ကုန်းဘောင်ခေတ်နှောင်းပိုင်းကာလ မင်းတုန်းမင်းတြားကြီး လက်ထက်တွင် မူလနန်းစိုက်ရာ အမရပူရမှသည် ရတနာပုံ မန္တလေးနေပြည်တော်သို့ ပြောင်းရွှေ့၍ ထီနန်းစိုးစံခဲ့ရာ မြန်မာခုနှစ်သက္ကရာဇ်အားဖြင့် ၁၂၂၁-ခုနှစ် ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာစာပေများ၌ `အောင်ကျော်ချမ်းအေး၊ မန္တလေး´ဟု ခုနှစ်သက္ကရာဇ်ကို နေ့သင့်နံသင့် စာဖွဲ့ထားခြင်းဖြစ်ပါသည်။
မင်းတုန်းမင်းကြီး၌ အဆောင်ရ-မိဖုရားပေါင်း (၅၉)ဦး ရှိကြောင်း စာဖတ်သူများသိရှိကြပေလိမ့်မည်။ မြန်မာရာဇ၀င်၌ အလွန် မြာပေါသောမင်းကြီးဖြစ်၏။ ဘာသာရေးကိုအလေးအမြတ်ထားသလို၊ မြာ အရေး၌လည်း လစ်ဟင်းမခံ၊ မင်းတုန်းမင်းကြီး လက်ထက်တွင် `ဗန်မော်´ဆရာတော်ကြီးမှာ နန်းဦးဆရာတော်ကြီးဖြစ်၏။ တနေ့ တွင် မင်းတုန်းမင်းကြီးက ဗန်မော်ဆရာတော်ကြီးကို၊ နန်းတော်သို့ပင့်၍ နေ့ဆွမ်းကပ်၏။ ဆွန်းဘုန်းပေး၊ တရားနာပြီးသောအခါ `ဗန်မော်´ဆရာတော်ကြီးက မင်းတုန်းမင်းကြီးကို `ဒကာတော် ရေမြေ့ရှင်၊ ဘာဆုပန်ချင် သတုံး´ ဟု မေးရာ၊ မင်းကြီးက `မှန်လှပါ တပည့်တော် (ဘုရားဆု) ကိုပန်လိုပါသည် ဘုရား´ဟု လျှောက်တင် လိုက်သည့်အခါ ဗန်မော်ဆရာတော်ကြီး အမိန့်ရှိလိုက်တာကဖြင့် `ဒကာတော် ရေမြေ့ရှင်မှာ စိတ်ကတော့ ဘုန်း ကြီး၊ (-ီး) ဟိုဥစ္စာက ဓါးပြဖြစ်နေတယ်´ဟု ဆရာတော်ကြီး အမိန့်ရှိသည်တွင် မူးမတ်ဗိုလ်ပုံအလယ်ဖြစ်၍၊ မင်းကြီး မှာ များစွာအရှက်ရသွားသဖြင့် ခေါင်းငုံ့ကာ ဆိတ်ဆိတ်နေတော်မူသတတ်။
မင်းတုန်းမင်းကြီး၌ သားတော်(၄၆)ပါးရှိ၏။ သားတော်များတွင် မြင်ကွန်းမင်းသားကြီးမှာ အကြီးဆုံးဖြစ်၍ မင်းကြီးသူ့သားကြီးကို အလွန်ချစ်သည်။ ချစ်စနိုးဖြင့် `သီလ၀´ဟု ခေါ်လေ့ရှိ၏။ မင်းတုန်းမင်းကြီးလက်ထက်တွင် တတိုင်းပြည်လုံး အမဲသားမစားရ၊ နွားသတ်လျှင်သေဒဏ်သတ်မှတ် ထားခဲ့သည်။ မင်းကြီးသည် သားတော်များနှင့် စည်းရုံးရေးအနေဖြင့်၊ တလတကြိမ် ညစာပျော်ပွဲစားလေ့ရှိ၏။ တခါသော် ညစာအတူစားကြရင်း သားတော်များကို တဦးချင်း၊ မိမိတို့ ကြိုက်နှစ်သက်သော ဟင်းလျာများကိုလျှောက်တင်ကြရန် အမိန့်ရှိ၏။ မြင်ကွန်းမင်းသားကြီး အလှည့်ရောက်သည့်အခါ မင်းကြီးက`ကဲသားတော်ကြီး သီလ၀ ကကော ဘာအကြိုက်ဆုံးလဲဗျာ´ဟု မေးရာ မြင်ကွန်းမင်းသားကြီး ဖြေဆိုလိုက်ပုံမှာ `ကျွန်တော်မျိုးကတော့ အမဲသားဆိုရင် အလွန်ကြိုက်ပါတယ် ဘုရား´ဟု ပြန်လည်လျှောက်တင်လိုက်ရာ၊ မင်းကြီးမှာ `ဟင်´ဟု တလုံးတည်း ပြောဆိုငြီးတွားပြီး အခန်းထဲဝင်သွားတော် မူ၏။
