မြန်မာနိုင်ငံမှာ ပြည်သူလူထုကြီးတရပ်လုံးရဲ့ တပြည်လုံးလက္ခဏာဆောင်တဲ့ ပြဿနာကြီး ၃-ရပ်တည်ရှိနေ တယ်။ အဲဒါတွေကတော့ ၁- ဒီမိုကရေစီရေး ၂- ပြည်တွင်းငြိမ်းချမ်းရေး ၃- လူမျိုးတိုင်း တန်းတူသွေးစည်းရေး တို့ဖြစ်သည်။ ဒီပြဿနာကြီး ၃ ရပ်ဟာ လွတ်လပ်ရေးခေတ်ဦး အာဏာရ ဖဆပလ အစိုးရရဲ့ ၎င်းတို့အာဏာ သက်ဆိုးရှည်ရေး ရပ်တည်ချက်အခြေခံပေါ်က ချမှတ်ကျင့်သုံးတဲ့ အထွေထွေပေါ်လစီများအရ သန္ဓေတည် ပေါက်ဖွားလာတာလည်းဖြစ်တယ်။
ဖဆပလဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်ဆိုပေမယ့် အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေအ ပေါ် ဒီမိုကရေစီစနစ် မကျင့်သုံးဘဲ နှိပ်ကွပ်ရေးပေါ်လစီကိုသာ ကျင့်သုံးခဲ့တယ်။ လူမျိုးတိုင်း တန်းတူသွေးစည်း ရေးကိုအာမခံတဲ့ ပြည်ထောင်စုစနစ်ကို မကျင့်သုံးဘဲ တပြည်ထောင်စနစ်ကိုသာ ကျင့်သုံးပြီး လူမျိုးစုတွေရဲ့ ရ ပိုင်ခွင့်ကို လျစ်လျူရှုခဲ့တယ်။ အဲဒီ၂ချက် ကို အာမခံဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ပြည်တွင်းစစ်ဆိုတဲ့ ဖြေရှင်းရ အလွန်ခက်ခဲတဲ့ ပြဿနာသစ်တရပ် ထပ်တိုးလာခဲ့တယ်။ ပြဿနာ ၃-ရပ် တပေါင်းတစည်းတည်းဖြစ်မှုရဲ့ အ ကျိုးဆက်အဖြစ် ဖဆပလ အစိုးရဟာလည်း တည်မြဲ၊ သန့်ရှင်းအဖြစ် နှစ်ခြမ်းကွဲသွားခဲ့တယ်။ ဖဆပလ နှစ်ခြင်းဟာ ၎င်းတို့အာဏာမြဲရေးအတွက် စစ်တပ်ကို အပြိုင်ချော့မြှူခဲ့ကြတယ်။ ဒီနည်းနဲ့ စစ်တပ်ဟာ နိုင်ငံ ရေးမှာ ပါဝင်ပတ်သက်ခွင့်ရလာရုံမက နိုင်ငံရေးပါတီတွေအပေါ် သြဇာပေးနိုင်တဲ့ အခြေအနေထိဖြစ်လာခဲ့ တယ်။ ၅၈ ခုနှစ်မှာ စစ်တပ်ဟာ အိမ်စောင့်အစိုးရအမည်နဲ့ သူရဲ့ အခန်းဝင်မှုကို ပြသလာခဲ့တယ်။ ၁၉၆ဝ-ခုနှစ် မှာ တက်လာတဲ့ ပထစအစိုးရဟာလည်း စစ်တပ်အပေါ် မလွန်ဆန်နိုင်ခဲ့ဘူး။ ၁၉၆၂ ခုနှစ်မှာတော့ ဗိုလ်နေဝင်း စစ်အုပ်စုက အပြီးအပိုင် အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာပြည်မှာ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်၊ စစ်ဗျူ ရိုကရက် ယန္တရား တစုံလုံး ဖြစ်တည်လာခဲ့တယ်။ ဖဆပလ အစိုးရနဲ့အတူ မပီမသ ပါတီစုံဒီမိုကရေစီစနစ် ဟာလည်း ဇီဝိန်ချုပ်သွားရတော့တယ်။
