(၁)xxxxxxx
ရွှေစပယ်တယောက် စက်ရုံကိုအသည်းအသန်တင်ပြပြောဆိုပြီး မွေးရပ်မြေသို့ တခေါက်ပြန်ရောက်ခဲ့ရပါ တယ်။ ဇာတိမြေမှာ အမေနေမကောင်းဖြစ်နေလို့ပါ။ ချစ်သူငယ်ချင်းတွေကို လက်ပြမသွားနိုင်လောက်အောင် အမေ့ကျန်းမာရေးအခြေအနေကဆိုးတယ်လေ။ အမေအသည်းအသန်ဖြစ်နေတယ်ဆိုတဲ့သတင်းက စပယ့် ရင်ကို နေဆယ်စင်းလိုပူပြင်းတောက်လောင်စေခဲ့ပါတယ်။ တောင်တက်တောင်ဆင်းနဲ့ အကွေ့အ၀ိုက်ပေါတဲ့ ခရီးကြမ်းနှင်နေတဲ့ကားဟာ နှေးကွေးလွန်းလှတယ်လို့ စပယ်ခံစားခဲ့ရပါတယ်။
မကြာမဏရပ်ရတဲ့စစ်ဆေး ရေးဂိတ်တွေကိုလည်း ဒေါပွရုံကလွဲလို့နှုတ်ခမ်းတောင်မစူရဲတဲ့ဘ၀။ မသကာ ဒီကားတစီးကိုတော့ အစစ်နဲ့ ပေါ့--- မဟုတ်ဘူးလား--- စပယ်ပါနေလတာဘဲ--- ဟင်း..ဟင်း။ ရှိသမျှအိပ်တွေကိုပါ မွှေနှောက်စစ်ဆေးလို့ ``သက်တော်ရာကျော် ရှည်ပါစေ``လို့ မေတ္တာပို့ခဲ့ပါတယ်(ငရဲပြည်မှာ)။ ဒီလိုနဲ့လှည်းတတန် ကားတတန်နဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်ထဲက အမေ့ရွာကိုရောက်ခဲ့ရပါတယ်။ ဓနိမိုး-ထရံကာတဲသာသာ အမေ့အိမ် ကိုအတက် ၀ါးခင်းကွပ်ပျစ်ကိုခလုပ်တိုက်ခဲ့မိတာကလည်း စပယ်နမော်နမဲ့နိုင်လို့ မဟုတ်လောက်ပါဘူး။ ဟို… ဘယ်လိုပြောရမလဲ…ဇော…ဇော… အမေဆိုတဲ့ဇောကြောင့်ပေါ့။
ဆွေမျိုးရှားပါးတဲ့ စပယ်တို့သားအမိဟာ တယောက်မျက်နှာ တယောက်ကြည့်ရင်း အမေက ``အမေ့ရော ဂါတ၀က်သက်သာပါပြီ…သမီးရယ်``တဲ့။ စပယ်လည်း တိုက်နယ်ဆရာဝန်ကိုပြသပြီးမှ ရင်အေးနိုင်ရပါတော့ တယ်။ ရှေးရိုးစွဲမြန်မာလူကြီးတွေဖြစ်တတ်တဲ့ အခြေခံအားနည်းပြီး တစုံတခုကိုလွမ်းဆွတ်ရင်း စိတ်ကျတဲ့ ရောဂါလောက်ပါဘဲတဲ့။ ဟုတ်တာပေါ့လေ။ သမီးအလိမ္မာလေးနဲ့ ခွဲခွာနေရတာကြာပြီ မဟုတ်လား။ တိုက် နယ်ဆရာဝန်ကလည်း ခြေကြွခမြက်မြက်လေး ရလိုက်တဲ့အချိန်ကစပြီး အမေ့ကိုဂရုစိုက်လိုက်တာ ဆွေမျိုး ရင်းခြာနဲ့မခြား။ ဒီလိုနဲ့ ခွန်အားဖြစ်ထွန်းစေတဲ့ဆေးဝါးတွေ၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေရဲ့ အစွမ်းနဲ့ သမီးချောရဲ့မျက်နှာလေးပါပေါင်းပြီး တလအကြာမှာတော့ အမေဟာနေကောင်းကျန်းမာလာပါတော့တယ်။ အဲဒီတောက်မှာတော့ စပယ်ဟာ ဆရာဝန်ရဲ့အကြံဥာဏ်တွေရယူပြီး အမေ့ကိုကျန်းမာရေးပညာတွေကို ဆွေး နွေးချပြခဲ့ပါတယ်။ အသက်အရွယ်ကြီးရင့်ချိန်မှာ အသုံးပြုတဲ့ရိုးရာဆေးမြီးတိုတွေနဲ့ အန္တရာယ်ရိုပုံ၊ သက် သတ်လွတ်စားခြင်းရဲ့ အကျိုးအပြစ်၊ သင့်တင့်မျှတတဲ့အစာအဟာရနဲ့ အစာအဟာရရဲ့ သန့်ရှင်းလတ်ဆက် မှုအရေးကြီးပုံ၊ တကိုယ်ရေကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းတွေ လူတတ်ကြီးလုပ်ပြီး ရှင်းပြတယ်ဆိုရင် ဘဲ အမေဟာ စိတ်ရှည်လက်ရှည် အိပ်ပျော်သွားပါတော့တယ်။
အင်..။ အိပ်တာလည်း ဆေးတခွက်ပါဘဲ… မဟုတ်ဘူးလား…။
(၂)xxxxxx
နောက်တစ်ပတ်လောက်ကြာတော့ အမေနဲ့သမီးဟာလက်တွဲပြီး အိမ်လည်ထွက်ခွာနိုင်ခဲ့ကြပါပြီ စပယ်မိတ် ဟောင်းဆွေဟောင်းတွေနဲ့သာကြောင်းမာကြောင်း၊ ရွာအကြောင်းတွေနဲ့ ရှေဟောင်းနှောင်းဖြစ်တွေ ပြောဖြစ် ကြတာမီးတုတ်ဆွဲအိမ်ပြန်ကြရတဲ့ အထိပါဘဲ။ သူငယ်ချင်းတွေစပယ့်ကို အမှတ်တရပြောလိုက်တဲ့ စကား တစ်ခွန်းကတော့ ” စပယ်… နင်တော်တော်စာတတ်လာတယ်” ဆိုဘဲ။ ဟဲ့…ငါပဲ ဒီမိုကရေစီအကြောင်း၊ လူ့ အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးတွေအကြောင်း၊ ထုတ်ပြောမိသလား။ ဗမာပြည်က ဘက်ပေါင်းစုံက နိမ့်ကျနေတဲ့ ဖြစ်ရပ်မှန်အခြေအနေတွေထုတ်ပြောမိသလား…အင်း…သေချာပါတယ်။ လားလားမှမ ပြောပါ ဘူး။ ပြောလည်းမပြောရဲဘူးလေ။ ချေ(ဂျီ)သူငယ်ကျားစာမိသွားမဲ့ ကိန်းမဟုတ်လား။ သူငယ်ချင်းတွေရဲ့ အ မှတ်တရစကားအတွက်တော့ အပြုံးနဲ့ဘဲတုံ့ပြန်လိုက်နိုင်တော့တယ်။ တကယ့်တော့ စပယ့်သူငယ်ချင်းတွေ ရဲ့ စကားဆိုတာထက် သူတို့ရဲ့ညည်းတွားသံတွေကိုသာ နားထောင်ခဲ့ရတာပါ။ ဒီအပေါ်မှာညာဗဟုသုတနည်း ပါးခြင်း၊ ဆင်းရဲမွဲတေခြင်းတို့ရဲ့ ဒဏ်တွေကိုလူးလိမ့်ခံစားနေကြရတာကို သနားစဖွယ်သိမြင်ခဲ့ရပါတယ်။ အဲ…ဒီထက်သနား စရာကောင်းတာကတော့ နအဖ..