“ဘောင်းဘီဝတ်ကွယ်… ဘေးကင်းတယ်
ဟိုငြိ. ဒီတွယ်… မရှိဘွယ်
အဲဒါကြောင့်ရယ်… ၀တ်ကြကွယ်…”
(ဘောင်းဘီဝတ်ခြင်းအားဖြင့် အနည်းဆုံး ငြိတာ၊ တွယ်တာ၊ ချိတ်မိတာတွေ လွတ်ကင်းတာမို့ လုပ်ငန်းခွင်မှ ဘေးကင်းလုံခြုံတာပေါ့ကွယ်)
(၂) ဆံပင်ရှည်ရှည်… စည်းထားလေ…
xxx ဆံပင်ရှည် စက်ထဲငြိပါတာမို့ သေဆုံးခဲ့ရတာတွေ၊ လမ်းသွားရင်းကားနဲ့ ဆံပင်ငြိပါသွားတာမို့ အသက်ပေးရသူတွေ မနည်းတော့ဘူး ကားပေါ်ကအဆင်းတောင် ဆံပင်နဲ့ ငြိနေတာမို့ ပြုတ်ကျသေဆုံးရတာလည်း ရှိခဲ့လေရဲ့။ ဒါကြောင့်မို့…
“ဆံပင်ရှည်ရှည်… စည်းထားလေ
ဘေးကင်းဖို့လေ… ပြင်ကြဟေ…”
(၃) သုံးလေးယောက်တန်း… လမ်းမလျှောက်စမ်းနဲ့…
xxx လမ်းစည်းကမ်းဆိုတာ ရှိတယ်လေ။ ထိုင်းနိုင်ငံကိုရောက်ပြီ၊ တို့တတွေလွတ်လပ်ပြီ ဆိုပြီးသတိမလွတ်ကြနဲ့နော်။ အန္တရာယ်ကို မစမ်းသပ်ကြနဲ့ကွယ်…။
“သုံးလေးယောက်နဲ့… လမ်းလျှောက်ခန်း
စမ်းသပ်မလျှောက်ကြနဲ့…။
ဘေးကဖြတ်သွား… ဆိုင်ကယ်, ကား
သင့်အား… မသက်ညှာပါ…”
(၄) နှစ်စီး, သုံးစီး ရင်ပေါင်တန်းမစီးနဲ့…
အိမ်ရောက်မှ, တန်းလျားရောက်မှ, လွတ်ကင်းရာ တနေရာရာရောက်မှ စကားကိုတ၀ကြီးပြောကြပါလား။ စက်ဘီးစီးနေရင်း၊ ဆိုင်ကယ်စီးနေရင်းနဲ့ ဘာဖြစ်လို့များနှစ်စီး၊ သုံးစီးရင်ပေါင်တန်း ယှဉ်စီးပြီး စကားပြောချင်ကြတာပါလိမ့်။ မလုပ်ကြပါနဲ့။ အန္တရာယ်က လက်တကမ်းမှာနော်…။
“နှစ်စီး. သုံးစီး… တန်းစီစီး
ယာဉ်ကြီး. ယာဉ်ငယ်… သတိပြုကွယ်
အဲဒီလိုမစီး… ရှေ့နောက်စီး
ခရီးဆုံးမှ… တ၀ကြီးပြောကြကွဲ့….။”
(၅) စက်ဘီးမကြံ့ခိုင်… နှစ်ယောက်မထိုင်နဲ့…
xxx တို့မြန်မာပြည်သားတွေက စက်ဘီးအသုံးများတယ်လေ။ စက်ဘီးက နှစ်ယောက်စီးရလောက်အောင် မကြံ့ခိုင်ပဲနဲ့ ဘာဖြစ်လို့များနှစ်ယောက် စီးကြရတာလဲ။ ဒီကြားထဲစက်ဘီးစီးရင် ရှေ့က ပုဆိုးနဲ့၊ နောက်ထိုင်က ထမီနဲ့ဆိုတော့ အန္တရာယ်ရှိပြီပေါ့ကွယ်…။
“စက်ဘီးမကြံ့ခိုင်… နှစ်ယောက်မထိုင်နဲ့
ပုဆိုးဆီး, ထမီဆီး… စက်ဘီးမစီးနဲ့
ကားကြီး. ကားယာဉ်တွဲကြီး… အနီးကဖြတ်ရင်
သင့်ရဲ့စက်ဘီး… ဆက်မစီးနဲ့၊ ခဏရပ်နေ…။
ခဏမရပ်ရင်… လေအဟတ်မှာ… သေဇာတ်ဆရာက ခေါ်တတ်တယ်ကွဲ့…”
