြုချက်မှ မလိုပဲ သကြံန်ကာလ ၉ ရက်ကို လွတ်လပ်စွာ အိမ်အပြန် ပျော် ရွှင် ခွင့်ပြုလိုက်တာ။ အလွန် ၀မ်းသာစရာ ပါပဲ။ ဒါပေမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ တချို့ ဆိုရင် ၁နှစ်၂နှစ်နေမှ တ ခေါက်၊ တချို့ တွေများဆိုရင် ၄- ၅- ၆ နှစ်နေမှ တခေါက် သကြံန်ရာသီရောက်မှ အိမ်ပြန်တတ်ကြတာမို လို့  ထိုင်းအစိုးရ ကြေညာပေးတာက နောက်ကျနေတယ်။ အများစုက ပြန်ကုန်ကြပြီ။ အခုမှ စပြန်မဲ့ သူတွေကျတော့လည်း ´ပေးကားပေး ၏ မရ- ကျွေးကားကျွေး၏မ၀´ဆိုသလို ဖြစ်နေမှာပဲ။ ရက်က နည်းလွန်းတယ်လေ။ သူတို့  ထိုင်းလုပ်ငန်းရှင်တွေဘက်က ပြန်ကြည့်တော့လည်း ခွင့်ရက်ရှည် မပေးတာတောင်မှပဲ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေထဲက ဘယ်နှစ်ယောက် လောက် အချိန်မမီပဲ (သတ်မှတ်ရက် ဧပြီလ၂၀ ရက် လွန်မှ) လုပ်ငန်းခွင်ကို ပြန်ရောက်ကြမလဲ မသိပဘူးလေ။ တဖက်မှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လွတ်လပ်ခွင့်ပေးသလိုနဲ့ တဖက်မှာလည်း ရက်နည်းနည်းပဲ ပေးထားပြီး ပြန်ကိုင် ထားတာ တွေ့ရတယ်။ ကျနော်တို့ စိတ်ပူတာက နောက်ဆုံး သတ်မှတ်ရက်ဧပြီလ ၂၀ရက်အတွင်း ပြန်မရောက်မှာကိုပဲဗျ´ ဟု ပြောဆိုသည်။
ယခုအခါ ထိုင်းနိုင်ငံအတွင်းရှိ သိန်းပေါင်းများစွာသော နိုင်ငံခြား အလုပ်သမားများသည် မိမိခင်နိုင်ငံသို့ သင်္ကြန်ကာလ အလုပ်ပိတ်ရက်အတွင်း ပြန်နေကြကြောင်း သတင်းရရှိသည်။
Photo-(ထိုင်းမှမြန်မာနိုင်ငံသို့  ပြန်လာသည့် မြန်မာရွှေ့ပြောင်း မိသားစုများကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)

No comments:
Post a Comment