ပိသာချိန်နဲ့ သာ ရောင်းစားဖို့  စိတ်ဝင်စားသူတွေကြောင့်
မြေမြို ကလူမျိုးမပြုတ်
လူမြှို မှ လူမျိုးပြုတ်တော့မယ်၊
စစ်ပါဝါကြားက ရုရှားပြည်သားတွေ
မ၀တ၀ ပေါင်မုန့် တန်းစီစားနေချိန်
စစ်အေးခေတ်ရဲ့ တိုင်းပြည် အတ္တခေါင်းဆောင်များက
စစ် နဲ့  နျူကလီယားပဲ စိတ်ဝင်စားခဲ့လို့ 
အက်တက်တက် ဆိုဗီယက်ပြည်ထောင်စုကြီးလဲ
ရက်ရက်စက်စက် အစိတ်စိတ်အမွှာမွှာ ပြိုကွဲခဲ့ဘူးတယ် ၊
နှစ်ခြမ်းကွဲနေတဲ့ဂျာမနီ ပြည်ရဲ့ 
မွဲတေတေ မတောက်မပ ရက်စွဲတွေမှာ
ဆင်းရဲ ငတ်မွတ်ခေါင်းပါးမှုများက
အဖော်အပေါင်းလို ခဏခဏ၀င်လာကြတော့
မှားယွင်းခဲ့ စနစ်ဆိုးကို ရိုက်ချိုး
ဘာလင် တံတိုင်းလဲပြိုလဲခဲ့ဘူးပြီ ၊
စစ်သွေးကြွတွေရဲ့ မဆုံးနိုင်တဲ့စစ်မှာ
သမိုင်းကို သွေးနဲ့  ရေးခြစ်ကြ
ဂလဲ့စားချေရေးမူ နဲ့ ဘေးကရန်မတိုက်ခင်က
ခေတ်အဆက်ဆက် ရန်မူကာ
ပါလက်စတိုင်း နဲ့ အစ္စရေးလို ရေရှည်စစ်ဆင်နွဲနေကြတယ်၊
စီးပွားရေး ခြွတ်ခြုံကျမှုတွေက
လွတ်လွတ်လပ်လပ် အမေရိကန်ပြည်သူများတောင်
အနာဂတ် မျှော်လင့်ချက်နဲ့  ပြောင်းလဲခြင်းကိုတမ်းတ
ပထမ လူမဲ သမ္မတ အိုဘားမားကို မဲပေးခဲ့ကြ ။
စစ်ဘုရင် ဂျော့ဘုရှ်လဲ ဖိနပ်နဲ့ ပေါက်တာခံခဲ့ရတယ် ၊
အိမ်နီးချင်း အာဆီယံနိုင်ငံတွေ
မရမက ငြိမ်းချမ်းရေးပန်းတိုင် လှမ်းကိုင်နေချိန်
ကျုပ်တို့ မြန်မာပြည်က စစ်သစ္စာဖောက်များ
သေနတ်အကြိမ်ကြိမ်ဖောက်ပြီး
ငြိမ်းချမ်းရေးအတွက် တာထွက်ဖို့  တာဆူနေတုန်း ၊
ပိတ်ဆို့ ခံထားရတဲ့ စီးပွားရေးဝဲဂယက်ကြားထဲ
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့
ခြစားစဲ အကျင့်စာရိတ္တများကြောင့်
ဖယောင်းတိုင်မီးလို
မှုန်ပြပြ အနာဂတ်လမ်းကျဉ်းများနဲ့ 
တိုင်းပြည်ဟာ မှိုတက်တဲ့နေ့ များ ပိုင်ဆိုင်ခဲ့တယ်၊
ဆင်းရဲ ပိန်လှီနေတဲ့ အမိ မြန်မာပြည်ဟာ
ဟိုလူလစ် ။ ဒီလူလစ်
အရှက်မဲ့ ၀တ်လစ်စလစ်နီးပါး
ဆိုရှယ်လစ် စနစ်လဲ ကြုံခဲ့ ။
စစ်ယူနီဖောင်းဝတ်များရဲ့ စစ်တောင်းမြစ်နံဘေးကဂိတ်လို
စစ်ပြီးတောင်းနေစဲ
မတရားစစ်အခွန်ကောက်လဲ ကြိတ်မှိတ်ခံနေရတယ်၊
မတရား ဖိနှိပ်မှုများကြောင့်
အသံတွေ ခေတ္တတိတ်ဆိတ်နေခြင်းက
စစ်မှန်တဲ့ ငြိမ်းချမ်းရေးမဟုတ်ကြောင်း
ခေတ်အဆက်ဆက်နဲ့  ရစ်ခွေစီးဆင်းခဲ့တဲ့
ဧရာဝတီမြစ်ကြောင်းက ကောင်းကောင်းသိနေတယ် ၊
ဒုက္ခတွေကို
ဒုဌ၀တီမြစ်ထဲ မျောလိုက်ချင်ပြီ ၊
သံလွင်ခက် ချီလာတဲ့
ငြိမ်းချမ်းရေးကျောက်ပတ်တီးစီးထားခဲ့ ချိုးဖြူငှက်ကတော့
အဓမျွရေစီးသန်တဲ့ သံလွင်မြစ်ထဲ
ဘ၀ပျက်မှာ လက်ပစ်ကူးနေစဲ ၊
စိတ်အကောင်းမြင်ဝါဒတွေနဲ့
အတိတ်ဟောင်းကို ခ၀ါချချင်ပေမဲ့
ဒီစစ်အာဏာရှင်စနစ်ဆိုးအောက်မှာ
ထမင်းရည်ချောင်းစီး လှူခဲ့တဲ့ လူမျိုး
ထမင်းရည်သောက်စရာ မရှိအောင် မွဲတေခဲ့ပြီ ။………….။
အောင်ခိုင်မြင့်
xxxအတိတ်သမိုင်းစာများကို

No comments:
Post a Comment