(၆) ဖုန်းပြောတာ…
“ ယာဉ်စီးနင်းအခါ… ဖုန်းဆက်တာ
ရာဇ၀တ်မှုလို့… ထိုင်းကြေညာ
ဒဏ်ငွေလေးရာ… ပေးရမှာ…”
စက်ဘီး. ဆိုင်ကယ်. ကား စီးနင်းနေစဉ်မှာ လက်ကိုင်ဖုန်းပြောတာဟာ ရာဇ၀တ်မှုဖြစ်တယ် ဒဏ်ငွေ(၄၀၀) ဘတ်ပေးရမယ် ဆိုတာသတိပြုကြနော်…။
(၇) ခေါင်းအစ ခြေအဆုံး၊ တကိုယ်လုံး အကာကွယ်ကိုသုံးကြပါ…
လုပ်ငန်းခွင်ဝင်မယ်ဆိုရင် အထူးသဖြင့်- စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်းတွေအပြင် စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်တွေမှာ ဦးခေါင်းအကာကစပြီး ခြေထောက်မှာ ဘွတ်ဖိနပ်စီးတာအထိ ခန္ဓာကိုယ်တခုကို ဘေးကင်းလုံခြုံရေးအတွက် အကာအကွယ်တွေသုံးဖို့ မမေ့ကြနဲ့နော်။ ဒါဟာ အရေးကြီးတယ်။ အလုပ်ရှင်တွေအပိုင်းကလည်း လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေး ဆိုင်ရာအတွက် ဘီအီး-၂၅၃၇(၁၉၉၄)အက်ဥပဒေအရ တာဝန်ရှိတယ်။ အလုပ်ရှင်တဦးဟာ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးအတွက် အလုပ်သမားတွေကို သင်တန်းပေးရမယ်၊ ကာကွယ်ရေးပစ္စည်းတွေနဲ့ လုပ်ငန်းသုံး ကရိယာတွေကို စစ်ဆေးပေးရမယ်၊ ကာကွယ်ရေးပစ္စည်းတွေကို တပ်ဆင်ပေးရမယ်၊ ညဆိုင်းတာဝန်ကျ အလုပ် သမားတွေကိုအထူးစစ်ဆေးပေးရမယ်။ ဒါဟာအလုပ်ရှင်တွေက လုပ်ပေးရမယ့်တာဝန်ပဲဖြစ်တယ်။
“ခေါင်းအစ… ခြေအဆုံး
တကိုယ်လုံး… အကာအကွယ်တွေသုံးကြပါ…
သင်တန်းပေး. စစ်ဆေးပေး. တပ်ဆင်ပေး
အထူးစစ်ဆေးပေး… အဲဒီပေးလေးပေး
သူဌေးတွေမှာ… တာဝန်ရှိတာ
ညီညာစုပေါင်း… တောင်းဆိုကြပါ…”
(၈) အလုပ်သမားအခွင့်အရေးဟာ လူ့အခွင့်အရေးပါပဲ…
အလုပ်သမားဆိုတဲ့နေရာမှာ အမျိုးသမီးအလုပ်သမား၊ ကလေးအလုပ်သမား၊ အမျိုးသားအလုပ်သမား မခွဲခြားပါဘူး။ အလုပ်သမားအခွင့်အရေးဟာ လူ့အခွင့်အရေးပါပဲ။ အလုပ်သမားတွေရဲ့ မူလဘူတရပိုင်ခွင့်၊ အခွင့်အလမ်းနဲ့နည်းလမ်းပေါင်းစုံတို့ဟာ (လူသားတွေရဲ့ မွေးရာပါအခွင့်အရေး) သို့မဟုတ် လူ့အခွင့်အရေးပါပဲဗျာ…။
(၉) တောင်းရဲကြဖို့၊ တောင်းတတ်ကြဖို့က…
“လက်ချောင်း ခြေချောင်းပြတ်ပါက
၂-သောင်းရမယ်မှတ်…