ဆိုတဲ့ ကျေးဇူးရှင်ကြီးတွေရဲက ကျေးရွာနယ်မြေတိုင် အောင် ဗိုလ်ကျမှုပါဘဲ။ အဲလေ…သူငယ်ချင်းတွေအပြောအရကတော့ အေးဓါးပြတွေအဆင့်ထိ ရောက်နေ ကြပါပြီ။ ရွာသားတွေရဲ့ ဘ၀ကတော့ သူကြီးအိမ်ဝ တုန်းခေါက်သံကို ဗုံးပေါက်သံထက်ကြောက်နေကြရပါပြီ။ ရပ်ကျော်-ရွာကျော် အဓမ္မလုပ်အားပေးတွေဆင့်ခေါ်ပြီဆိုရင် ကိုယ်စိုက်ပျိုးမဲ့စပါးရက်ရွှေ့စိုက်ကြရတယ်တဲ့ လေ။ အဲ…ပေါ်တာကြေးဆိုတာကလည်း ကလေးတွေမုန့်အငတ်ထားပြီး လစဉ်ထည့်ပေးနေရသေးတယ် လေ။
(၃)xxxxxx
ဒီနှစ်မှ ဘယ်ဖော်လံဖားက အားအားယားယား ပါးစပ်သရမ်းတယ်မသိ။ ဟို… ဘာလည်း… ကြက်ဆူဆီပင် ဆိုလား… ကြက်ဆီဆူပင်ဆိုလား…ဘာလား ညာလားမသိတဲ့အပင်တွေ မြို့နယ်မှာစိုက်တယ်တဲ့လေ။ တရွာ ကိုလူ(၅)ယောက်စီဆင့်ခေါ်နေလို့ တရွာလုံးမဲနှိုက်နေကြရတယ်။ “ဖွဟဲ့… လွဲပါစေ… မဲမပေါက်ပါစေနဲ့“ ဆို တဲ့ ရင်တွင်းဖြစ်ဆုတောင်းသံတွေက သနားစရာ။ စပယ့်မတော့ “ပေါက်သူမှာမျက်ရည်စတွေနဲ့“ ဆိုတဲ့က ဗျာသာရေးလိုက်ချင်ပါတော့တယ်။ “ဟဲ့… နင်တို့ရွာမှာ ပုဇွန်ကန်တွေ ဘာတွေနဲ့ တိုးတက်နေပါလား“ လို့ စပယ် မော့ကြည့်လိုက်တော့ သားသည်အမေသူငယ်ချင်းက “အကုန် စစ်တပ်ပိုင်တာဟဲ့…ငါတို့စားဖို့မပြောနဲ့၊ ပုဇွန်မွေးတဲ့ စစ်သားတွေတောင်မစားရဘူး၊ နိုင်ငံခြားပို့တာ“တဲ့။ “ ကောင်းရော“ လို့သာမြည်တမ်းလိုက်မိပါ တော့တယ်။ ဒါနဲ့အခုတလော သတင်းဆိုးတခု ပေါ်ထွက်နေလို့ ရွာသားတွေအရမ်းစိတ်ဆင်းရဲနေတယ်လို့ ကြားတယ်။ အဲဒါဘာ…? စပယ့်စကားပင်မဆုံးနိုင်ခင် ဖိုးလုံး ဆိုတဲ့လယ်ပိုင်ရှင်ငယ်သူငယ်ချင်းက “အဲဒီသ တင်းကြောင့် ငါစိတ်အညစ်ဆုံးဟ။ ဒို့ရွာအရှေ့က ရင်းချောင်းကိုဖြတ်ပြီး ရေထိန်းတံခါးစီမံကိန်းစတော့မယ် တဲ့။ ငါ့လယ်နေရာမှာဆိုလို့ ငါအကြီးအကျယ်စိတ်ပူနေရတယ်။“ ဟင်း… ဒါဆိုထုံးစံအတိုင်း အဓမ္မလုပ်အား ပေးတွေ…။ စမယ်ရှေ့ဆက်စဉ်စားရဲတော့။
