မိန်းကလေးတယောက်၊ အသက်(၈)နှစ်၊ တိုင်းရင်းသူ ကလေး၊ စာမတတ် ဗမာစကားမတတ်၊ ဘန်ကောက်ကို ရောက်ခဲ့၊ ရောင်းစားခံရခဲ့။ ထိုင်းတွေကြားထဲမှာ ခိုင်းတဲ့သူ၊ စော်ကားတဲ့သူသာရှိ၊ ကူမဲ့ သူ၊ ကယ်မဲ့ သူ၊ ကာကွယ်ပေးမဲ့သူ မရှိ။ အသွေးအသားတွေ ခန်းခြောက်သွားအောင် ရက်စက်ကြတာတွေ၊ ယုတ်မာ ရက်စက်ကြတာတွေ မချိ့မဆန့်ရုန်းကန်ရင်း နာကျင်စွာအော်ဟစ်ရင်း (၁၃)နှစ်တင်းတင်းပြည့်ခဲ့ပြီပေါ့။
ပြည့်တန်ဆာဘွဲ့ တခုသာရလိုက်တယ်။ ထိုင်းလိုလည်း ကျွမ်းကျင်ပြီပေါ့။ ပြည့်တန်ဆာနှိမ်နင်းရေး စီမံချက်နဲ့တွေ့တော့ ထိမ်းသိမ်းရေးစခန်းမှသည် …သို့၊ ခေတ်ပညာတတ် လူငယ်တယောက်နဲ့ ကြုံရဆုံရ အိမ်ထောင်ကျခဲ့တယ်။ အသက်(၁၄)နှစ်ရောက်ခဲ့ပြီလေ။
ခင်ပွန်းသည်ဖြစ်လာတဲ့ လူချော လူခန့်ကြီးက စာရိတ္တမကောင်း၊ ပေါင်းတော့ ပေါင်းပါရဲ့ ၊ အရက်၊ ဖဲ၊ မိန်းမနဲ့ မူးယစ်ဆေးဝါး အကုန်လုံးလိုက်စားတယ်။ လုပ်တဲ့အလုပ်က ကြေးစား၊ မယားကျတော့ အကုန်လုပ်ခိုင်း၊ ပို့ပေးရတယ်၊ ရှာဝယ်ပေးရတယ်၊ ရောင်းပေးရတယ်၊ နိုင်ငံခြားသားတွေ ငှားနေတဲ့ အထပ်ပေါင်းများစွာ ဟော်တယ်ခန်းတွေမှာ လိပ်စာပေးလိုက်ရင် လှလှပပဆင်သွား၊ ပို့ပေးရတယ်။ ပြန်ယူလာခဲ့ရတယ်။ ပြန်လာရင် ကျန်ခဲ့တာက အသွေး အသား။ တခါတလေ တယောက်ချင်းတွေ့၊ တခါတလေ အုပ်စုနဲ့တွေ့ရပေါ့၊ မျော့မျော့လေးခွေခဲ့ရတာလည်းရှိတယ်။ ကံကောင်းချင်တော့ တချီမှာပွခဲ့တယ်။ ဒေါ်လာတွေရလို့ ဒီတခါတော့ အေးအေးဆေးဆေးနေရပြီပေါ့။ ပြည်စုံတဲ့ အိမ်ထောင်ရေးတည်ဆောက်လို့ ဘ၀ဟောင်းကို စွန့်လွှတ်လို့ ခလေး(၂)ယောက်ရတဲ့အထီပေါ့။
ပညာတတ် လူချောကြီးကတော့ အလုပ်သာမလုပ်တော့တာ မူးယစ်ဆေးဝါးစွဲပြီး အိမ်တွင်းအကြမ်းဖက်မှုတွေ သူမကိုတိုးလုပ်လာခဲ့တယ်။ မီးတွင်းထဲမှာကို အမျိုးစုံ လုပ်ပေးရတယ်။ ကိုယ်ထိလက်ရောက်စော်ကားလာတယ်။ မသေရုံမတယ် ရိုက်တယ်။ ထိုးတယ်၊ ကန်တယ်၊ လည်းပင်းညှစ်တယ်။ ပြေးစရာ မရှိတော့ခံပေါ့။ ကယ်မဲ့သူ တွေ့လာတယ်၊ ပတ်ဝန်းကျင်ရဲ့ အားပေးမှုရလာတော့ ဒီတခါတော့ ဟုတ်ပြီပေါ့။
နောက်အိမ်ထောင်ပြုလိုက်တယ်။ ခင်ပွန်းဆီက ကြင်နာမှုတော့ရပါရဲ့ ။ ဘ၀တလျှောက်လုံး ကြုံလာရ ဒုက္ခမှန်သမျှ မေ့သွားပြီ၊ ဒါပေမဲ့ အိမ်ထောင် မထိန်းတတ်ဘူးလေ။ စီးပွားရေး မပြေလည်တော့ ကိုယ်တိုင်ရှာလာတယ်။ ပထမ ရိုးရိုးသားသား မလောက် မငှနဲ့ပေါ့။ မနေတတ်တော့ ဆန်းဆန်းပြားပြားလို့ ပတ်ဝန်းကျင်ကပြောပြီ။ ဒဏ်မခံနိုင်တော့ ကွဲကြပြန်ရောပေါ့။ မိန်းမငယ်လေး တယောက်ထဲ တွေ့တဲ့လူတိုင်းကဲ့ရဲ့ ကြ။ ကပ်တဲ့လူတိုင်း ၀ါးစားကြ။ ပြီးရင်ထွေးထုတ်ကြ။ မရှုမလှတွေဖြစ်ပြန်ပြီ။ ဒီကနေ့ဆိုရင် (၂၁)နှစ်ကျော်လာပြီ။ ကြုံခဲ့ ဆုံခဲ့ရတာတွေလည်း စုံလာပြီ။ အသိတရားနဲ့ သိက္ခာ မရှိတော့ပေမဲ့ အသက်တော့ရှိနေပါသေးတယ်။ အနာဂတ်ကို ဆက်သွားနေဆဲပဲ။ လူတွေကတော့ အပျက်လို့ သတ်မှတ်နေအုံးမှာပဲ။ အဖျက်ခံရလို့ ပျက်ခဲ့ရတာကိုး။ ဘာတတ်နိုင်မှာလဲ။ သင်သာ အဲဒီ မိန်းကလေးကို ကြုံတွေ့တဲ့အခါ……ပယ်မလား- ကယ်မလား……စာရှုသူတွေ စဉ်းစားပေးကြပါခင်ဗျား……….။
ပေးပို့သူ……မောင်ပွင့်လင်း (ရွှေအလုပ်သမားတဦး)
မှတ်ချက်။ ။ လစဉ်မပျက် ထုတ်ဝေလျက်ရှိသော မြန်မာပြည်သားစာစောင် (၂၀၀၅ -အောက်တိုဘာလ) စာစဉ်မှ ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်။
(24 Oct, 2008)

No comments:
Post a Comment