အခြေခံပြသနာကြီး ၃-ရပ် တပေါင်းတစည်းတည်းဖြစ်လာပြီး သက်တန်းရှည်ကြာလာတဲ့အခါ တိုင်းပြည်ဟာ ဘက်ပေါင်းစုံ အကြပ်အတည်းဆီကို ဦးတည်လာခဲ့တယ်။ ဒီမိုကရေစီမရှိရင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူမျိုး တိုင်း တန်းတူသွေးစည်းရေးလည်း မရှိနိုင်တဲ့အတွက် စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ပါတီစုံဒီမိုကရေစီ စ နစ် တည်ဆောက်ရေးဟာ အဓိကတိုက်ပွဲ ဦးတည်ချက်ဖြစ်လာခဲ့တယ်။ ၈၈ အရေးတော်ပုံကြီးဟာ မြန်မာပြည် သူတွေရဲ့ ကမ္ဘာကျော် ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်တယ်။ ၈၈ နောက်ပိုင်းဖြစ်လာသမျှ လူထုတိုက်ပွဲမှန် သမျှဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အဆက်တွေပဲဖြစ်တယ်။
နိုင်ငံရေးပါတီ အဟောင်းအသစ်အများအပြားဟာ ၎င်းတို့ ကိုယ်စားပြုရာ လူတန်းစား၊ လူ့အလွှာ၊ လူမျိုးများကို ရှေ့ဆောင်ပြီး စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် အဆက် မပြတ်တိုက်ပွဲဝင်ခဲ့ကြတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ ဥပဒေတွင်းလူထုတိုက်ပွဲနှစ်ရပ်ကို အပြန်အလှန်ပေါင်း စပ်နိုင်အောင်လည်း ကြိုးပမ်းခဲ့ကြတယ်။
ဒီမိုကရေစီရေး တိုက်ပွဲစဉ်တလျောက်မှာ လူမျိုးစုံပြည်သူတရပ်လုံးဟာ သူတို့ရဲ့ ရှေ့ဆောင် ပါတီတွေနဲ့အတူ နှစ်ရှည်လများ အဆက်မပြတ် တက်တက်ကြွကြွပါဝင်ခဲ့ကြတယ်။ အသက်၊ သွေး၊ ချွေး၊ ဘဝတွေကိုပါ စတေး စွန့်လှူ (လုံးဝ)တာဝန်ကြေခဲ့တယ်လို့ ပြောရမှာဖြစ်တယ်။
လူထုကြီးဘက်က တာဝန်ကြေခဲ့ပေမယ့် ရှေ့ဆောင်နေတဲ့ နိုင်ငံရေးအင်အားစုများ ဘက်ကတော့ လူထုကြီးရဲ့ မျှော်မှန်းချက် ဆန္ဒတွေကို အကောင်အထည်ဖေါ်ပေးနိုင်စွမ်း မရှိကြဘူး။ လက်နက်ကိုင်တိုက်ပွဲဒီရေဟာ အနိမ့် ဆုံးအထိ ကျဆင်းလာခဲ့ရတယ်။ ဒီလိုလက်နက်ကိုင် တိုက်ပွဲဒီရေ ကျဆင်းသွားရမှုမှာ နိုင်ငံတကာအခြေအနေ တို့ အရေးပါတဲ့အကြောင်းအချက် တခုအဖြစ် ထည့်တွက်ရမှာဖြစ်ပေမယ့် အဓိကကတော့ အတွင်းပိုင်းအ ကြောင်းအချက်ဖြစ်တဲ့ နိုင်ငံရေးအင်အားစုများရဲ့ အမြော်အမြင်နည်းမှုဟာ အဓိကဖြစ်တယ်၊ ဒီရေနိမ့်နဲ့အတူ လက်နက် ကိုင်တော်လှန်ရေး အင်အားစုအများအပြားဟာ နအဖစစ်အစိုးရရဲ့ အပစ်ရပ်ထောင်ခြောက် အ တွင်းမှာ မလူးသာမလွန့်သာဘဝ ကျရောက်သွားခဲ့ရတယ်။ တစိတ်တပိုင်းလက္ခဏာဆောင်တဲ့ လူထုရဲ့ စီးပွား ရေးတိုက်ပွဲများဟာလည်း နိုင်ငံရေးတိုက်ပွဲအထိ မတိုးမြင့်နိုင်ဘဲ စစ်အစိုးရရဲ့ အကြမ်းဖက်ဖြိုခွဲမှုကို ခံခဲ့ကြရ၊ ခံ နေကြရတယ်။ တချိန်တည်းမှာ နအဖ စစ်အစိုးရဟာ သူအာဏာတည်မြဲရေးအတွက် လမ်းပြမြေပုံ ၇ ဆင့်ဆို တာကို တဆင့်ပြီးတဆင့် အဓမ္မအကောင် အထည်ဖေါ်လာနိုင်ခဲ့တယ်။ ဒီနည်းနဲ့ မြန်မာနဲ့ကမ္ဘာ့အတိုင်းအတာ အရ အသိအမှတ်ပြုခံခဲ့ရတဲ့ ၉ဝ ပြည့်ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းပြီး ၂ဝ၁ဝ-ရွေးကောက်ပွဲသစ်ဆိုတာ ကို ကျင်းပနိုင်ဖို့ လုံးပမ်းလာတယ်။
