အင်ဒိုနီးရှားနိုင်ငံတွင် အရှေ့ဂျာဗား ပြည်နယ်နှင့် မာဒူရာကျွန်းတို့ကို ဆက်သွယ်သော ဆူရာမာဒူ တံတား တည်ဆောက်မှုသည် ဇွန်လ ၁၀ရက်နေ့က ပြီးစီးခဲ့ပြီး အများပြည်သူသွားလာရန် ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ တံတားသည် အရှေ့တောင်အာရှဒေသတွင် ပင်လယ်ပြင်ဖြတ်သည်းတည်ဆောက်ထားသော အရှည်ဆုံး တံ တားတစ်ခုဖြစ်သည်။ တံတား၏ စုစုပေါင်းအရှည်မှာ (၅၄၃၈)မီတာ ဖြစ်သည်။ (အင်တာနက်)
*** အဲယားဘတ်စ် အေ-၃၂၀ လေယာဉ် ကနေရီကျွန်းပေါ်သို့ အရေးပေါ်ဆင်းတက်ခဲ့ရ...
စပိန်နိုင်ငံ ကနေရီကျွန်းပေါ်သို့ အဲယား ဘတ်စ် အေ-၃၂၀ လေယာဉ်တစ်စင်း အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ဇွန်လ ၁၀ရက်နေ့တွင် တာဝန်ရှိသူများက ပြောကြားသည်။ ထိုသို့ အရေးပေါ်ဆင်းသက်ရမှုကြောင့် တဦးတယောက်မျှ ထိခိုက်ဒဏ်ရာမရရှိကြောင်းလည်း ဖော်ပြထားသည်။ အဆိုပါ လေယာဉ်သည် ကနေရီကျွန်းမှ ပျံတက်ပြီး မကြာမီ နော်ဝေနိုင်ငံ အော်စလိုမြို့သို့ ဦးတည်ပျံသန်းနေရာမှ စက်ချို့ယွင်းမှုကြောင့် ပြန်လှည့်ကာ အရေးပေါ်ဆင်းသက်ရခြင်းဖြစ်သည်။ (အင်တာနက်)
*** ဗြိတိန်ဝန်ကြီးချုပ် ဘရောင်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ...
(လန်ဒန်- ဇွန်လ ၉ရက်)
ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းသည် ဇွန်လ ၈ရက်နေ့တွင် စိန်ခေါ်မှုအသစ်များဖြင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း လက်ရှိအာဏာရ လေဘာပါတီသည် လူထုထောက်ခံမှုအနိမ့်ဆုံး အဆင့်သို့ ကျရောက်သွားပြီဖြစ်ကြောင်း ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြသည်။ လက်ယာအစွန်းရောက် ဗြိတိသျှနေရှင်နယ် ပါတီက ဥရောပပါလီမန်အတွက် ပထမဆုံးအကြိမ်အဖြစ် အမတ် ၂-နေရာရရှိခဲ့သည်။ (ရိုက်တာ)
*** အာရှတွင် အကြီးဆုံး ရေကြောင်းပြပွဲ အင်ဒိုနီးရှားမှာ ပြုလုပ်မည်…
အာရှဒေသတွင် အမြဲကျင်းပသော အကြီးဆုံးရေကြောင်းပြပွဲ (ဆေးလ်ဘူနာကင်-၂၀၀၉)အား အင်ဒိုနီးရှား နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်း ဇွန်လ ၄ရက်နေ့၌ ပြည်တွင်း သတင်းများက ဖော်ပြသည်။ အဆိုပါပြပွဲတွင် နိုင်ငံပေါင်း ၂၆-နိုင်ငံမှ ခရုစ်သင်္ဘောများနှင့်အတူ စစ်သင်္ဘော ၂၄-စင်းနှင့် ရွက်သင်္ဘော ၁၅၀- တို့က ပါဝင်ပြသမည်ဖြစ်သည်။ (အင်တာနက်)