အသက်ဆုံးသော်… တသိန်းလျော်
မလျော်အပြစ်၊ ထောင် ၃-နှစ်
အလုပ်ရှင်တို့အပြစ်…”
လက်ချောင်းဆိုရာမှာ အားပိုမိုစိုက်ရတဲ့လက်ဟာ လျော်ကြေးပိုမိုရမယ်။ ၂-ဆစ်ပြတ်တာ၊ လက် ၃-ဆစ်ပြတ်တာ ဆိုရင် ပိုမိုနစ်နာကြေးရမယ်။ ကာယကံရှင်က စနစ်တကျ အချက်အလက်အပြည့်အစုံနဲ့ မတောင်း ခဲ့ရင် ဘာမှရမှာမဟုတ်ဘူး။ စနစ်တကျတောင်းရဲရမယ်။ တောင်းတတ်ရမယ်။ ဒီအပိုင်းက ဥပဒေတတ်သိ သူတွေနဲ့ တိုင်ပင်ရမယ်…။
အဲဒီအခွင့်အရေးတွေအတွက်…
လုပ်နည်း လုပ်ဟန်အကြံဥာဏ်တွေကို ထိုင်း-ဥပဒေဘောင်ထဲက နည်းလမ်းကျနစွာ တောင်းဆိုကြဖို့ဆိုရင်…
(၁) ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ၊ ဥပဒေအထောက်အကူပြုဌာန (LLC)
မြန်မာစကားပြန်- စောကိုထွေး(၀၈၁ ၇၈၆၀ ၉၂၅)
(၂) တိုင်းရင်းသား အလုပ်သမား ကျန်းမာရေးနှင့် ပညာရေး အစီအစဉ် (MAP Foundation)
စကားပြန်- ကိုအေး (၀၈၆ ၉၃၆၇ ၂၇၅)
(၃) မဲဆောက် ဆေးရုံကြီးနှင့် ကျန်းမာရေးကိစ္စအ၀၀ အကူအညီလိုပါက
မြန်မာစကားပြန်- (၀၈၇ ၃၁၃၇ ၇၈၆)
(၄) မယ်တော်ဆေးခန်းနှင့် ပတ်သက်၍ ကျန်းမာရေး ကိစ္စစုံစမ်းရန်
လူထုဆက်ဆံရေးဌာနမှူး- ဦးတင်ရွှေ (၀၈၄ ၅၇၄၄ ၈၂၃)
(၅) လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ နှစ်သိမ့်ဆွေးနွေးရေးနှင့် အခွင့်အရေးတောင် ဆိုမှုအတွက်… ဖိုးသောကြာ (၀၈၉ ၆၄၀၇ ၂၃၅)
(၆) ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) နှင့် မြန်မာပြည်သားစာစောင်၊ မြန်မာပြည်သားဘလော့ဂ်..(၀၈၃ ၆၃၀၈ ၄၃၃- ၀၈၇ ၃၀၈၉ ၆၈၀)
အထူးသတိပေးလိုတာက …..မယ်လမင်း ဓာတ်က အစာအဆိပ်သင့်တတ်တယ်နော်။ မြန်မာပြည်က တင်သွန်းလာတဲ့ ကော်ဖီိမစ်၊ တီးမစ်တွေကို မသုံးကြတာ အကောင်းဆုံးပါနော်…။ လက်ဖက်မှို့တက်၊ ငြုပ်သီးမှိုတက် အစားမမက်နဲ့….အစားတလုပ်နဲ့ ဘေးဖြစ်မခံကြဖို့ ကျနော်တို့ မြန်မာပြည်စာစောင်နှင့် မြန်မာပြည်သားဘလော့ဂ် ၀ိုင်းတော်သားများမှ တင်ပြလိုက်ရပါတယ်ခင်ဗျား….။
မြန်မာပြည်စာစောင်နှင့် မြန်မာပြည်သားဘလော့ဂ် ၀ိုင်းတော်သားများ….
(၁) လုပ်ငန်းခွင်ဝင်ရင် ဘောင်းဘီနဲ့ဝင်ပါလားကွယ်…

No comments:
Post a Comment