ကျွန်ုပ်သည်ကား ထိုင်း-မြန်မာနယ်စပ် မဲဆောက်၊ ဖုတ်ဖရ၊ မယ်ရမတ်၊ မြို့များတွင် စက်ရုံ၊ အလုပ်ရုံနှင့် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး စသည့်လုပ်ငန်းခွင်သုံးမျိုးကို ကိုယ်တိုင်လုပ်ကိုင်ဘူးသော အတွေ့အကြုံရင့်ကျက်ကြီးမားသူ ဖြစ်ရလေကား ဤပုံ ဤနှယ်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများ လိုက်နာရန် စည်းမျဉ်းစည်းကမ်းများကို ကျွန်ုပ်အဆိုပြုချက်အပေါ် တသဝေမတိမ်းလိုက်နာလောက်သော ဘော်ဒါအလုပ်သမားတစုနှင့် အောက်ပါအတိုင်း ချမှတ်လိုက်ပါကြောင်း မောင်းခတ်လိုက်ပါသည်…။ စာရှုသူ ရွှေ့ပြောင်းလုပ်သားအပေါင်း ညောင်းကြ(အဲလေ) မောင်းသံနားထောင်ပေရော့….ဗျိုး။
(၁) စက်ရုံတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများသည်။ ရည်းစားမထားရ၊ အိမ်ထောင်မပြုရ…။
(၂) မူးယစ်နှင့် ဆေးဝါး မမှီဝဲရ…။ (အထူးသဖြင့်- ဆေးဝါးမသုံးဆောင်ရ။ ဥပမာ- ပါရာဆီတမော၊ ကြွက်ဆေး၊ စိန်+သံပုရာ၊ ဘာမီတွန်+အက်ဆစ်၊ တာထွာဆိုက်ကလင်း စသည်ဖြင့်…..။)
(၃) အရက်နှင့် ပါတ်သက်သော အရာမသုံးဆောင်ရ၊ မလိမ်းရ…။(အထူးသဖြင့်- ဥပမာ။ အရက်ပျံ မလိမ်းရ၊ မထည့်ရ…..။)
(၄) လောင်းကစား မပြုလုပ်ရ…။ (ဥပမာ- ရေလောင်းမချိုးရ၊ သင်္ကြန်ရေမကစားရ၊ ရေသည်ကစားရန်မဟုတ်…။)
(၅) အပြင်မထွက်ရ၊ လိပ်ခွံအုပ်ထားရမည်။ (လိုအပ်လျှင်) လိပ်ခွံ၏ ရှေ့ဘက်ထိပ်ကို ပိတ်ထားရမည်…။
(၆) မိမိသူငယ်ချင်းမိတ်ဆွေထဲမှ ရွှေ့ပြောင်းအလုပ်သမားလုပ်မည်ဟု ကမ်းလှမ်းလာလျှင်၊ တိုင်ပင်လာလျှင် “ကျပ်တည်းစွာ၊ ပြင်းထန်စွာ“ တားမြစ်ရမည်….။
(၇) သူဌေးအနီးနေ စာရေးမ ဖြစ်စေ၊ လူမှုရေးမန်နေဂျာ ဖြစ်စေ၊ စာရင်းကိုင်ဖြစ်စေ လုပ်လိုသူများသည် ရုပ်ရည် ရှုပကာ ကျောက်ပေါက်မာရှိ၍ ငါးစိမ်းသည်သာသာ ဆက်ဆံရေးပညာတတ်သော ကြန်အင်လက္ခဏာတို့ဖြင့် ပြည့်စုံသူကိုသာ ရွှေးချယ်မည်ဖြစ်သည်….။
အထက်ပါစည်းကမ်းချက်များကို စိတ်ဝင်စားသူ ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်း-မြန်မာနယ်စပ် တနေရာရှိ ပလူတိုဂြိုလ်- အင်ကုမ္ပဏီလီမီတက် ဖုန်း-၀၀၁၁၂၂၃၃၄၄ သို့ဆက်သွယ်စုံစမ်းကာ မိမိတို့ကိုယ်တိုင် ၉၆၉၃အမြန်ယာဉ်ဖြင့် အလျှင်အမြန်အလုပ်လျှောက်ထားနိုင်ပါကြောင်း မောင်းခတ်ကြေညာအပ်ပါသည်။
ပေးပို့သူ…. စုပါစတား ဇော်ကြီး
(ပလူတိုဂြိုလ်- အင်ကုမ္ပဏီလီမီတက်)
(29 Oct, 2008)

No comments:
Post a Comment