*** ဂရိတိုက်လေယာဉ် လေ့ကျင့်ပျံသန်းစဉ် ပျက်ကျ…
ဂရိနိုင်ငံ အနောက်မြောက်ဘက်ရှိ လုံနီနာဒေသအနီးတွင် ဇွန်လ ၄-ရက်နေ့ နံနက်ပိုင်းက ဂရိ လေတပ်မှ အက်ဖ်- ၁၆ တိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူး အသက်ဘေးမှ လွတ် မြောက်သွားသည်။ အဆိုပါ အက်ဖ်-၁၆ တိုက်လေယာဉ်သည် လုံနီနာဒေသအနီး လေ့ကျင့် ပျံသန်းနေစဉ် ဒေသစံတော်ချိန် နံနက် (၁၀)နာရီကျော်က ပျက်ကျသွားခြင်းဖြစ်ကြောင်း စစ်ဘက်က ပြောကြားသည်။ (အင်တာနက်)
*** တိန်အန်မင်နှစ်(၂၀)ပြည့်ကာလ သတင်းမီဒီယာများအား တရုတ်အစိုးရပိတ်ပင်…
ဇွန်လ(၄)ရက်နေ့တွင် ကျရောက်သော တရုတ်နိုင်ငံ၊ တိန်အန်မင်ရင်ပြင် ဒီိမိုကရေစီရေး လှုပ်ရှားမှုကြီး ဖြိုခွဲခံရမှု နှစ်(၂၀)ပြည့် နှစ်ပတ်လည်နေ့အတွက် တရုတ်အစိုးရသည် ဇွန်လ(၃)ရက်နေ့မှစပြီး လုံခြုံရေး တင်းကြပ်မှုများ ကြပ်မတ်တိုးမြှင့်လာခဲ့ကြောင်း သိရသည်။ တရုတ်အစိုးရအနေနှင့် ဇွန်လဆန်းကတည်းက ယခုနှစ်ပတ်လည် နေ့ကို ကြိုတင်ကာကွယ်သောအားဖြင့် ၀က်ဘ်ဆိုက်အတော်များများကိုလည်း ပိတ်ပင်လိုက်ပြီးဖြစ်သည်။ (၁၉၈၉)ခုနှစ်၊ ဇွန်လ(၄)ရက်နေ့က ကျောင်းသားများ၊ အလုပ်သမားများသည် ဒီမိုကရေစီရေး စုရုံးဆန္ဒပြနေစဉ် တရုတ်စစ်တပ်မှ တင့်ကားများက လူထုအား အကြမ်းဖက် ဖြိုခွဲပစ်ခဲ့သည်။ အာဏာရ ကွန်မြူနစ်ပါတီသည် ထိုစဉ်က သီတင်း(၆)ပါတ်ကြာ ဆန္ဒပြနေသော ပြည်သူများအား အကြမ်းဖက် တိုက်ခိုက်မှုအတွက် မည်၍မည်မျှ သေဆုံးသည်ကို အတိအကျ သတင်းမထုတ်ပြန်ခဲ့ပေ။ ထိုလူထုဆန္ဒပြမှုကြီး ဖြိုခွဲခံရသည့် နှစ်ပါတ်လည်နေ့ အခမ်းအနားအကြောင်း နိုင်ငံတကာ သတင်းဝက်ဘ်ဆိုက်များက ဖော်ပြမည်ကို စိုးရိမ်သဖြင့် တရုတ်အစိုးရက ပိတ်ပင်ထားသလို Twitter, Flickr, YouTube, Yahoo, Bing, Live, Hotmailစသည့် ၀က်ဘ်ဆိုက်များကိုပါ ပိတ်ဆို့ထားလိုက်ကြောင်း သိရသည်။ လွန်ခဲ့သည့် နှစ်(၂၀)က လူထုလှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့သူ ဆန္ဒပြခေါင်းဆောင် (၃၀)ခန့်မှာ ယခုတိုင် တရုတ်ထောင်များအတွင်း အကျဉ်းကျခံနေရဆဲဖြစ်သည်။ လွန်ခဲ့သော သီတင်းတစ်ပါတ်အတွင်း အဆိုပါ အဓိကရုဏ်းကြီး ဖြစ်ပွားခဲ့ရာ တိန်အန်မင်ရင်ပြင်သို့ ၀င်ရောက်ရန် ကြိုးပမ်းခဲ့သည့် နိုင်ငံခြား သတင်းထောက်အဖွဲ့ အနည်းဆုံး(၄)ခုကို တရုတ်ရဲတပ်ဖွဲ့က တားဆီးခဲ့သည်။ တရုတ်နိုင်ငံ တက္ကသိုလ်များမှ အုပ်ချုပ်ရေးအဖွဲ့များကိုလည်း ကျောင်းသားများအား စည်းရုံးလှုံ့ဆော်နိုင်သည့် နိုင်ငံခြားသားများကို ဂရုတစိုက် စောင့်ကြည့်ရန် အစိုးရက ညွှန်ကြားထားသလို ပို့ဆောင်ရေး ၀န်ကြီးဌာနကလည်း Taxiယာဉ်မောင်းများအား မသင်္ကာဖွယ် အခြေအနေတိုင်းအတွက် သတင်းပေးပို့ရန် မှာကြားထားသည်။ လွန်ခဲ့သည့် နှစ်(၂၀)က ဆန္ဒပြရာတွင် ဦးဆောင်နေရာမှ ပါဝင်ခဲ့သော ပီကင်းတက္ကသိုလ်တွင်မူ ဇွန်လ(၃)ရက်နေ့က တိတ်ဆိတ်အေးချမ်းနေကြောင်း မျက်မြင်များကဆိုသည်။ ကျောင်းသားများသည် မကြာမီဖြေဆိုရမည့် စာမေးပွဲကို နိုင်ငံရေးထက် ပိုအာရုံစိုက်နေရကြောင်း သိရသည်။ (၁၉၈၉)ခုနှစ်က ဖြစ်ပွားခဲ့သည့် လူထုဖြိုခွဲမှုကြီးတွင် သေဆုံးခဲ့ရသည့် အရေအတွက်ကို တိတိကျကျ ကြေညာရန် အစိုးရအား တိုက်တွန်းထားသည့် အဆိုပါတက္ကသိုလ်မှ စီးပွားရေး ပါမောက္ခကြီး ဇီရာယီလင်းက “(၁၉၈၉)ခုနှစ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ဒီခေတ်ကလေးတွေ မသိတော့ပါဘူး။ သူတို့အတွက် ကျောင်းစာကပဲ အရေးကြီးနေတဲ့ အခြေအနေမျိုး ဖြစ်သွားပါပြီ။ ဒါပေမယ့် ကိုယ်တွေ့ကြုံခဲ့တဲ့ သူတွေကတော့ ခုချိန်ထိ နာကျင်ခံစား နေရတုန်းပါ”ဟု ပြောကြားခဲ့သည်။ ၎င်းသည် ယခုနှစ်ပါတ်လည်နေ့တွင် တရုတ်ရိုးရာ ကြေကွဲမှု အထိမ်းအမှတ် ၀တ်စုံဖြစ်သည့် အဖြူရောင်ကို ၀တ်ဆင်ကြပါရန် အင်တာနက်မှ နှိုးဆော်တိုက်တွန်းခဲ့သူလည်းဖြစ်သည်။ (၁၉၈၉)ခုနှစ်၊ ဇွန်လ(၄)ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိန်အန်မင်ရင်ပြင် လူထုဆန္ဒပြပွဲကြီး ဖြိုခွဲခံရမှုတွင် လူ(၄၀၀)ခန့် သေဆုံးကြောင်း ကွန်မြူနစ်ပါတီက လေသံလွှင့်ခဲ့သော်လည်း ထိုစဉ်က ဘေဂျင်းမြို့ရှိ အမေရိကန်သံရုံးကမူ လူအနည်းဆုံး (၁၀၀၀)ကျော် သေဆုံးခဲ့ကြောင်း ပြောဆိုခဲ့သည်။ Source: DailyMail
