ယနေ့ကမ္ဘာမှာ စိုးရိမ်စရာ ကောင်းလာတဲ့ ကမ္ဘာ့လူတုပ်ကွေးရောဂါနဲ့ ပတ်သက်လို့ လိုက်နာဆောင်ရွက်ဖို့အတွက် ဒီလို လုပ်ကြရင် လုံခြုံစိတ်ချရမယ်ခင်ဗျ…။ လင်္ကာအတိုအထွာလေးတွေနဲ့ မြန်မာပြည်သားကတင်ပြရရင်ဖြင့်….။
“တုပ်ကွေးလူနာ၊ ပါး- နှာ စည်းပေးပါ…”
(တုပ်ကွေးရောဂါဖြစ်ပွားနေသူ လူနာကို ပါးစပ်စည်း၊ နှာခေါင်းစည်း တို့ကို တပ်ဆင်ပေးရပါတယ်)
“အနီးစောင့်ရှောက်၊ ပါး- နာပေါက်၊ လက်ရောက် ၀တ်ဆင်၊ လုံခြုံချင်…”
အနီးကပ်စောင့်ရှောက်သူတွေဟာ (ဖျားနာသူနဲ့ ၆-ပေအတွင်း) ပါးစပ်ပေါက်၊ နှာခေါင်းပေါက်တွေကို အစည်းတွေ၊ လက်ကိုလည်း လက်အိတ်တွေ ၀တ်ဆင်ရပါမယ်။ ဖြစ်နိုင်မယ်ဆိုရင် ပလတ်စတစ်ရင်ကာ၊ ခါးစည်း (Apron) ကိုလည်း အသုံးပြုနိုင်ပါတယ်။
“လူနာသုံးပြီး၊ ထိုပစ္စည်း၊ စိမ်နည်းသေချာ၊ ရေနွေးမှာ…”
လူနာရဲ့အသုံးအဆောင်ပစ္စည်းတွေ၊ အသုံးပြုပြီးတဲ့ ပါးစပ်၊ နှာခေါင်းအစည်းတွေ၊ လက်အိပ်တွေကို (၀.၅)ရာခိုင်နှုန်း available chlorine ရရှိစေဖို့အတွက် Bleaching Powder ဟင်းစားဇွန်း ၂-ဇွန်းကို ရေ ၁-လီတာဖြင့် ဖျော်စပ်ပြီး မီနစ် ၃၀-ကြာ စိမ်ထားရပါမယ်။ မရှိရင်တော့ ရေနွေးနဲ့ပဲ ပြုတ်လျှော်ရပါမယ်။
“ပြုစုပြီးခါ၊ လက်ဆေးပါ၊ (အရက်ပြန်ကို သုံးစွဲရာ)…”
လူနာကို ပြုစုပြီးတဲ့အခါ မိမိရဲ့ လက်ကိုသေချာအောင် ဆေးကြောပေးရပါမယ်။ ဖြစ်နိုင်ရင် အရက်ပြန်ကို အသုံးပြုနိုင်ပါတယ်။
“အခြေအနေက ဘယ်သို့ ဘယ်လို၊ ပြုစုသူနဲ့ လူနာကို၊ ပို့ဆိုသတင်း၊ ဆက်သွယ်ခြင်းခင်ဗျ…”
(လူနာနဲ့ ပြုစုသူတွေဟာ သူတို့ရဲ့ကျန်းမာရေး အခြေအနေဟာ ဘယ်သို့ရှိတယ်၊ ဘယ်လိုရှိပါတယ် ဆိုတာတွေကို သက်ဆိုင်ရာ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးပေးခန်းတွေဆီကို ဆက်သွယ်ဖို့၊ သတင်းပို့ဖို့ မမေ့ကြပါနဲ့ အရပ်ကတို့….)
အကျိုးပြုတင်ပြသူ- မြန်မာပြည်သားစာစောင်နှင့် ဘလော့ဂ်
မှီငြမ်း- မြန်မာပြည်ကျန်းမာရေးဝန်ကြီးဌာန ကြေညာချက်
Public Health

No comments:
Post a Comment