၁၉၉၇ ခုနှစ်က မဲဆောက်ကို စတင်ရောက်ရှိခဲ့တယ်။ ချန်ပီယံ သိုးမွှေးစက်ရုံအတွင်းရှိ အထည်စစ်ဌာနမှာ အလုပ်စတင် လုပ်ကိုင်ခဲ့တယ်။ လက်မှတ်မရှိတဲ့ အချိန်ဆိုတော့ တခါတခါ ပုလိပ်ပြေးရတာ ဒုက္ခရောက်တယ်။ တောထဲမှာ နေရာကကျဉ်း ကျဉ်း၊ စကားကျယ်ကျယ် မပြောရ။ ဟိုနေရာ ဒိီနေရာမသွားရနဲ့ အရမ်းကို ဒုက္ခရောက်ပါတယ်။
လမ်းသူရဲလား…ပုလိပ်လား မသိရတဲ့အတွက် ကိုယ်မသိတဲ့လူကို တွေ့ရင်၊ (၀ါ)ယူနီဖောင်းကိုတွေ့ရင်။ ပုန်းနေရတယ်။ နေ့စား ခ တနေ့ကို (၄၅)ဘတ် ရတယ်။ အိုတီကြေးကို တနာရီ(၅)ဘတ် မာမားခေါက်ဆွဲထုပ်လည်းရတယ်။ ပုလိပ်ပြေးတဲ့ရက်တွေ ဆိုရင်လည်း နေ့စားခပေး တယ်။ (၉)လပိုင်းမှာ ပုလိပ်အကြီးအကျယ် ဖမ်းမယ်ဆိုတော့ ပြည်တွင်းကို ပြန်ခိုင်းလို့ပြန်ခဲ့ရပါ တယ်။ ပြည်တွင်းမှာ (၁)နှစ်ကျော်လောက် နေပြီး ၁၉၉၉ ခုနှစ်မှာ မဲဆောက်ကို ပြန်ရောက်တယ်။ ပြန်ရောက်ရောက် ချင်း ဘန့်စောင်ခွဲရပ် ကွက် (စီကေအိုင်)သိုးမွှေးစက်ရုံမှာ အလုပ်လုပ်တယ်။ အဲဒီ စက်ရုံမှာက ပိုဆိုးတယ်လို့ ယူဆရ တယ်။ ခွင့်ကို လိုသလိုယူ လို့မရတဲ့အပြင် အိုတီကြေးတို့၊ နေ့စားခတို့ကိုလည်း ဘယ်လိုပေးမှန်းလည်းမသိခဲ့ဘူး။ မသိလို့မေးမယ် ဆိုရင်လည်း မေးဖို့အခက် အခဲ တွေရှိတယ်။ တနေ့ကျတော့ ပုလိပ်အကြီးအကျယ်ဖမ်းတဲ့နေ့မှာ ထိုင်စက်အမျိုးသမီးဌာနကို ပိတ်ဖမ်းလို့ အမျိုးသမီး တွေက အော်ပြီး အကူအညီတောင်း တဲ့အခါ ယောင်္ကျားလေးတွေက လာကူညီကြတယ်။ အဲဒီလို လာကူညီကြတဲ့ ယောင်္ကျား လေးတွေကို ပုလိပ်တွေက နီးရာတုတ်တွေဆွဲပြီး ၀ိုင်းရိုက်ကြတော့ တော်တော့ကို ရုပ်ပျက်ခဲ့ တယ်။ တောထဲမှာလည်း ခွေး တွေလွှတ်ပြီးတော့ ဖမ်းခိုင်းတယ်။ လူကိုမိရာ ဆွဲခေါ် သွားတယ်။ သွားသွန်တဲ့အခြါ ကတော့လည်း လှေပေါ်ကိုအတင်း တုတ်နဲ့ရိုက်ပြီး တက်ခိုင်းတယ်။ မတက်တဲ့လူတွေကို ရေထဲကိုကန်ချတယ်။ အမျိုးသား (၃)ယောက် ရေထဲကိုကျသွားတာကို တွေ့ခဲ့ရတယ်။ စက်ရုံပြန်ရောက်တဲ့အခါမှာ ပြေးရလွှားရလို့အနားယူတဲ့အခါ နား ခွင့်မရခဲ့ဘူး။ သူဌေး ဆီမှာနားခွင့်သွား တောင်းလို့ အမျိုးသမီး(၃)ယောက် အလုပ်ဖြုတ်ခံခဲ့ရတယ်။