*** ဆိုမာလီပင်လယ်ဓားပြများအား ဗြိတိန်ရေတပ်ဖမ်းဆီးနိုင်ခဲ့…
ဇွန်လ(၃)ရက်နေ့က ဆိုမာလီယာ ကမ်းလွန်တွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ပင်လယ်ဓားပြ ရေယာဉ်နှစ်စင်းကို ဗြိတိန်ရေတပ်က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ အေဒင်ပင်လယ်ကွေ့အတွင်း မသင်္ကာဖွယ်ရာ စက်လှေတနှ်စ်းကို တွေ့မြင်ခဲ့ကြောင်း စပိန်နိုင်ငံပိုင် ကင်းလှည့်လေယာဉ် တစ်စင်းက ဗြိတိသျှ တော်ဝင်ရေတပ်ကို အကြောင်းကြားခဲ့ပြီးနောက် ထိုဒေသတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော HMS Portland ဖရီးဂိတ် စစ်သင်္ဘောသည် ကင်းလှည့်လေယာဉ်ပျံ အကြောင်းကြားရာ နေရာသို့ ချက်ချင်းဦးတည် ခုတ်မောင်းခဲ့သည်။ ထို့အပြင် သင်္ဘောမရောက်မီကတည်းက သင်္ဘောတွင် တင်ဆောင်လာသည့် Lynxရဟတ်ယာဉ်ကို ဦးစွာစေလွှတ်ပြီး လှေနှစ်စင်း၏ လမ်းကြောင်းကို တောက်လျှောက် ခြေရာခံ လိုက်ပါစေခဲ့သည်။ အဆိုပါ လှေနှစ်စင်း ရောက်ရှိနေသည့် နေရာမှာ ဆိုမာလီယာ ပင်လယ်ဓားပြတို့ အကြီးအကျယ် သောင်းကျန်းနေသည့် ဧရိယာတွင် ပါဝင်သည်။ ပင်လယ်ဓားပြများသည် ဖြတ်သန်းသွားသမျှ ကုန်တင်သင်္ဘောနှင့် ခရီးသည်တင် သင်္ဘောများကို ဖမ်းဆီးပြီး ပြန်ပေးဆွဲမှုများ ပြုလုပ်လေ့ရှိသဖြင့် ဗြိတိသျှရေတပ်မှ လာရောက်ကင်းလှည့်နေခြင်း ဖြစ်သည်။ Lynxရဟတ်ယာဉ်တွင် စက်သေနတ်နှင့် Sniperလက်နက်များ တပ်ဆင်ထားသည့် တော်ဝင်မရိန်းတပ်သားများ လိုက်ပါသွားပြီး ထိုရေယာဉ်များကို အသင့်ချိန်ရွယ်ထားသည်။ ရဟတ်ယာဉ်ပေါ်မှ မရိန်းတပ်သားများသည် လှေပေါ်သို့ ကြိုးများနှင့် တွယ်ဆင်းကြပြီးနောက် လှေနှစ်စင်းလုံးတွင် စက်သေနတ်များ၊ RPGလောင်ချာများနှင့် လက်ပစ်ဗုံးများ ၀ှက်ထားသည်ကို ဖော်ထုတ်နိုင်ခဲ့သည်။ လက်နက်အင်အားခြင်း မမျှမှန်းသိသည့် ပင်လယ်ဓားပြဂိုဏ်းသည် ဗြိတိသျှစစ်သည်များ စက်လှေကုန်းပါတ်ပေါ် ခြေချသည်နှင့် အရှုံးပေးလက်နက်ချခဲ့သည်။ လှေပေါ်တွင် ဓားပြတိုက်ရန် အသုံးပြုသော သံချိတ်တပ်ကြိုးများ၊ လှေခါးများနှင့် လောင်စာဆီများအပြင် RPGကျည်ဖူးများနှင့် စက်သေနတ်ကျည်ဆန်များကိုပါ တွေ့ရှိသိမ်းဆည်းနိုင်ခဲ့သည်။ ထိုပင်လယ်ဓားပြ ဂိုဏ်းသားများကို ထိန်းသိမ်းထားပြီး ဖရီးဂိတ်စစ်သင်္ဘော ရောက်ရှိလာချိန်တွင် ၎င်းတို့အား သင်္ဘောဆီသို့ ခေါ်ဆောင်သွားသည်။ ထို့နောက် စက်လှေများအနက် တစ်စင်းကို အသုံးမပြုနိုင်အောင် စက်သေနတ်ဖြင့် ပစ်ခတ်ဖောက်ခွဲပစ်ခဲ့သည်။ နောက်ပိုင်းတွင်မူ ပင်လယ်ဓားပြများထံမှ လက်နက်များကို သိမ်းဆည်းပြီး ပြန်လွှတ်ပေးလိုက်ရကြောင်း HMS Portlandက ကြေညာသည်။ ဤသို့ဆုံးဖြတ်ရခြင်းမှာ တော်ဝင်ရေတပ်မှ တရားဝင် ပြဌာန်းထားသည့် စည်းမျဉ်းများကြောင့်ဖြစ်ပြီး ဖရီးဂိတ်စစ်သင်္ဘောအနေနှင့် မိမိအား ရန်ပြုတိုက်ခိုက်ခြင်း မရှိသော လက်နက်ကိုင်များကို ဖမ်းဆီးခွင့် မရှိပေ။ ဖရီးဂိတ်သင်္ဘောမှ ကပ္ပတိန်ဖြစ်သူက ၎င်းတို့အနေနှင့် ထိုဒေသတွင် ပင်လယ်ဓားပြတိုက်မှု မဖြစ်အောင် ဆောင်ရွက်ရုံသာရှိကြောင်း၊ ထိုဓားပြများသည် သင်္ဘောတစ်စင်းကို တိုက်ခိုက်နေသည်ကို မမြင်သ၍ မိမိတို့အနေနှင့် ၀င်ရောက်အရေးယူ ဆောင်ရွက်ခွင့်မရှိကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။ Source: DailyMail
*** အမေရိကန်သို့ရောက်နိုင်သည့် ဒုံးကျည်စမ်းသပ်ရန် မြောက်ကိုရီးယား ပြင်ဆင်နေ…
အမေရိကန်ကမ်းခြေထိ တိုက်ရိုက်ပစ်ခတ်နိုင်ဖွယ်ရှိသော တာဝေးပစ် ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်ခတ်ရန် မြောက်ကိုရီးယားက ပြင်ဆင်နေကြောင်း သိရသည်။ အဆိုပါ မဟာဗြူဟာ ဒုံးကျည်ကို စမ်းသပ်ရန်အတွက် ပြုံယမ်းအစိုးရက အဓိကထား ဆောင်ရွက်နေပြီး ယခုလအတွင်း အပြီးသတ် စမ်းသပ်နိုင်ရန် အားထည့်ကြိုးပမ်းနေကြောင်း သတင်းများက ဖော်ပြလျက်ရှိသည်။ မကြာသေးမီ ကာလများအတွင်း တောင်နှင့်မြောက် ကိုရီးယားနိုင်ငံများ ဆက်ဆံရေး တင်းမာလာချိန်တွင် တောင်ကိုရီးယားနှင့် အမေရိကန် စစ်တပ်များက နှစ်နိုင်ငံ နယ်နိမိတ်အနီးတွင် စစ်ရေးအရ တပ်လှန့်မှုများ ပြုလုပ်ထားသလို တောင်ကိုရီးယား ရေတပ်ကလည်း ၎င်းတို့တပ်မတော်၏ နည်းပညာ အဆင့်အတန်း အမြင့်မားဆုံး ဒုံးကျည်တင် တိုက်သင်္ဘောကို ပင်လယ်ဝါအတွင်း စေလွှတ်ထားသည်။ ထိုအခြေအနေများတွင် မြောက်ကိုရီးယားဘက်က ၎င်း၏ လက်နက်အင်အားကို