တနေ့သ၌ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် သာရေးနာရေး အလုပ်သမားရေးကိစ္စများဖြင့်အခြေစိုက် လှုပ်ရှားနေသော စာပေဗဟုသုတ ဈေးတန်းကြီးဖြစ် သည့်(မဲဆောက် ညဈေး၊ သောကြာဈေးတန်းတို့နှင့် ခပ်ဆင်ဆင်တူလှသည့်) ကျွန်ုပ်တို့၏ ဂုရုကြီး ဆန်တာကလော့(စ်)ထံသို့ ``မရဲတရဲ ဘာဝယ်မလဲရှင့်`` ဟုဆိုရမည့်အစား ``ရဲရဲ၊ ကဲကဲ ဘာဝယ်မလဲရှင့်`` ဟုဆိုရလောက်သည့် ဇီဇ၀ါ၊ ခတ္တာနှင့် ဒေလီယာတို့သည် အလုပ်သမားအခွင့်အရေး ဆွေးနွေးရန် ရောက်ရှိလာကြကုန်၏။
ဟုတ်ပေတာပေါ့…. ဇီဇ၀ါ၊ ခတ္တာနှင့် ဒေလီယာဆိုတာက JAC…အလုပ်သမားများအဖွဲ့နဲ့ တီးခတ်တဲ့(အဲလေ)နီးစပ်တဲ့ မြန်မာ အလုပ်သမသုံးဦးဖြစ်ပေသကိုး….။ ကြည့်… သူမတို့ သုံးဦးရဲ့ တင်ပြကျွေးမွေး (အဲဟုတ်ပေါင်)တင်ပြဆွေးနွေးဟန်….။
ဇီဇ၀ါ။ ။ အပြုအစုသန်တဲ့ ဂုရုဆန်ရှင့်၊ ညုတုတုမဆန်တဲ့ ဂုရုဆန်ရှင့်၊ အလုပ်သမားအခွင့်အရေးဆွေးနွေးဖို့ ဒီတခေါက်လည်း မချောသုံးယောက် ပေါက်ချလာကြပါပြီရှင့်။
ဂုရုဆန်။ ။ အိန်း….အိန်း….ငါကလည်း ဆူမိုနပန်းကားတွေ ကြည့်ထားတာများပြီလေ…။ တပွဲတလမ်း နပန်းလုံး(အဲလေ)ဆွေးနွေးချင်နေတာနဲ့ အတော် ပဲဟေ့…..။ ကဲ….ဆိုစမ်းပါဦး၊ အလုပ်သမားအခွင့်အရေးဆိုတော့ မက်(ပ်)ဖောင်ဒေးရှင်းကထုတ်ဝေတဲ့ လက်ကမ်းကြေငြာလေး ဖတ်ရုံနဲ့ အနှစ်ချုပ်ကို ခြုံမိပါပြီလေ….။
ခတ္တာ။ ။ အဲဒါကြောင့် ဂုရုဆန်ဆီကို လာရတာပေါ့၊ သမီးတို့လေ့လာမိတဲ့ ပဓာနအကျဆုံးအချက်တခုရှိတယ်လေ…။ ``အလုပ်သမားအခွင့်အရေးသည် လူ့အခွင့်အရေး ဖြစ်သည်…``တဲ့။ ဟုတ်တယ်နော် ဂုရုကြီး…။
ဂုရုဆန်။ ။ မှန်တာမှ မှန်…. မှန်…..မှန် နဲ့ တောင်နေသေး….။ အလုပ်သမား အခွင့်အရေးဟာ လူ့အခွင့်အရေးပဲပေါ့။ လူ့အခွင့်အရေးဆိုတာက ``လူသား တွေရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တယ်``ကွဲ့…။ ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ကွက်ကွက်၊ ကွင်းကွင်းမြင်လိုက်ရမှာ… လူရယ်လို့ဖြစ်ြလာပြီဆိုရင် ဘာတွေ ရှိဖို့လိုအပ်သလဲကွဲ့ ပြောပါဦး…။
ဒေလီယာ။ ။ လူရယ်လို့ဖြစ်လာပြီဆိုရင် အသက်ရယ်၊ အိုးအိမ်ရယ်၊ စည်းစိမ်ဥစ္စာရယ် ဆိုတာရှိရတယ်လို့ ဆိုပါတယ်… ဂုရုကြီး။
