အခါတစ်ပါး ရွာတစ်ရွာတွင် မောင်ပညာဆိုသော သူတစ်ဦးရှိ၏။ မောင်ပညာသည် သူတတ်ကျွမ်းထားပြီးဖြစ် သော ဗေဒင်ပညာနှင့် ရွာစဉ်လျှောက်၍ သဒ္ဓါကြေးနှင့် ဗေဒင်ဟောပြီး ၀မ်းကျောင်းနေသူ ဖြစ်လေသည်။
ညဥ့်အချိန် နားနေသောအခါများ၌ သူသည် ရွာဦးရှိဘုန်းတော်ကြီးကျောင်းများ၌ ၀င်ရောက်တည်းခိုလေ့ရှိတတ် သည်။
သူ၏ ဇာတိရွာ၌ တစ်လခန့် နေပြီးသောအခါ မောင်ပညာသည် သူမရောက်ရလေသေးသော ရွာများဆီသို့ ခရီး တစ်ဖန် လှည့်ပြန်သည်။

တစ်ရွာနှင့်တစ်ရွာအကူး ခရီးကွာလှမ်းပြီး မုန့်ပဲသရေစာသည်များကို မတွေ့ရသောအခါများ၌ မောင်ပညာသည် ဆာလောင်မွတ်သိပ်ခြင်းဒဏ်ကို ခံရလေသည်။
ယနေ့လည်း မောင်ပညာသည် မည်သည့် အစားအစာကိုမှ မစားခဲ့ရသေးသဖြင့် ဆာလောင်မွတ်သိပ်ခြင်းပြင်းစွာနှင့် ခရီးနှင်၍ လာခဲ့ရသည်။ အတန်ငယ်သွားမိသော် ဗျောသံစည်သံများကို ကြားရ၍ `ရှေ့ကရွာ၌ကား အလှူကြီးပေးနေမည် အမှန်ပင်ဖြစ်သည်။ အလှူအိမ်သို့ ရောက်လျှင်ကား ထမင်းအ၀စားရတော့မည်´ဟု ကြံစည်လျက် ခြေလှမ်းသွက်သွက်နှင့် ရွာထဲသို့ ၀င်လာခဲ့သည်။
ရွာတံခါးဝသို့ရောက်သည်ဆိုလျှင်ပင် သူ ယခင် ၅-နှစ်ကျော်အခါက တစ်ခေါက်ရောက်ဖူးပြီးဖြစ်သော `ပိတ္တော´ ဆိုသော ရွာကြီး ဖြစ်နေမှန်း သိလေတော့သည်။
ရွာလယ်သို့ ရောက်သောအခါ သူထင်သည့်အတိုင်းပင် အလှူပွဲနှင့် ပက်ပင်းပါတိုးမိသည်။ စည်ကားသိုက်မြိုက်စွာ လှူဒါန်းကျွေးမွေးနေသော မဏ္ဍပ်အတွင်းသို့ ၀င်၍ သူ့အား ထမင်းတစ်နပ် ကျွေးကြရန် ပြောကြားသောအခါ-
`ဧည့်ကောင်း၊ ဧည့်မွန်များကို ကျွေးမွေးနေရာ၌ လာ၍မရှုပ်ပါနှင့်´ဟု ပြောဆိုကာ ရွာသားအပေါင်းက သူ့အား ၀ိုင်းဝန်း မောင်းနှင်လိုက်ကြသည်။
အစားအစာများကို မြင်နေရပါလျက်နှင့် မစားရဖြစ်နေသော မောင်ပညာက-
`ဟေ့ ငါ့ကို ထမင်းမကျွေးချင်ကြတဲ့လူတွေ၊ မင်းတို့ရဲ့ရွာကြီးကို `သဝေထိုး´ဖျက်ပစ်လိုက်မယ်ကွနော်´ဟု စိတ်ထိခိုက်လှစွာနှင့် လက်သီးလက်မောင်းတန်း၍ ကြုံးဝါးလိုက်ပြီး ရွာပြင်သို့ ထွက်လာခဲ့သည်။
သူထွက်သွား၍ မကြာမီမှာပင် ရွာသားအချင်းချင်း ခေါင်းချင်းရိုက်ကြတော့သည်။
`တို့ရွာကို သဝေထိုးဖျက်မယ်တဲ့၊ တစ်ရွာလုံးကို သဝေထိုးဖျက်နိုင်လောက်လောင် သူ့မှာ နောက်လိုက်တွေနဲ့များလေလား၊ သို့တည်းမဟုတ် ဆင်းရဲသားဟန်ဆောင်၍ လာသောမင်းစိုးရာဇာများလေလား၊ ငါတို့တစ်တွေ အမြန်လိုက်ပြီး တောင်းပန်လေမှ တော်မည်ထင်သည်´ဟု တိုင်ပင်ကြလေသည်။