ထုတ်ဖော်ပြသသည့်အနေနှင့် တာဝေးပစ် ဒုံးကျည်တစ်စင်း ပစ်လွှတ်ပြရန် ကြိုးစားလာခြင်းဖြစ်သည်။ မြောက်ကိုရီးယားသည် ဧပြီလအတွင်းကလည်း တာဝေးပစ် ဒုံးကျည်တစ်စင်းကို ဂျပန်နိုင်ငံအား ကျော်ဖြတ်ပြီး အစမ်းပစ်လွှတ်ခဲ့သေးသည်။ ကမ္ဘာ့လက်နက်အင်အားကြီး ကွန်မြူနစ် နိုင်ငံတော်သည် မေလ(၂၅)ရက်နေ့က အနုမြူဗုံးတစ်လုံး စမ်းသပ်ဖောက်ခွဲခဲ့ပြီးနောက်ပိုင်း တောင်ကိုရီးယားကို ခြိမ်းခြောက်သည့်အနေနှင့် တာတိုပစ် ဒုံးကျည်(၂)စင်းကို ပစ်လွှတ်ပြခဲ့သေးသည်။ ICBMခေါ် အဆိုပါ ဒုံးကျည်ကို ဂျပန်နိုင်ငံပေါ်မှ ပစ်လွှတ်ခဲ့မှုအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ချိန်တွင် မြောက်ကိုရီးယားက ပိုမိုတင်းမာစွာ တုန့်ပြန်သည့်အနေနှင့် မြေအောက်တွင် နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲခဲ့သည်။ ယခုတစ်ကြိမ် ပစ်လွှတ်မည့် တာဝေးပစ်ဒုံးကျည်သည် မြောက်ကိုရီးယား၏ အဓိက နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်ရာ ယွန်ဗြွန်းမှ အနောက်ဘက် ကီလိုမီတာ (၉၀)ခန့်မှ ဖြစ်လာနိုင်ဖွယ်ရှိသည်။ ထိုဒုံးကျည်ကို ပစ်လွှတ်ရန် အသင့်အနေအထားသို့ ရောက်လုနီးပြီဖြစ်ကြောင်း မြောက်ကိုရီးယားက ကြေညာထားပြီး အဆိုပါကြေညာချက်သည် ဒေသတွင်း နိုင်ငံများဖြစ်သော ဂျပန်နှင့် တောင်ကိုရီးယားတို့အတွက် အလွန်ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေခဲ့ကြောင်း သတင်းရရှိသည်။ Source: DailyMail
*** သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ အထပ်မြင့် အဆောက်အအုံကို ပြင်သစ်လူမျိုး ပင့်ကူလူသားတက်ရောက်…။
(ဆစ်ဒနီ၊ ဇွန် ၂ရက်)
ကမ္ဘာ့ ရာသီဥတုပြောင်းလဲလာသည့် အခြေအနေကို ပြည်သူအများ ဂရုပြုအလေးထားလာစေရန် ကြိုးပမ်းသောအားဖြင့် ပြင်သစ်နိုင်ငံမှ ပင်ကူလူသားအဖြစ်သိများသူ စွန့်စားရေးသမားတစ်ဦးသည် ဆစ်ဒနီမြို့ရှိ ၄၁-ထပ်မြင့်အဆောက်အအုံကို ကရိယာမသုံးပဲ လက်ဗလာ သက်သက်နှင့် တက်ရောက်ခဲ့သည်။ ယင်းသည် ကမ္ဘာ့နိုင်ငံတော်တော်များများရှိ အထပ်မြင့်အဆောက်အအုံ ၈၀-ကျော်ကို တက်ရောက်ခဲ့သူ လူစွန့်စား (အယ်လ်လိန်းရောဘတ်)ဆိုသူဖြစ်သည်။ ယင်းသည် ကြိုးနှင့် ကရိယာတန်ဆာပလာမသုံးပဲ ဆစ်ဒနီမိုးမျှော်တိုက်ကို တက်ပြခြင်းဖြစ်သည်။ ထိုလုပ်ဆောင်မှုကို လူပေါင်း ၂၀၀-ခန့်က တအံ့တသြကြည့်ရှုခဲ့ကြသည်။ ကြည့်ရှုသူများငြောင့် လမ်းပိန်ဆို့သွားသဖြင့် ရဲတပ်ဖွဲ့က ထိုနေရာပတ်ဝန်းကျင်ရှိ လမ်းကိုပိတ်ထားလိုက်ရသည်။ ရောဘတ်ဆင်းလာသောအခါ ယင်းအား အသင့်စောင်နေသော ရဲများကဖမ်းဆီးလိုက်သည်။ အမေရိကန်ပြည်ရှိ ထင်ရှားသော ၁၀၂-ထပ်မြင့် အင်ပါယာစတိတ်အဆောက်အအုံ၊ အထပ် ၁၀၈-ထပ်ရှိ ဆီယားတာဝါနှင့် အလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှ် ၈၈-ထပ်ရှိ ပက်ထရိုနောစ်တာဝါများကိုလည်း ရောဘတ်က ထက်ရောက်ခဲ့ပြီး ဖြစ်သည်။ (အင်တာနက်)
*** ပြင်သစ်ဟိုတယ်မှာ ချစ်သူကိုသတ်ပြီး ထွက်ပြေးသူဟု မသင်္ကာရသူအား ဗြိတိန်နိုင်ငံမှာ ဖမ်းဆီးရမိ…။
(လန်ဒန်၊ ဇွန် ၂ရက်)
ပြင်သစ်နိုင်ငံ ဟိုတယ်တစ်ခုတွင် ချစ်သူသန်းကြွယ်သူဌေးအမျိုးသမိးအား သတ်ပြီးထွက်ပြေးသူဟု မသင်္ကာရသူ ဗြိတိန်စီးပွားရေးလုပ်ငန်းရှင်အား ဗြိတိန်နိုင်ငံ၊ ချက်ရှိုင်းယားဝုဒ်အရပ်၌ ရဲများက ဖမ်းဆီးလိုက်သည်။ ယင်းတို့နှစ်ဦးသည် တစ်ညလျှင် အခန်းခပေါင်း (၁၀၀၀)ပေးရသော ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ လီဘရစ်စတော့ဟိုတယ်လ်တွင် တည်းခိုခဲ့ကြသည်။ ထိုအခန်းတွင်ပင် အသတ်ခံရသူ ဖိုလန်သန်းကြွယ်သူဌေးမ (ကင်ဝါလိပ်).၏ အလောင်းကို ဇွန်လ ၂ရက်နေ့က တွေ့ရှိရပြီး လူသတ်မှုဖြင့် မသင်္ကာရသူ အီရန်ဂရစ်ပင်မှာ ပျောက်ဆုံးလျက်ရှိသည်။ သေဆုံးသူ ပိုလန်သန်းကြွယ်သူဌေးမသည် အသက် ၃၆-နှစ်ရှိပြီး သူမ၏ အလောင်းကို ယင်းတို့တည်းခိုသော အခန်းရှိ ရေချိုးခန်းအတွင်း၌ ထုရိုက်ခံထားရသည့် ဒဏ်ရာများဖြင့် အခန်းသန့်ရှင်းသူက တွေ့ရှိခဲ့သည်။ (အင်တာနက်)
*** တောင်အာဖရိကမှ ရွှေတွင်းမီးလောင် ၃၆-ဦးသေဆုံး…
(ဂျိုဟန်နက်စ်ဘတ်၊ ဇွန် ၃ရက်)
တောင်အာဖရိကနိုင်ငံ ဟာမိုနီရွှေတူးဖော်ရေး ကုမ္ပဏီ၏ အသုံးမပြုတော့ပဲ ပစ်ထားသော မိုင်းတွင်းများစွာအနက်မှ တခု၏ မြေအောက်လိုဏ်ခေါင်းအတွင်း မေလ ၃၁ရက်နေ့က မီးလောင်သဖြင့် တရားမ၀င်ရွှေတူးသမားအနည်းဆုံး ၃၆-ဦးသေဆုံးကြောင်း၊ အခြားရွှေရှာဖွေနေသူများအတွက်လည်း အလွန်အန္တရာယ်များကြောင်း ကုမ္ပဏီက ပြောကြားသည်။ ဖရီးစတိတ်ပြည်နယ်အလယ်ပိုင်း၊ အီလန်ဥမင်အတွင်းတွင် တရားမ၀င်ရွှေခိုးတူးသူများ သေဆုံးကုန်ကြသည်ဟု ကမ္ဘာမှာ ရွှေထုတ်လုပ်သူ အဆင့် ၅ရှိ ဟာမိုနီကုမ္ပဏီက ပြောဆိုသည်။