ဂုရုဆန်။ ။ မှန်ပေစွ…. မှန်ပေစွ…၊ ဆက်မယ်နော်….။ နံပါတ်ကြီး(၁) အနေနဲ့ နိုင်ငံရေးနဲ့ နိုင်ငံသားအခွင့်အရေးများဆိုတာ ရှိသကွဲ့။ ဒီလင်္ကာတိုလေးနဲ့ မှတ်ရင်တပ် အပ်မှတ်မိလောက်မယ်ထင်တယ်။ ကြည့်နော်…။
``ရှင်လွတ်လုံခွင့်
ကျွန်နှိပ်(နှင့်) တူ
ဖမ်းနှင် (မူ)မှ
မျှတ… ပိုင်ဆိုင်
ခေါ်ကြည်(လှိုင်)ပြော
စုဖွဲ့(သောအခါ)
ပါဝင်… အစိုးရ
ထိမ်းမြားက
မှတ်ပါ့ဆယ့်နှစ်ချက်…`` လို့မှတ်နော်….။
ဇီဇ၀ါ။ ။ တချက်ချင်းဆီကို လင်းစမ်းပါဦး ဂုရုဆန်….။
ဂုရုဆန်။ ။ ရှင်လွတ်လုံခွင့်= အသက်ရှင်နေထိုင်ခွင့်၊ လွတ်လပ်ခွင့်နဲ့ လုံခြုံခွင့်၊
ကျွန်နှိပ်(နှင့်)တူ = ကျွန်ပြုခြင်းနဲ့ နှိပ်စက်ခြင်းမှ ကင်းလွတ်ခွင့်။
တူ= ဥပဒေရှေ့ မှာ တန်းတူညီသူ ရှိခွင့်။
ဖမ်းနှင့် (မူ) မှ = မတရားဖမ်းဆီးမှု၊ ချုပ်နှောင်မှု၊ ပြည်နှင်မှုမှ ကာကွယ်ခွင့်။
မျှတ.. ပိုင်ဆိုင် = မျှတသော တရားစီရင်ခွင့် ရရှိခွင့်၊ ပိုင်ဆိုင်ခွင့်။
ခေါ် ကြည်(လှိုင်)ပြော = လွတ်လပ်စွာတွေးခေါ်ခွင့်၊ ယုံကြည်ကိုးကွယ်ခွင့်၊
ပြော= လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်။
စုဖွဲ့(သောအခါ) = ငြိမ်းချမ်းစွာ စုပေးခွင့်၊ အဖွဲ့ ဖွဲ့စည်းခွင့်။
ပါဝင်.. အစိုးရ = နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့်၊ အစိုးရ အဖွဲ့တွင်ပါဝင်ခွင့်။
ထိမ်းမြားက = လက်ထပ်ထိမ်းမြားခွင့်… စသည်ဖြင့် အချက်(၁၂)ချက်ပါဝင်တယ်ကွဲ့။
ခတ္တာ။ ။ ရှင်းပါတယ်ဂုရုဆန်…၊ နောက်ထပ် အခွင့်အရေးတွေကရော ဘာတွေရှိသလဲ။
ဂုရုဆန်။ ။ အိန်း…ရှင်းရတာပ၊ ဟောဒီလင်္ကာတိုလေးကို ထပ်မှတ်ကြဦး…. ကြည့်။
``အလုပ်… ခံစား
ဖွဲ့စည်း(များ)နှင့်
အဆင့် ယဉ်ကျေး
သင်ကြား(ပေး)သော်
မျှော်တွေး ခြောက်ချက်
စီး…လူ….ယဉ်အတွက်….``တဲ့။
အလုပ်= အလုပ်လုပ်ခွင့်။
ခံစား = အလုပ်တူ၊ လစာတူ၊ ခံစားခွင့်။
ဖွဲ့စည်း = အလုပ်သမားအဖွဲ့များ ဖွဲ့စည်းပိုင်ခွင့်။
အဆင့် = လူနေမှုအဆင့်အတန်းတူ ပါဝင်ခွင့်။
ယဉ်ကျေး = ယဉ်ကျေးမှုသဘင် ပါဝင်ခွင့်။
သင်ကြား = ပညာသင်ကြားခွင့်…။
စသဖြင့် ခြောက်ချက်ပါဝင်တယ်။ ဒါတွေဟာ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေပဲ ဖြစ်တယ်ကွဲ့….။
ဒေလီယာ။ ။ ကျမတခု တင်ပြချင်ပါတယ်။ ``အလုပ်သမား အခွင့်အရေးဟာ လူ့အခွင့်အရေးဖြစ်သလို လူတိုင်းရဲ့ အခြေခံအခွင့်အရေးလည်း ဖြစ်သတဲ့`` အဲဒါလေး လင်းစမ်းပါဦး…။