စပယ်ရွာကို တခေါက်ပြန်ရောက်မှ အမေနေကောင်းကျန်းမာလာလို့ စိတ်ချမ်းသာခဲ့ရပေမယ့် ရွာအခြေအနေ ကိုတွေ့လိုက်ရတယ်ဆိုရင်ပဲ ဆို့နင့်ကြေကွဲခဲ့ရပါတယ်။ တိုးတက်တာဆိုလို့ အလုပ်လက်မဲ့ ဦးရေ၊ အောင်မြင် နေတာကတော့ လောင်းကစား၊ (ချဲထီ၊ နှစ်လုံး၊ သုံးလုံးနဲ့ ဘောလုံး)အလုပ်လို့ပြောရလောက်အောင်ပါဘဲ။ ပြည်သူတွေမှာ ဆုတ်ယုတ်လာတဲ့အကျင့်သိက္ခာသီလနဲ့ ကျဆင်းလာနေတဲ့ တဦးချင်းစိတ်ဓါတ်တွေအတွက် ကော ဘယ်သူ့မှာတာဝန်အရှိဆုံးလည်းဆိုတဲ့အတွေးတွေနဲ့ စပယ့်ခေါင်းမှာချာချာလည်နေပါတော့တယ်။ ဒီ လိုနဲ့… စပယ်ကိုယ်တိုင် အမေနဲ့ မခွဲရရေးအတွက် မွေးရပ်မြေမှာ အလုပ်ကလေးစုံစမ်းကြည့်တော့ ဒီအလုပ် ကတော့ ကြံ့ဖွတ်ကကိုင်တယ်တဲ့။ ကြံ့ဖွတ်အဖွဲ့ဝင်မဟုတ်ရင်တာ့တာပဲတဲ့။ ဟိုအလုပ်ကတော့ မယက ဥက္ကဌကိုကပ်နိုင်မှတဲ့။ သူ့ရုံးကတယောက်ယောက်နဲ့ ငွေပေးလိုက်ရင်လည်း ရနိုင်တယ်တဲ့။ ဟိုအလုပ်က တော့ စစ်တပ်တဲ့။ တော်ပြီ၊ တန်ပြီ၊ ငါ့အမေကိုသာဆွဲခေါ်သွားတော့မယ်လို့တိုင်ပင်တော့ “ဒီမှာဘဲ ခေါင်းချပါ ရစေ သမီးရယ်“ ဆိုတဲ့ အမေ့စကားကြောင့် စပယ်ငိုခဲ့ရပါသေးတယ်။ ဒီလိုနဲ့ ဘ၀ပေးအခြေအနေအရ ငွေ ရှာခဏထွက်ပါရစေလို့ အမေ့ထံခွင့်ပန်ပြီး သူငယ်ချင်းတွေကိုနူတ်ဆက်တော့ “သူတို့လည်း လိုက်ပါရစေ၊ စပယ့်လိုစွန့်စားပါရစေ“ လို့ဝိုင်းတောင်းပန်ကြလို့ ရွာထိပ်က လူမှောင်ခိုတားဆီးရေး ဆိုတဲ့ဆိုင်းဘုတ်ကြီးကို လက်ညှိုးထိုးပြလိုက်ရပါတယ်။ ထောင်ဒဏ်နဲ့ ငွေဒဏ်ပါးစပ်ထဲရှိသမျှ ကျခံရမည်ဆိုတဲ့ ဥပဒေက ပဒေသ ရာဇ်စနစ်ကိုဘဲ ပြန်လည်အသက်သွင်းနေသလိုလို။ ဒို့လူငယ် အလုပ်သမားတွေအတွက်ကတော့ “ကြိုးစား လည်း မိုးခေါင်၊ ခိုးစားလည်း ခွေးဟောင်“ ဆိုတဲ့ခေတ်ဆိုးစနစ်ဆိုးပါပဲလို့ ရှင်းပြလိုက်ရပါသေးတယ်။ သူငယ် ချင်းတို့ရေ… ဟိုကလုပ်ငန်းအခြေအနေကောင်း၊ မကောင်းကြည့်ပြီး ပြန်လာခေါ်ပါ့မယ်လို့ တောင်းပန်နူတ် ဆက်ရင်း မဲဆောက်မြို့ကို ထွက်ခွာခဲ့ပါတော့တယ်။
စပယ်ရဲ့ မဲဆောက်မြို့အပြန်လမ်းဟာ စိတ်လက်လန်းဆန်းနေပြီး ခရီးလမ်းအလှအပတွေကို စာဖွဲ့နိုင်ခဲ့ပါ တယ်။ မာတာမိခင်ရဲ့ အပြုံးမျက်နှာကို ပြန်မြင်ယောင်ရင်း စပယ့်ရင်မှာအင်အားသစ်တွေ ဖြစ်ထွန်းခဲ့ရပါ တယ်။ စစ်ကနဲ နာလိုက်တဲ့ နားတဘက်ကို ယောင်ယမ်းကိုင်စမ်းကြည့်ရင်း ဗလာဖြစ်နေတဲ့ နားပေါက်က လေးက စပယ့်ရဲ့အပြန်လမ်းကို ပို့ဆောင်ပေးနေမှန်း သတိရပြုံးလိုက်မိပါတော့တယ်။ မြ၀တီမြို့ကို ခြေပြန် အချမှာ များပြားလှတဲ့ဘ၀တူ အလုပ်သမားတွေရယ် မြန်မာလူငယ်တွေကိုတွေ့လိုက်ရလို့ အံ့အားသင့်ခဲ့ရပါ သေးတယ်။ အင်း… ဒီလိုအန္တရာယ်နဲ့ ငွေကြေးရောပြွန်းနေတဲ့ တဖက်ကမ်း မဲဆောက်မြို့ကို ထွက်ခွာနေရ တာဟာ တို့နိုင်ငံရဲ့ ဘက်စုံကြပ်တည်းနိမ့်ကျမှုကြောင့်ပဲဆိုတဲ့ အတွေးတွေက၀င်ရောက်လာခဲ့ရပါတယ်။ ဒီ လိုနဲ့ သုံးလတာခွဲခွာခဲ့ရတဲ့ မဲဆောက်မြို့ကို ရောက်လျှင်ရောက်ခြင်း အတွေးစတွေဖြတ်ရပါတော့တယ်။ စပယ့် စက်ရုံဟောင်းက သူငယ်ချင်း ပိုပို ကိုလာကြိုပါလို့ ဖုန်းဆက်ဖို့စိတ်ကူးပြီး လမ်းဘေးဖုန်းဆီသို့ အပြေး တပိုင်းချီတက်ထွက်ခွာခဲ့ပါတော့တယ်။
ဟဲလို… ပိုပိုလား…(xxxxx)၊ အေး…ig ရွှေစပယ်ပါ၊ (xxxxx)၊ အေး… ငါရွာကပြန်ရောက်လာပြီ။
အခုကားဂိတ်မှာလာကြိုနော်…(xxxxx)၊ ဘာ… သြော်… ငါတို့စက်ရုံက ကမ်းနားရွှေ့သွားပြီ… ဟုတ်လား (xxxxx)ဘယ်နားမှာလဲ၊ အခုအလုပ်ရောရှိလား။ (xxxxx)၊ဘာ… ပြဿနာတက်နေတယ်…ဟုတ်လား။ ငါက ခဏခွင့်ပြန်တာဘဲ၊ (xxxxx)လူသစ်ကိစ္စ…ဟုတ်လား။ ကဒ်အသစ်တွေက တသောင်း၊ ငါးသောင်း…ဘာတွေ တုန်းဟာ၊ ဘယ်တုန်းကပေးရလို့လဲ၊ နင်တို့ဟာတွေက ရှုပ်နေတာဘဲ။ (xxxxx)…။