*** တောင်ကိုရီးယားနှင့် အာဆီယံရင်းနှီးမြုပ်နှံမှု စာချုပ်လက်မှတ်ထိုး…။
(သိုဗွီပို၊ ဇွန် ၃ရက်)
တောင်ကိုရီးယားနှင့် အရှေု့တောင်အာရှနိုင်ငံများတွင်း (အာဆီယံ)အဖွဲ့ဝင် ၁၀-နိုင်ငံတို့သည် ရင်းနှီးမြုပ်နှံမှုတိုးတက်စေရန် သဘောတူညီချက်ကို ဇွန် ၂ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြသည်။ အာရှတွင် စတုတ္တစီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သော တောင်ကိုရီးယာနိုင်ငံအား ထိုသဘောတူညီချက်စာချုပ်က လူဦးရေ သန် (၆၀၀)ရှိသော စုစုပေါင်းထုတ်ကုန် ၁ ဒဿမ ၃ ထရီပီယံရှိသည့် ဈေးကွက်ကို လွယ်ကူစွာ ရရှိမည်ဖြစ်သည်။ တောင်ကိုရီးယားနှင့် အာဆီယံတို့သည် ၂၀၀၅-ခုနှစ် သြဂုတ်လတွင် ကုန်ပစ္စည်းလွတ်လပ်စွာ ရောင်းဝယ်ရေးစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။ (ရိုက်တာ)
*** ဗီတာမင် (ဒီ)သည် စိတ်ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ဟုဆို…။
(လန်ဒန်၊ ဇွန် ၂ရက်)
နေရောင်ခြည်မှ ဗီတာမင်များစွာရရှိခြင်းသည် အသက်အရွယ်ကြီးရင့်ချိန်တွင် စိတ်ပေါ့ပါးသွက်လက်ထက်မြက်မှုကို ပေးနိုင်သည်။ ဗီတာမင်(ဒီ)သည် သက်ကြီးရွယ်အိုများတွင် စိတ်ကျန်းမာစေရန် အကူအညီပေးနိုင်သည်ဟု အင်တာနက်သတင်းမှာ ဖော်ပြသည်။ နေရောင်ခြည်ကို လုံလောက်စွာ မရရှိသော သူတို့သည် ဦးနှောက်မှတ်ဥာဏ်စွမ်းရည် လုပ်ငန်းများ ပြည့်စုံစွာ လုပ်ဆောင်နိုင်ရန်အတွက် အပိုဖြည့်စွက်မှုများကို အသုံးပြုဖွယ်ရှိသည်ဟု မန်ချက်စတာတက္ကသိုလ်မှ ဒေးဗစ်လီနှင့်အဖွဲ့က လေ့လာတွေ့ရှိခဲ့သည်။ နေရောင်ခြည်နှင့် အရေပြားထိတွေ့သောအခါ ခန္ဓာကိုယ်မှ လက်ခံရရှိသော ဗီတာမင်(ဒီ)ကို ငါးအဆီကဲ့သို့ အစားအစာများတွင် တွေ့ရသည်။ (အင်တာနက်)
*** အင်ဒိုနီးရှားမှာ အရှေ့တောင်အာရှဒေသ အရှည်ဆုံးတံတား ဖွင့်လှစ်ပြီ...

No comments:
Post a Comment