မင်းတုန်းမင်းကြီးမှာ သားတော်များနှင့် စည်းရုံးရေးလုပ်သလို၊ မယားတော်များနှင့်လည်း တလတခါ စည်းရုံးရေးလုပ်လေ့ရှိသည်။ စည်းရုံးရေးလုပ်ပုံက တမျိုးပါ။ မိဖုရားများကို မုန့်အထူးအဆန်းများလုပ်၍ ဆက်စေ၏။ တကြိမ်တွင် မုန့်ပွဲသဘင်ကျင်းပရာသို့ နန်းတွင်းသူတဦး မုန့်တစ်ဘန်းသွားရောက်ပို့ဆောင်ရာ မြင်ကွန်းမင်းသားကြီးက ထိုမုန့်ဘန်းကိုလုယူ၍ သူပြုလုပ်ထားသော မုန့်ကိုသာဆက်သရန် ဖလှယ်လိုက်၏။ မုန့်ဘန်းကိုအမှတ်အသားပြုလုပ်ပေးလိုက်သည်။ မည်သူ့ကိုမှ မပြောရန်လည်း မှာလိုက်သည်။
မင်းကြီး ပျော်ပျော်ပါးပါး မုန့်များပွဲတော်တည်နေစဉ်၊ မြင်ကွန်းမင်းသားကြီး ဖလှယ်လိုက်သည့် မုန့်ဘန်း အလှည့်ရောက်လာ၏။ မင်းကြီးအားရပါးရ ၀ါးလိုက်ရားဝါးမရသည့်အပြင် ပျိုအန်နေလေသည်။ မုန့်ချပ်ကို ကောက်၍ နန်းတော်အပြင်လွှင့်ပစ်စေရာ ယင်းမုန့်ကိုခွေးများနှင့် ကျီးကန်းများတရုံးရုံးနှင့် လုယက်စားသောက် နေသဖြင့် နန်းတွင်းသူ နန်းတွင်းသားများ အံ့သြကြရ၏။
မြင်ကွန်းမင်းသားကြီး မုန့်ပြုလုပ်ပုံမှာ၊ ဤသို့ဖြစ်ပါသည်။ မန္တလေးနေပြည်တော်၌ ဆင်ထီးကြီးတကောင် သေဆုံးရာ ထိုနေရာသို့ တပည့်တဦးစေလွှတ်တော်မူ၍ ဆင်ထီး၏(သို)ကြီးကို အရင်းကဖြတ်၍၊ ယူဆောင်စေခဲ့၏။ ထို့နောက် ဓါးဖြင့်အကွင်းလိုက်လှီးစေပြီး အပေါ်ယံမှ သကြားနှင့်အုန်းဆံများဖြူးလိုက်သည်တွင် မုန့်သဖွယ်ဖြစ် သွားရာ မင်းကြီးက မုန့်ကိုကောက်၍စားလိုက်စဉ် အညှီနံ့ရ၍ ပျို့အန်တော်မူလေသည်။
မင်းကြီးက မြင်ကွန်းမင်းသား၏ လက်ချက်မှန်းရိပ်မိသော်လည်း စစ်မေးတော်မမူခဲ့ပေ။ မြင်ကွန်းမင်း သားကြီးမှာ သူ့ဖခင် မိဖုရားအများကြီးထားသည်ကို အလွန်မုန်းတီးရွံရှာလေသည်။ ထို့ကြောင့်လည်း စကားအရာ အရွဲ့တိုက်ခြင်း၊ အနေအထိုင်အပြုအမူ အရွဲ့တိုက်ခြင်းဖြင့် အရာရာတွင် ပမာမခန့် ပြုလုပ်ခဲ့ပုံများမှာ စာဖတ်သူ များအတွက် စိတ်ရွှင်လန်းဘွယ်ရာဖြစ်သလို၊ ဗဟုသုတများရလိမ့်မည်ဟုလည်း ထင်မြင်မိပါသဖြင့် လစဉ်စောင့် ဆိုင်းဖတ်ရှုကြဘို့ တိုက်တွန်းအပ်ပါသည်။
ပေးပို့သူ….မဟာဇော်-(မကွေး)
+++ (ကုန်းဘောင်ခေတ်ဆက်မြဲ…..)

No comments:
Post a Comment