ရှေးအခါက တောရွာကြီးတစ်ရွာတွင် အသက် ၆၀-နီးပါးရှိ လင်မယားနှစ်ဦး ရှိလေသည်။ သူတို့သည် ငယ်စဉ်ကပင် အကြင်လင်မယားအဖြစ် ပေါင်းသင်းလာခဲ့သော်လည်း အသက် ၄၀-နီးပါးခန့်တွင် သားတစ်ဦးတည်းသာ ထူးခြားစွာ ပေါ်ပေါက်ဖွားမြင်၍ ထိုးသားကလေးကို `မောင်ပေါ်ထူး´ဟု အမည်ပေးခဲ့ကြလေသည်။
မောင်ပေါ်ထူးသည် လိမ္မာဖြောင့်မတ်သူ ဖြစ်ရုံသာမက အလုပ်အကိုင်၌ ကျွမ်းကျင်ကျိုးနွံစွာ လုပ်ကိုင်လေ့ရှိသူ
ဖြစ်လေသည်။ တစ်နေ့သော် မိဘများက မောင်ပေါ်ထူးအား မိမိတို့သည် အသက်ကြီးရင့်လာသကဲ့သို့ အလုပ်အကိုင်၌ စွမ်းစွမ်းတမံ မလုပ်နိုင်တော့ပြီဖြစ်၍ မိဘများ အသက်ထင်ရှား ရှိနေစဉ်မှာပင် တစ်ဦးတည်းသော သားကို နေရာချထားပေးလို၍ အိမ်ထောင်ဖက်ရှာရန် ပြောလေသည်။
သို့မိဘများ ပြောသည့်နေ့မှစ၍ မောင်ပေါ်ထူးသည် ညနေ နေ၀င်ချိန် ထမင်းစားပြီးတိုင်း ကမန်းကတမ်း လှေကားလက်ဝါးရန်းကို လက်သုတ်ပြီး ဆင်းသွားလေသည်။ ညစဉ် ဤသို့ အိမ်လည်နေ၍ သီတင်းဝါလကျွတ်လျှင် မိမိ၏ သားအား အိမ်ထောင်ဖက်တောင်းရမ်းပေးရလိမ့်မည်။ လုပ်ဖော်ကိုင်ဖက်ချွေးမ သမီးတစ်ယောက် ရလိမ့်မည်ဟု မောင်ပေါ်ထူး၏ မိဘများက ထင်မှတ်ယုံကြည်နေကြသည်။ သားအား အိမ်ထောင်ချပြီးသော် မိမိတို့သားဘက်က ချို့ယွင်းချက်မရှိအောင် ပစ္စည်းဥစ္စာ ကိုင်းကျွန်းလယ်ယာများကို အားလုံးအပ်နှင်း၍ တင့်တောင်းတင့်တယ်ဖြစ်အောင် ပြုစုပျိုးထောင်ပေးမည်ဟုလည်း မောင်ပေါ်ထူး၏ မိဘများက တိုင်ပင်ထားကြလေသည်။သီတင်းကျွတ်သော်လည်း မော်ပေါ်ထူးသည် အိမ်ထောင်ပြုဖို့ရန်ကိစ္စနှင့် ပတ်သက်၍ မိဘများအား မတိုင်ပင် မပြောကြားပေ။ ထို့ကြောင့် အဖဖြစ်သူက မနေနိုင်၍ `အဘယ်သူတို့၏သမီး အဘယ်အမျိုးသမီးနှင့် အိမ်ထောင်ပြုဖို့ ရည်ရွယ်သနည်း´ဟု ဖွင့်မေးသော်လည်း မောင်ပေါ်ထူးက မည်သို့မျှ ပြန်မပြောဘဲ အဘဖြစ်သူအား ပြုံး၍ ကြည့်နေလေသည်။
မောင်ပေါ်ထူးသည် ရှေးကကဲ့သို့ပင် ညထမင်းစားပြီးတိုင်း အိမ်လည်သွားနေလေရာ တစ်နေ့သော် မောင်ပေါ်ထူး၏ ဖခင်သည် သားကိစ္စကို သိလိုဇော်ဖြင့် သားနောက်မှ နောက်ယောင်ခံပြီး လိုက်သွားလေသည်။
သားမောင်ပေါ်ထူးသည် မည်သည့်အိမ်သို့မျှမသွား မလည်ပတ်ဘဲ တစ်ရွာလုံးတွင် အချောမော အလှပဆုံး ပစ္စည်းဥစ္စာ အပေါများဆုံး မည်သည့်လူပျို ကာလသားမှ မကပ်နိုင်သော ရွာသူကြီး၏ သမီးကို သူကြီးအိမ်ရှေ့ မှောင်ရိပ်တစ်တုံးတစ်တုံးပေါ်မှ ထိုင်လျက် ချောင်းမြောင်းကြည့်နေသည်ကို တွေ့ရလေသည်။
ထို့ကြောင့် အဘဖြစ်သူသည် စိတ်ပျက်လက်ပျက်နှင့် အိမ်သို့ပြန်လာပြီး ဇနီးဖြစ်သူ အမယ်ကြီးအား “သီတင်းကျွတ်ရင်တော့ ချွေးမရရော့ အောက်မေ့တယ်၊ လက်စသတ်တော့ ငါ့သားသွားလေ့သွားလေ့နဲ့ တုံးတင်ကပြန်လာ´တာကိုး” ဟု ပြောဆို ညည်းညူရှာလေတော့သတည်း။
***လူထု-ဦးလှ**
***(မြန်မာ့ကျေးလက်ပုံပြင်များ)**

No comments:
Post a Comment