အပြေးအလွှား လိုက်၍လာကြသော ရွာသားများက မောင်ပညာကို မှီလာသောအခါ
`အို… အရှင့်သား ပွဲတော်တည်ရန် ကြွတော်မူပါ´ဟု အယောင်ယောင် အမှားမှားနှင့် တိုးလျှိုး တောင်းပန်ကြတော့သည်။
အင်မတန် ဆာလောင်နေပြီဖြစ်သော မောင်ပညာသည် မငြင်းဆန် ဟန်မလုပ်နိုင်ဘဲ ရွာဆီသို့ လိုက်၍ လာခဲ့သည်။
အလှူအိမ်အရောက်တွင် မောင်ပညာအား အ၀အလင် ကျွေးမွေးကြသည်။ ထို့နောက် မောင်ပညာက အေးဆေးစွာနှင့် လက်ဖက်ရည်ကြမ်းသောက်နေသောအခါ-
`ကျေနပ်ပါလေတော့ အရှင့်သား ကျွန်တော်မျိုးကြီးများ၏ ရွာကို သဝေထိုးမဖျက်ပါလေနှင့်၊ ကလေးရော လူကြီးပါ အားလုံးသေကြေပျက်ပြုန်း၍ ရွာကြီးကောသွားမည်ကို ကျွန်တော်မျိုးများ ကြောက်ရွံ့လှပါသည်´ဟု ထပ်မံ၍ တောင်းပန်ကြပြန်သည်။
ထိုအခါ မောင်ပညာက `ကျွန်ုပ်ပြောခဲ့သည့် သဝေထိုးဖျက်မည်ဆိုသည်ကို ကြောက်နေကြဟန်တူသည်၊ လူစုလူဝေးနှင့် လာရောက်၍ ရွာကိုများ ဖျက်ဆီးချေမှုန်းပစ်လေမည်လားဟု တွေးနေကြသည် ထင်ပါသည်။ စိုးရိမ်ကြောင့်ကြ မဖြစ်ကြပါနှင့်၊ ကျွန်ုပ်ဆိုလိုသည်မှာ လောလောဆယ်အတွက် မဟုတ်ပါ၊ တမလွန်အတွက်သာလျှင် ဖြစ်ပါသည်။ အဆွေတို့သည် အလှူကြီးကို ပေးနေကြသူများ ဖြစ်ကြသည်။ အလှူခံပုဂ္ဂိုလ်ဟူသမျှအား မကျွေးမွေးပါဘဲနှင့် မောင်းနှင်၍သာ ထုတ်နေကြမည်ဆိုပါက အဆွေတို့ရွာ၏ အမည်ဖြစ်သော မိတ္တောကို စာလုံးပေါင်းသတ်ပုံနှင့် မြေကြီးထက်၌ ရေးစမ်း၍ကြည့်ကြပါလေ၊ ထို့နောက် ရေစသားထားသည့် စာအနက်မှ သဝေထိုးကို ဖျက်၍ ဖတ်သော် `မိတ္တာ´ဟူ၍ ဖြစ်သွားမည် အမှန်ပင်ဖြစ်သည်။ ကျွန်ုပ်ဆိုလိုသည်မှာ စေတနာမမှန်လျှင် တမလွန်၌ ပိတ္တာ ဖြစ်ကုန်ကြလိမ့်မည်ဟုသာ သတိပေးစကား ပြောကြားခြင်းမျှသာ ဖြစ်ပါသည်´ဟု ရှင်း၍ ပြလိုက်လေသည်။
ထိုအခါကျမှပင် ရွာသားအပေါင်းသည်- `ပိတ္တောကို သဝေထိုးဖျက်တော့ ပိတ္တာဖြစ်တယ်ဆိုတာ ဟုတ်ပေတာပဲ၊ ဒီသဝေထိုး ဖျက်ကာမျှနှင့် သံသရာတွင် နစ်မွန်းရမည် အမှန်ပါတကား´ဟု ခေါင်းညိတ်လည်ညိတ်နှင့် တရားသံဝေ ရကြလေတော့သတည်း။
***လူထု-ဦးလှ***
***မြန်မာ့ရိုးရာ ကျေးလက်ပုံပြင်များ***

No comments:
Post a Comment