``ပြေးဟေ့…ပြေး ပြေး…သားရေ၊ ဖိုးမောင်…သားရေ… မမရော…သားငယ်ရော မြန်မြန်လာကြ မြန်မြန်လာ…``
``ဖတ်… ဖတ်… ဒေါင်း…ဒေါင်းအား…အ… အဒေါ်… သားတို့အမေ… အဖေရော၊ ဘယ်မှာလဲ… ညီမလေးနဲ့ သားတို့ဘဲရှိတယ်။ သားတို့ကြောက် တယ်။ ဟီး…ဟီး…ဟီး…``
``လူလေးတို့ရယ်… အဖွားကိုလဲ စောင့်တွဲပေးကြပါအုံးကွယ်။ အဖွားလဲမပြေးနိုင်တော့ဘူး… မောလဲ…မောလှပါပြီကွယ်….။``
ကမ္ဘာပျက်မတတ် ပွက်လောရိုက်နေတဲ့မြင်ကွင်ကိုကြည့်ပြီး ကျမအင်မတန်မှ ၀မ်းနည်းမိတယ်။ ထိုင်းရဲဖမ်းလို့ ထွက်ပြေး နေကြတဲ့ အသံတွေ မြင်ကွင်းတွေပဲပေါ့။ ၀မ်းတထွာအတွက် ဒါမှမဟုတ် မိသားစုစားဝတ်နေရေးအတွက် ရှာဖွေစား သောက်နေကြရတဲ့ ကျမတို့ မြန်မာပြည်သားတွေအတွက်ကတော့ အားကိုးစရာ ထိုင်းနိုင်ငံကိုထွက်ခွါခဲ့ရတယ်။ အမိမွေး ရပ် မြေကို စွန့်ခွါပြီးတော့ ဘယ်ထွက်ခွါလာချင်ပါ့မလဲ။
ကိုယ့်မြေကိုယ့်ရေသာ ကိုယ့်အတွက်ပြည့်စုံအေးမြပါတယ်။ ဒါပေမဲ့ အမေကျော်ဒွေးတော်လွမ်းနေတဲ့ အဖြစ်ရယ်ပါ။ အရိပ် ခိုလို့ ရဖို့အတွက် ငွေကြေးကြီးကြီးပေးပြီး ငှါးရမ်းရတယ်။ စာသောက်ဖို့အတွက် နံနက်စောစောထပြီး အလုပ်ခေါ်မဲ့ သူဌေး တွေကို ထမင်းထုပ်လေးတွေလွယ်ပြီး ကပ်တရာလမ်းတွေမှာ ဘေးဘီဝဲယာကို ကြည့်ပြီးအလုပ်စောင့်ရတယ်။ အလုပ် ခေါ်မဲ့ သူဌေးကားလာလိုက်ရင် အလုအယက်အပြေးအလွှား ကုတ်တက်ရတယ်။ တခါတရံကြရင်လဲ ခြေလေးတချောင်း ဘဲ ကားပေါ်မှာပါသွားခဲ့ရတယ်။ တခါတခါကြတော့ သူဌေးမောင်းထုတ်ဆွဲချတာကိုလဲ ခံကြရတယ်။ တရက်တာဝမ်းရေးဖြေရှင်း နိုင်ဖို့အတွက် အလုပ်ကိုမရမက စောင့်စားနေရတဲ့ ရက်တွေလဲရှိခဲ့တယ်။ ဒီကြားထဲ ရဲလိုက်ဖမ်းလို့ ပြေးမိပြေးရာ ပြေးကြရတယ်။
ဘယ်မှာလဲ ကျမတို့တွေရဲ့ လွတ်လပ်ခွင့်။ အေးဆေးစွာအနားယူခွင့် ဆုံးဖြတ်ပိုင်ခွင့်တွေ ဘာတခုမှလဲမရဘူး။ ရှိလဲ မရှိခဲ့ဘူး။ ဘာကြောင့်လဲ ဘယ်သူကြောင့်လဲ ကျမတို့ပြည်သူပြည်သားတွေအတွက် လုံခြုံတဲ့ရင်ခွင်ကရောဘယ်မှာရှိတာလဲ။ အမိ အဖရဲ့ ရင်ခွင်ဟာ အင်မတန်အေးမြလုံခြုံတဲ့ နေရာလို့ ကျမတယောက်ထဲသာမဟုတ်ဘဲ အများအားလုံးသိထား ကြပါ တယ်။ ဟုတ်တယ် မဟုတ်လား။ ဒါပေမဲ့ ကျမတို့တတွေဟာ အမိ အဖရဲ့ ရင်ခွင်ထဲမှာနေရလို့လား။ အမိ အဖရဲ့ ရင်ခွင် ထဲမှာရော မနေချင်ကြတဲ့သူတွေရော ရှိကြလို့လား။ ကျမအနေနဲ့ကတော့ လုံခြုံတဲ့ခြံဝန်းထဲမှာ အိမ်လေးတလုံး အဖေရယ်၊ အမေရယ်၊ အကို၊ မောင်၊ ညီမတွေနဲ့ တပျော်တပါးကြီး အတူနေချင်တယ်။ ကျကွဲသွားတဲ့ မှန်တချပ်ကို ပြန်ပြီးဆင်မရ သလို အဖြစ်မျိုးတော့မလိုချင်ဘူး။ တွဲထားတဲ့ လက်တွေကိုခိုင်မြဲရမယ်။ ဘယ်သူသွေးကွဲ ဒို့မကွဲဘူးဆိုတဲ့စကားကို ကျမ အင်မတန်မှ မြတ်နိုးမိတယ်။ ဒါကြောင့်မို့ ပန်းတိုင်ကိုရောက်ဖို့ ကျမတို့တွေ ပြည်သူတရပ်လုံးအနေနဲ့ တတ်နိုင်တဲ့စွမ်းအားနဲ့ ချီတက်ကြမယ်ဆိုရင် ပန်းတိုင်ကိုရောက်မှာမလွဲပါဘူး။ နောက်ပြီး အမေကျော် ဒွေးတော်လွမ်းတဲ့ အဖြစ်မျိုးလဲ မရောက် နိုင်တော့ဘူးပေါ့…။
ကျမရဲ့ ခံစားချက်ကို စာဖတ်ပရိသတ်တို့နားလည်နိုင်ကြမှာပါ။ ကျမ အဖြစ်ချင်ဆုံးဆန္ဒကတော့ အားလုံးဟာ တဦးနဲ့တဦး ဟာ…..။
ပေးပို့သူ….သဇင်နွယ်
(ရွှေ့ပြောင်းလုပ်သားတဦး)
(22 Oct, 2008)

No comments:
Post a Comment