မြန်မာပြည်ပြန်သွားသော အလုပ်သမားများ နေရာတွင် အစားထိုးကာ အလုပ် လုပ်ကိုင်ခွင့်လက်မှတ်
(ဘတ်) လုပ်ပေးမည်ဟုဆိုပြီး ငွေများလိမ်လည်ခံနေရကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး မဟာချိုင်၊ မူစီရပ်ကွက် နလုံဆီးဖု (ပင်လယ်အစား အစာစက်ရုံ)
မြန်မာအခေါ်(ဂျပန်ရုံ)တွင် အလုပ်သမားခေါင်းဆောင် ထိုင်းအမျိုးသမီးက အဆိုပါစက်ရုံမှ နေရပ်
ပြန်သွားသော မြန်မာအလုပ်သမားများနေရာတွင် အစားထိုးကာ အလုပ် လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်)
လုပ်ပေးမည်ဆိုပြီး အလုပ်သမား (၂၀၀) ကျော်ထံမှ တစ်ဦးလျှင် ဘတ် (၂၀၀၀) စီယူထားကြောင်း သိရသည်။
အလားတူ ၄င်းစက်ရုံမှာပင် ထိုင်းအလုပ်သမားခေါင်းဆောင်တစ်ဦးနှင့် မြန်မာအလုပ်သမား ထားဝယ်မောင်မောင်(ခ)အေးဝင်းတို့ကလည်း မြန်မာအလုပ်သမား (၅၀) ကျော်တို့ထံမှ တစ်ဦးလျှင်
ဘတ်ငွေ(၃၀၀၀)စီ တောင်းယူထားကြောင်း သိရသည်။
အလုပ်သမား ကိုမောင်စောက “ကျနော်တို့ကို ပြီးခဲ့တဲ့နှစ် (၁၁) လပိုင်းကတည်းက အစားထိုးဘတ်ရမယ်ဆိုပြီး
ငွေတောင်း ထားတာပါ။ အဲဒါ အခုအချိန်အထိ မရသေးလို့ ကျနော်တို့က ဘတ်မရရင်လည်း ငွေပြန်ပေးပါလို့
ပြောတော့ ငွေလိုချင်ရင် ပုလိပ်ဆီမှာတောင်းလို့ ပြောပါတယ်။ ဒါသက်သက်အနိုင်ကျင့်တာ။ လိမ်တာပါ။
ဘယ်လိုတောင်းရမလဲ။ ပွဲစားတွေက ကျနော်တို့ဆီကလိမ်ပြီး ရွှေတွေဝတ်ထာကြတယ်။ ကျနော်တိုက
သူများဆီက ငွေချေးပြီး ပေးထားရတာပါ” ဟုပြောသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ထာ;၀ယ် မောင်မောင်(ခ)အေးဝင်းကို ဖုန်းဆက်သွယ်မေးမြန်းရာတွင် “ဒီကိစ္စနဲ့
ပတ်သက်ပြီး ကျုပ်ဘာမှ ပြောစရာမရှိဘူး” ဟုပြန်ပြောခဲ့သည်။
အဆိုပါ စက်ရုံတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား (၅၀၀၀)ခန့် အလုပ် လုပ်ကိုင်လျှက်ရှိသည်။
မဟာချိုင်တွင် မြန်မာအလုပ်သမားများ သိန်းချီရှိသဖြင့် ပွဲစားများနှင့် ပုလိပ်တို့ပူးပေါင်း၍ ဖမ်းဆီး
ငွေညှစ်ခြင်းများ၊ ထိုင်းလမ်းသရဲတို့၏ လုယက်မှုများ၊ မတရားပြုကျင့်မှုများနှင့် သတ်ဖြတ်ခံရခြင်းများ အမြဲဖြစ်နေသောဒေသဖြစ်ကြောင်း ဒေသခံ မြန်မာအလုပ်သမားများကပြောသည်။
သတင်း.....ဦးကျော်သောင်း(ဘန်ကောက်)
(ဇန်န၀ါရီ ၃၀၊၂၀၀၉)

No comments:
Post a Comment