ဂုရုဆန်။ ။ အိန်း…. မှန်ပေသဟ….။ ညည်းပြောသလို လူတိုင်းရဲ့ အခြေခံအခွင့်အရေးလည်းဖြစ်တဲ့ အလုပ်သမားအခွင့်အရေးဆိုရာမှာ ဒီလင်္ကာတိုလေး ကို ထပ်မှတ်ပြီး မိမိတို့ ရင်ဘတ်နဲ့ထိကပ်လိုက်စမ်းပါဦး….။
``လုံ… လုပ်၊ မျှ….ခွင်
မျှတ(လျှင်)
(အကြင်)သိက္ခာ၊ သမဂါဖြင့်
ဖြေပါ နားယူ
အားလပ်(မူ)နှင့်
(သူငါ) နစ်နာ၊ သိလေဘာ….``တဲ့။……ဆိုလိုတာတွေက….။
လုံ…. လုပ်၊ မျှ.. ခွင် = လုံခြုံစွာ အလုပ်လုပ်ခွင့်၊ တရားမျှတပြီး ကောင်းမွန်တဲ့ လုပ်ငန်းခွင် အခြေအနေရှိသော တူညီတဲ့ သူတွေမှာ တူညီသော လစာရ ရှိပိုင်ခွင့်နဲ့ ခွဲခြားဆက် ဆံမှု မခံရစေရေး။
မျှတ(လျှင်) (အကြင်)သိက္ခာ = တရားမျှတပြီး ကောင်းမွန်သော လစာရရှိခွင့်၊ အလုပ်သမားနဲ့ သူတို့ရဲ့ မိသားစုများကို ဂုဏ်သိက္ခာနဲ့ လျော်ညီသော ဖြည့် ဆည်းမှုပေးခြင်း။
သမဂါဖြင့် = မိမိတို့ရဲ့ အကျိုးစီးပွားများကို ကာကွယ်ဖို့ အလုပ်သမား သမဂများ ဖွဲ့စည်းခွင့်နဲ့ ၀င်ရောက်နိုင်ခွင့်။
ဖြေပါ နားယူ၊ အားလပ်(မှု)နှင့် = အနားယူအပန်းဖြေခြင်းများ ရရှိခံစားပိုင်ခွင့်၊ ကျိုးကြောင်းဆီလျော်သော အလုပ်လုပ်ခြင်းနဲ့ လစာပြည့် အားလပ်ရက် ခံစားခွင့်။
(သူငါ) နစ်နာ၊ ဒို့လေဘာ = ဥပဒေနဲ့ လျော်ညီတဲ့ နစ်နာကြေးများ ခံစားပိုင်ခွင့်… စသည်ဖြင့် အခွင့်အရေးတွေ ရှိတယ်လေ…..။
ဇီဇ၀ါ။ ။ ကျမတို့ အခုရောက်နေတဲ့ ထိုင်းနိုင်ငံမှာ ဒေသအလိုက် သတ်မှတ်ထားတဲ့ လုပ်အားခ စံနှုန်းတွေကို ပြောပါဦးရှင်….။
ဂုရုဆန်။ ။ ထိုင်းနိုင်ငံမှာ တရက်လုပ်အားခ အနေနဲ့ အနိမ့်ဆုံး….။
ဘန်ကောက် - ၁၉၁ ဘတ်
တာ့(ခ်) - ၁၅၁ ဘတ် စသည်ဖြင့် အခွင့်အရေးတွေ ရှိတယ်ကွဲ့….။
ဇီဇ၀ါ၊ ခတ္တာ၊ ဒေလီယာ။ ။ ကျမတို့ရင်ဘတ်ထဲ စွဲစွဲမြဲမြဲဝင်ရောက်သွားပါပြီ ဂုရုကြီး….။
ဂုရုဆန်။ ။ အလုပ်သမားအခွင့်အရေး= လူ့အခွင့်အရေး ဖြစ်တယ်ဆိုတာ နီးစပ်ရာ၊ ပတ်သက်ရာ၊ ဆက်စပ်ရာ၊ အားလုံးကို လက်ဆင့်ကမ်းပြောပြ လိုက်နော်….။ ဘိုင့်……. ဘိုင်…..။
ဆန်တာကလော့(စ်) ခေတ္တ- အင်္ဂပူ
မှတ်ချက်။ ။လစဉ်မပျက်ထုတ်ဝေလျက်ရှိသော မြန်မာပြည်သားစာစောင်(၂၀၀၅ ခုနှစ် အောက်တိုဘာလ)စာစဉ်ပါ ဆောင်းပါး...အားပြန်လည်ဖော်ပြ သည်။
(26 Oct, 2008)

No comments:
Post a Comment