ဒို့စက်ရုံပြဿနာကတော့…သူဌေးညစ်ပတ်တာပေါ့ဟာ၊ ဒါ…တိုင်သင့်တာပေါ့…နင်တို့ဘယ်လိုတိုင်ထားလဲ အခုအခြေအနေ…။ (xxxxx)၊ ဘာ…(GCBA)…ဟာ…မရှိပါဘူး။ (JACBA)ဖြစ်မှာပါ။ နင်တို့ကလည်း ကောင်း တယ်၊ ကောင်းတယ်၊ အဲဒီအဖွဲ့က အလုပ်သမားတိုင်းကို မောင်နှမအရင်းတွေလို စောင့်ရှောက်တယ်။ အလုပ် သမားဥပဒေတွေကိုလဲ ကျောသားရင်သားမခွဲခြားပဲ သင်ကြားပေးနေတယ်။ ငါတို့ အောင်မြင်မှာပါ။ ဘာပဲဖြစ် ဖြစ်တိုင်တဲ့အထဲမှာ ငါ့နာမည်ပါထည့်လိုက်နော်၊ (xxxxx)၊ သြော်…နင်လည်းနောက်အလုပ်တခုရှာနေတာ လား၊ အဲဒါဆိုရင် ငါ့ကိုလဲ အလုပ်အသစ်တခုရှာပေးပါနော်၊ (xxxxx)၊ ဟာ…(JACBA) ဆိုတာအလုပ် သမား အကူအညီပေးရေးအဖွဲ့တော့ ဟုတ်တာပေါ့။ အလုပ်ရှာဖွေရေးရုံးမှ မဟုတ်တာ၊ မဖြစ်နိုင်ဘူးထင်တယ်။ (xxxxx) ဟေး…ဂုရုဆန်…ဘာ…ဗမာလား…ကုလားလား၊ ဖြူလား၊ မဲလား။ ကာ့ကတစ်လား…။ (xxxxx)၊ အေး…အေး၊ နင်ပြောသလို ဂုရုကြီးဆန်တာကလော့(စ်)ဆိုတာ အလုပ်သမားဥပဒေဆိုင်ရာ စာပေဟင်းလေး အိုးကြီးဆိုရင်တော့ ငါတို့ အရှုံးမရှိသလောက်ပါပဲ။ အလုပ်မရနိုင်ရင်တောင်မှ အကြံဥာဏ်တွေရမှာပါ။ အဲဒီ ဂုရုဆန်ကို မတွေ့တွေ့အောင်ရှာကြရမယ်။ အိုအလုပ်မရရအောင် အကူအညီတောင်းကြမယ်ဟေ့…။ (xxxxx)၊ ဒါဆို နင်အခုလာခဲ့နော်၊ ငါကားဂိတ်မှာပဲ စောင့်နေမယ်။ ပစ္စည်းတွေလဲ အဲဒီဂုရုဆန်ဆီကိုပဲ သယ်သွားကြတာပေါ့။ (xxxxx)၊ အေး… အေး… ဖုန်းချလိုက်တော့မယ်နော်။
ပေးပို့သူ… ရွှေစပယ်(ရွှေ့ပြောင်းအလုပ်သမတဦး)
မှတ်ချက်။ ။ ဤကလောင်ရှင်သည် အလုပ်သမားအခွင့်အရေးတိုက်ပွဲဝင် အောင်ပွဲရ…အလုပ်သမားတဦး ဖြစ်သည်။ (၂၀၀၆- ဧပြီလ) မြန်မာပြည်သားစာစောင်ပါ သူမ၏…၀တ္ထုတိုအား ပြန်လည်ဂုဏ်ပြုတင်ဆက် ပါသည်။
(28 Oct,2008)

No comments:
Post a Comment