Summary
တော်လှန်ရေးမှာ
ငါမပါ
အသင်ဘာလုပ်နေသနည်း … … …
ဆူးစူး၍ပင်
အပ်နှင့်ထွင်သည်
အသင်ဘာပြောချင်သနည်း … … …
(မောင်သာရ)
တက်ကျိုးလျှင် လက်ထိုးလှော်မည်(ဆိုရိုးစကားတခု)
ရန်ငါမပြတ်လို့ 
သံဃာအသတ်ခံရတာ
သွေးကြွေးမှာ
ဆွေးနွေးစရာ အကြောင်းမရှိ … … …
(အောင်ဝေး)
မကဒတ တပ်ရင်း(၈)ရှိရာသို့ မရောက်မီ သောင်ရင်းမြစ်နှင့် မြန်မာ့နယ်မြေ မြန်မာ့ရေကို ထီးနုထကျေးရွာ ဘက်မှနေ၍ လွမ်းတသသ တွေ့ မြင်ခဲ့ရသည်။
သောင်ရင်း … တဲ့ ။ မိုးအီး(MOEI) တဲ့ ။ ရေစီးသန်တဲ့ မြစ်တစ်စင်းရယ်ပေါ့။ ထီနူထရွာနဲ့ ကလဲမူကြိုရွာတဲ့။ ကေ အဲန်ယူနဲ့ ကေအဲန်အယ်လ်အေ တပ်မတော်အမှတ်(၇) စစ်နယ်မြေမှာ အနီးစပ်ဆုံးရှိတဲ့ကျေးရွာ တွေ ပေါ့နော်။
ဒီစခန်းမှာ (ဖထီး)ဗိုလ်မှူးချုပ်ထိန်မောင်နဲ့ (အမိုး) ဖီးကလော်ဂေါ် တို့ ကို ကျနော်ရောက်သည့်အခါတိုင်းသွား ရောက်နှုတ်ဆက်ကာ ဂါရ၀ပြုဖူးသည်။ တစ်ချိန်က ကျနော်လေးစားခဲ့ရသူ ဖထီး ဗိုလ်ထိန်မောင်သည် ယခုအခါ ကရင်ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ကျနော်တို့၏ ဆန့်ကျင်ဘက်အင်အားစုတွင် ဖြစ်တည်နေပေသည်။ ကျ နော်ကြားဖူးသော တော်လှန်ရေး ၊ စစ်ရေး ဆိုရိုးများတွင် ထာဝရရန်သူ ထာဝရမိတ်ဆွေ ဟူသည် မရှိ၊ ထာဝရ အကျိုးစီးပွားသာရှိသည်ဆိုသော သဘောတရားသည် ဤနေရာတွင် ပြတ်ပြတ်သားသား ထင်ထင်ရှားရှားတွေ့ မြင် လိုက်ရပေသည်။
ရဲဘော်စောမိုး၊ ရဲဘော်မျိုးလွင် (ထော်ကြီး)၊ ရဲဘော်ဆရာကျောင်း၊ ရဲဘော်ကိုပေါက်၊ ရဲဘော်သန့် ဇင်ထွေး၊ ရဲဘော်အဒါး၊ ရဲဘော်နေမျိုးလေး၊ ရဲဘော်ဇော်လေး၊ ရဲဘော်စိန်ရိုး၊ ရဲဘော်ညီညီ၊ ရဲဘော်ရန်ကုန်၊ ရဲဘော် မင်းမင်း၊ ရဲဘော်တင်မောင်ဦး၊ ရဲဘော်ထွန်းထွန်း၊ ရဲဘော်မင်းဦး၊ ရဲဘော်ဘကြည်၊ ရဲဘော်ရဲနောင် စသည်ဖြင့် ကျနော်အမှတ်တရရှိနေသူ တော်တော်များများရှိပေသည်။ ကျနော်သည် သူတို့အပေါ်လေးနက်စွာချစ်ခဲ့သည်။ သူတို့ အပေါ်သာမက ကေအဲန်ယူ တပ်မဟာ (၇)မှ ရုံးထိုင်မှူးဖြစ်သူ ဗိုလ်ကြီးဆွိ (ခေါ်) စောအဲ့ဆဲဆဲ၊ ဗိုလ်ချာကူး (ခြေထောက်ပြတ်နေသူ၊ ခြေတုတပ်ထားသူ) ၊ ဗိုလ်ကြီးမာနယ် (ယခုသြစတြေးလျ ရောက်နေသူ) တို့ကိုလည်း အထူးတလည် ခင်မင်မိသလို ယခုရေးနေရင်းပင်လျှင် သတိရနေမိပါသည်။
ကျနော့်ရဲဘော်များနှင့် ရက်ပိုင်းလေးပင်နေခဲ့ရသည်ဆိုသော်လည်း ကျနော်သည် တပ်ရင်း(၈)သို့ ၆ခေါက် ထက် မနည်း ရောက်ခဲ့ဘူးပြီး နောက်တန်းစခန်းမှ ရှေ့တန်းစခန်းအထိ(၈မိုင်ခန့်) ခရီးကိုလည်း ရောက်သည့် အခါတိုင်း ရဲဘော်များနှင့်အတူ ခြေကျင်လျှောက်ကာ တပ်ရင်းအရောက် ချီတက်ခဲ့သည်ချည်းဖြစ်ပါသည်။ (ပဉ္စမ အခေါက် မှစ၍ တပ်ရင်းမှ ရဲဘော်တစ်ဦးနှင့်တွဲကာ နောက်တန်းရုံးမှ ရှေ့တန်းရုံးသို့ကျနော့်ဖာသာ ခြေကျင် လျှောက်ကာ သွားခဲ့ပါသည်။) လယ်ကွင်းကိုဖြတ်... ရိုးပြတ်ကိုကျော်... တောလမ်း တောင်လမ်းကိုပါ ကျော်၍ သောင်ရင်းမြစ်ကို ရင်ဘတ်ထဲထည့်ထားရင်း တကြောင်းထဲသောလမ်းကို မပြောင်းလဲသောနှလုံးသားဖြင့် တော်လှန်ရေးခရီးကြမ်း ကို မိမိနည်း, မိမိဟန်ဖြင့် မိမိသည်လည်း လျှောက်လှမ်းနေဆဲဖြစ်သည်။ ကျနော်သာ ထောင်နံရံများအတွင်း နှစ်ရှည်မနေခဲ့ရလျှင် လက်နက်ကိုင်တော်လှန်ရေးကို ယခု အနှစ် ၂၀ကြာ ဆင်နွဲနေသူများကဲ့သို့ တစက်ကလေး မျှ မလျော့ပဲ ရှေ့တန်းမှ ဦးဆောင်ဆင်နွဲနိုင်မည်ဟု လုံးဝယုံကြည်နေပေသည်။
ကျနော်သည် ရောက်သည့်အခါတိုင်း စခန်းတွင် တံမြက်စည်းလှဲခြင်း၊ ရေနွေးအိုးမပြတ်တည်ခြင်း၊ သောင်ရင်း မြစ်ရေကို တနေ့ နှစ်ခါချိုးခြင်း, စိမ်ခြင်း စသည်တို့ကို မပျက်မကွက် ပြုလုပ်ခဲ့သည်ချည်းဖြစ်သည်၊ သောင်ရင်းမြစ် ထဲသို့ တပ်မဟာ(၇) ရှေ့ တန်းကင်းရှေ့ မှပဲဆင်းဆင်း၊ တပ်ရင်း(၈) ရှေ့တန်းကင်းဘက်ပဲဆင်း ဆင်း ကြည်စိမ့် အေးမြနေသော အနှီသောင်ရင်းသည် ကျနော့်ကို ကုန်းပေါ်ပြန်မတက်ချင်အောင် ဆွဲဆောင်ခဲ့ သည်ချည်း ဖြစ်သည်။
ဟော ဟိုမှာ ကြည့်ပါဦး…။ ငြုပ်ပင်၊ မုန်လာပင်၊ခရမ်းပင်၊ ကြက်သွန်ပင်၊ ပူစီနံနံပင်၊ အလှစိုက်ပန်းမျိုးစုံပင်တွေ ဝေေ၀စီနေတဲ့ မကဒတ တပ်ရင်း(၈)ရှေ့တန်းရုံးကလေး(၀ါးရုံပင် စခန်း)ဆိုတာက စိမ့်တွင်းရေ ကောင်း ကောင်း ရှိတဲ့နေရာမှာ ရှိသေးတယ်ဗျ။ အဲဒီမှာ ၂၀၀၅ ခုနှစ် အောက်တိုဘာလထဲမှာ တော်လှန်ရေး တိုက်ဖော် တိုက်ဖက် များ တွေ့ဆုံပွဲ(အမျိုးသားရေး ကောင်းစားဘို့ရာ တို့ကိုယ်ကျိုးလုံးလုံးကြီးမပါ)ဆိုတဲ့ ပွဲကြီးပွဲကောင်းကို ကျင်းပခဲ့ သေးတာပလေ။
သြော် …မကဒတ …။ အို …တပ်ရင်း(၈) …အသင့်ရင်ခွင်ဆီကို ယာယီနားခိုခဲ့သူတွေ လာရောက်လည်ပတ်သူ တွေ မနည်းတော့ပါ ပကောလား။ ငါကဖြင့် တတိယ လှိုင်း အရွေ့ ကြီးတွေ ခရီးရှည် ထွက်ခွာသွားချိန်မှာ ယခုတိုင် … အခုထိ တပ်ရင်း(၈)နဲ့ အနီးဆုံး ရှိနေသေးပါပကော … … ။
သင်တို့ သိခဲ့သမျှ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချူပ် (ဗကသ များအဖွဲ့ ချူပ်) အမှုဆောင် လုပ်ဖူးကြသူတွေ၊ တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ) အမှုဆောင် တာဝန်ယူဖူးကြသူတွေထဲမှာ အခုအခါ ဘယ်နှစ်ယောက်များ သင်နဲ့(၀ါ) ထိုင်း-မြန်မာနယ်စပ်မှာ ကျန်နေသေး ပါသလဲခင်ဗျာ။
ကျနော်နဲ့  မကဒတ ခွပ်ဒေါင်းတွေရဲ့ လက်ချောင်းတွေဟာ ဂဏာန်းသချာင်္တွက်ဖို့ ရှိနေတာ မဟုတ်ဘူးခင်ဗျ၊ မာ ကြောနေဘို့၊ အသားမာတက်နေဖို့တဲ့ခင်ဗျ ။ ဒတ်ခ်ျ(နယ်သာလန်) စကားပုံတစ်ခုရှိတာကို ဒီနေရာမှာ သွားသတိ ရနေလေရဲ့ … … … ။
သင်သည် ပေဖြစ်က ခံလော့ … … … ။တူဖြစ်ပါက နာနာ နှက်လော့ … … …တဲ့ ။
(ဆက်လက်ဖော်ပြပါမည်)ပေးပို့သူ... သောင်ရင်းနဂါး
5Nov,2008

No comments:
Post a Comment