ကျမအနေနဲ့ ထိုအဖြစ်အပျက်များကို သုံးသပ်ရလျှင် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်ကြသော မြန်မာပြည်သား အလုပ်သမားများ အားလုံးသည် တရားဝင်အလုပ်လာရောက်လုပ်ကိုင်ခွင့် လက်မှတ်ကို မြန်မာပြည်မှာ လုပ်ခဲ့မယ်ဆိုရင် အထက်ပါအဖြစ်အပျက်များနှင့် ကြုံတွေ့ရမည် မဟုတ်သလို ထိုင်းအာဏာပိုင်များရဲ့ လူမဆန်သော လုပ်ရပ်များကိုလည်း ကြုံတွေ့ရမည်မဟုတ်ပါ။ ကျမတို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများဟာ ဘာကြောင့် သူများနိုင်ငံသို့ခိုးဝင် အလုပ်လာ လုပ်ရတာလဲဆိုလို့ရှိရင်…. အဓိက ကတော့ စားဝတ်နေရေး အဆင်မပြေလို့ဆိုတာ လူတိုင်းသိပါတယ်။ မြန်မာနိုင်ငံမှာ တနေ့ အလုပ်လုပ်လို့ တယောက်စာတောင် လုံလုံလောက်လောက် မစားရတော့ မိသားစုအနေနဲ့ ခလေးတွေရဲ့ ရှေ့ရေးကို ဘယ်လိုဖြေ ရှင်းရမလဲ။ ဒီလိုဘဲ စားဝတ်နေရေးကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ရာ ဒုက္ခခံပြီး သူများနိုင်ငံမှာ တရားမ၀င်လည်း လုပ်နေ ရတာဘဲ။ ထိုင်းနိုင်ငံက အလုပ်လုပ်ခွင့် ထုတ်ပေး ထားလို့ တော်သေးတာပေါ့။ ဒါပေမဲ့ ထိုင်းရဲတွေက မလိုရင် မလိုသလို ဖမ်း ဆီးခြင်းကိုတော့ခံရတယ်။ မြ၀တီဖက်ကမ်းကို ပြန်ပို့လည်းခံရတယ်။ ဒါကြောင့် ကျမပြောချင်တာက မြန်မာပြည်မှာ အုပ် ချုပ်နေတဲ့ စစ်အစိုးရက မိမိတို့ နိုင်ငံသားတွေကို အဆင်ပြေအောင် အလုပ်မပေးနိုင်တဲ့အတွက် မြန်မာပြည် သားတွေဟာ နီးစပ်ရာနိုင်ငံများကိုထွက် အလုပ်လုပ်ရတယ်။ ဒီလိုအလုပ်ထွက်လုပ်တဲ့အခါမှာလည်း ပတ်(စ်)ပို့မပါဘဲ ခိုးထွက်ပြီး အလုပ် သွားလုပ်ရတဲ့ အတွက် လုံခြုံမှုဆိုတာ မရှိပါဘူး။ ဒါကြောင့် မြန်မာပြည် စစ်အစိုးရဟာ အလုပ်ပေးနိုင်ဖို့နဲ့ လက်ရှိထိုင်း နိုင်ငံမှာ အလုပ်လုပ်နေဆဲ မြန်မာပြည်သားတွေကို ထိုင်းအစိုးရနှင့် မြန်မာစစ်အစိုးရတို့ ပူးပေါင်းပြီး တရားဝင်လုပ်လုပ်ကိုင် နိုင်ရန် လုပ်ဆောင်ပေးသင့်ကြောင်းကို ပြောချင်ပါတယ်။ ဒီလို ဒီလို….လုပ်ဆောင် ပေးလာနိုင်အောင် ထိုင်းနိုင်ငံရောက် မြန်မြာ ပည်သားများအနေနဲ့လည်း မြန်မာစစ်အစိုးရကို ၀ိုင်းဝန်းဖိအားပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ မြန်မာ ပြည်သားများ အားလုံး စုပေါင်းထားတဲ့ ပြည်သူလူထုအားကို ဘယ်သူမှမယှဉ်နိုင်ဘူးလို့ ယုံကြည်မိလို့ပါပဲ….။
ပေးပို့သူ…..ဆူးမြင့်မိုရ် (တိုက်ပွဲဝင် စက်ရုံအလုပ်သမတဦး)
မှတ်ချက်။ ။လစဉ်မပျက်ထုတ်ဝေလျက်ရှိသော မြန်မာပြည်သားစာစောင်(၂၀၀၅ ခုနှစ် အောက်တိုဘာလ)စာစဉ်ပါ အက်ဆေး...အားပြန်လည်ဖော်ပြ သည်။
(25 Oct, 2008)

No comments:
Post a Comment