အားမနာတမ်းပြောရရင် ဒီမိုကရေစီအင်အားစုတွေဟာ လက်ရှိရင်ဆိုင်နေရတဲ့ အကြပ်အတည်းက လွတ် မြောက်အောင် လူထုကြီးကို ဘယ်လို ညီညီညွတ်ညွတ် ခေါင်းဆောင်မှုပေးမ လဲဆိုတာနဲ့ ပတ်သက်လို့ခုထိ အ ဆင်သင့် မဖြစ်နိုင်ကြသေးဘူး။
တကယ်တော့ ဒီအားနည်းချက်ကို နိုင်ငံရေးအင်အားစုတွေ သင်္ခန်းစာမယူနိုင်ကြတာ၊ မပြင်နိုင်တာ ခုမှ မဟုတ် ဘူး၊ တလျောက်လုံးလိုလို ဖြစ်တယ်။
တကယ့် ပကတိဘဝမှာ စစ်အာဏာရှင်စနစ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုဟာ တတိုင်းပြည်လုံး လက္ခဏာအရ ဖြစ် တယ်။ ဒါကြောင့် စစ်အုပ်စုကို ဆန့်ကျင်တိုက်ဖျက်ရာမှာလည်း တပြည်လုံးအတိုင်း အတာဆောင်ဖို့လိုတယ်။ ရှစ်လေးလုံး လူထုအုံကြွမှုကြီးကလွဲပြီး လှုပ်ရှားမှု (လက်နက်ကိုင်၊ လက်နက်မကိုင်) အများစုဟာ ဒေသန္တရ လက္ခဏာ၊ တစိတ်တပိုင်းလက္ခဏာ ဘောင်အတွင်းမှာသာရှိနေတယ်။ ရှစ်လေးလုံး လူထုအုံကြွမှုကြီးမှာ တောင် နိုင်ငံရေးအင်အားစုများဟာ တပါတီချင်း လက္ခဏာက ရုန်းထွက်ပြီး တပြည်လုံးလက္ခဏာ လိုအပ်ချက် အရ ညီညွတ်ရေး မတည်ဆောက်နိုင်ခဲ့ကြဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီး လမ်းတဝက်မှာ အရေးနိမ့်သွားရ တာဟာ အဓိကအားဖြင့် အဲဒီအကြောင်းကြောင့်ဖြစ်တယ်။
လူမျိုးစုံတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေဟာလည်း ဒေသန္တရ လက္ခဏာဥခွံကို ဖေါက်မ ထွက်နိုင်ခဲ့ကြဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီးကို ဗမာ ဗမာတွေချင်းချတဲ့ ပွဲအဖြစ်တောင် လက်ခုပ်တီးကြ၊ အားရဝမ်းသာဖြစ် ကြတာတွေ ရှိခဲ့တယ်။ လူမျိုးစုအရေးနဲ့ ဒီမိုကရေစီအရေးကို ထဲထဲဝင်ဝင် ပေါင်းစပ်ဖို့ ပျက်ကွက်ခဲ့ကြတယ်။ ဗမာအုပ်စိုးသူ ဆန့်ကျင်ရေးဆိုတဲ့ တိမ်းစောင်းတဲ့အမြင်အရ လူမျိုးစု၊ အင်အားစုများအချင်းချင်း သွေးစည်းသ ယောင်ထင်ရပေမယ့် တကယ်တန်းညီညွတ်နိုင်ကြတာတော့ မဟုတ်ဘူး။ အချင်းချင်း လက်နက်ကိုင်တိုက်တာ တွေ၊ တဖွဲ့ချင်းအတွင်းမှာပဲ ဂိုဏ်းအုပ်စုတိုက်ပွဲတွေနဲ့ ကွဲပြဲနေကြတယ်။
ဖေါ်ပြပါ အခြေအနေတွေကြောင့် စစ်အာဏာရှင်စနစ်ကို ခါးသီးရွံမုန်းနေတဲ့ လူထုကြီးဟာ ပွဲကြည့်ပရိတ်သတ် အသွင်ဆောင်လာခဲ့ရတယ်။ သူတို့ကို ဦးဆောင်နေတဲ့ တကွဲတပြား၊ မညီမ ညွတ်နိုင်ငံရေးအင်အားစုများ အပေါ် သို့လော၊ သို့လော အကဲခတ်လာကြတယ်။ သူတို့ အကျိုးစီးပွားအတွက် အမှန်တကယ် အောင်ပွဲအ ရောက် ရှေ့ဆောင်မှုပေးနိုင်မယ့် နိုင်ငံရေးစုဖွဲ့မှု အသစ်တခုကို လိုလားတောင့်တလာကြတယ်။
နိုင်ငံရေးအင်အားစုများဟာ ပကတိအခြေအနေနဲ့ ပြည်သူလူထုကြီးတရပ်လုံးက တောင်းဆိုနေတဲ့ ရှေ့ဆောင် နိုင်ငံရေး စုဖွဲမှုအသစ်တခုကို စုဖွဲ့တည်ဆောက်ဖို့ ခုထိ အသင့်မဖြစ်ကြသေးဘူး။ ဝဲ၊ ယာ လက်နက်ကိုင်၊ လက် နက်မကိုင် အင်အားစုအားလုံး (စစ်အာဏာရှင်စနစ် ဆန့် ကျင်ရေး တသီးပုဂ္ဂလများအပါအဝင်) အများစုကြီး လက်ခံနိုင်တဲ့ အနိမ့်ဆုံးဘုံလုပ်ငန်းစဉ်တခု ချမှတ်ရေးဟာ လူထုကြီးလိုလားတောင့်တနေတဲ့ ရှေ့ဆောင်နိုင်ငံ ရေး စုဖွဲ့မှုအသစ်ဆိုတာ သေချာတယ်။ လူထုကြီးလိုလားတောင့်တနေတဲ့ ဖေါ်ပြပါ နိုင်ငံရေးစုဖွဲ့မှု အသစ်နဲ့သာ တပြည်လုံး အတိုင်းအတာနဲ့ လူမျိုးစုံပြည်သူကြီးတရပ်လုံးကို စုစည်းသိမ်းသွင်းနိုင်မှာဖြစ်တယ်။ တပြည်လုံး အတိုင်းအတာဆောင်တဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအရေးတော်ပုံကြီးကို ရှေ့ဆောင် အကောင်အ ထည်ဖေါ်နိုင်မှာဖြစ်တယ်။ တပြည်လုံးလက္ခဏာအရ မစုစည်း၊ မပြင်ဆင်နိုင်ရင် ဖြစ်ပေါ်လာတဲ့ တခုချင်းလှုပ် ရှားမှုလေးတွေဟာ စစ်အစိုးရရဲ့ အကြမ်းဖက်ဖြိုခွဲမှုကို ခံကြရမှာသာဖြစ်တယ်။ တပြည်လုံးလက္ခဏာဆောင် တဲ့ လူထုအုံကြွမှုကြီးကသာ နိုင်ငံတကာအကူအညီကို အရေးပါအရာရောက်စေမှာဖြစ်တယ်။ ကုလသမဂ္ဂ အ တွင်းမှာ မြန်မာ့အရေး သေးသိမ်အောင်လုပ်နေတဲ့ ဗီတိုအာဏာရှင်တွေကိုယ်တိုင် ခန့်ညားလေးစာလာမှာ ဖြစ် တယ်။
လက်ရှိအနေအထားအတိုင်း မညီမညွတ်၊ တကွဲတပြား ခေါင်းဆောင်မှုပေးနေလို့ကတော့ လူထုကြီးအနေနဲ့ တတိုင်းပြည်လုံးအတိုင်းအတာအရ ပါဝင်လာနိုင်စရာ အကြောင်းမဖြစ်ဘူး။ နိုင်ငံတကာအကူအညီဆိုတာက လဲ အရာရောက်လာစရာမရှိဘူး။ ကုလသမ္ဂအတွင်းမှာလည်း ဗီတိုအာဏာဗိုက်လက်သီးကို ရှောင်နိုင်မှာ မ ဟုတ်ဘူး။
ဒီတော့ နိုင်ငံရေးအင်အားစုများအနေနဲ့ တာဝန်ကြေစေဖို့ ဝဲ၊ ယာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး (တသီး ပုဂ္ဂလများအပါအဝင်) အင်အားစုများကို စုစည်းညီညွတ်စေနိုင်မယ့်၊ အခိုင်အမာတိုက်ပွဲဝင်ရာမှာလည်း ခြေ လှမ်းညီစေမယ့် ဘုံလုပ်ငန်းစဉ်တခု အမြန်ချမှတ်နိုင်ရေး၊ လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်းကြိုး ပမ်းကြပါစို့လို့ အကျိုးမျှော်ကာ နှိုးဆော်လိုက်ရ ပါကြောင်း။ ။
ကိုရင်ဒေါင်း
၁၅၊ ၁၂၊ ဝ၈
ဒေါင်းအိုးဝေ အတွဲ(၁)၊ အမှတ်(၈)၊ မတ်လ ၂၀၀၉ မှ...

No comments:
Post a Comment