ရှေးအခါက ဘိုးသူတော်တစ်ယောက်ရှိ၏။ ထိုဘိုးသူတော်သည် တစ်နေ့သော် ခရီးထွက်သွားလေသည်။ လမ်းခရီး၌ ညဥ့်ချမ်းချိန် ရောက်လာသဖြင့် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွင် ၀င်ရောက်တည်းခိုလေသည်။ ထိုတည်းခိုသော ဘုန်းတော်ကြီးကျောင်းတွင်လည်း ဘိုးသူတော် တစ်ယောက်ရှိသည်။ ဘိုးသူတော်နှစ်ယောက်စလုံးပင် ပညာလုံးဝမတတ်ကြချေ။ ရှေးအခါက ဘိုးသူတော်အချင်းချင်း၊ လူအချင်းချင်း တွေ့ဆုံကြသည့်အခါ တစ်ဦးနှင့် တစ်ဦး ပညာပေးလေ့ ဥာဏ်စမ်းလေ့ရှိကြသည်။ ဧည့်သည်ဖြစ်သော ဘိုးသူတော်ကလည်း ပညာမတတ်၍ ကျောင်းခံဘိုးသူတော်က ပညာဆွေးနွေးမည်ကို
စိုးရွံ့နေလေသည်။ ထိုနည်းတူ ကျောင်းခံဘိုးသူတော်ကလည်း ဧည့်သည် ဘိုးသူတော်က ပညာဆွေးနွေးမည်ကို စိုးရွံ့နေတော့သည်။
ကျောင်းခံဘိုးသူတော်သည် ပညာဥာဏ်ဆွေးနွေးမှုကို အချိန်ရွှေ့လိုသောအားဖြင့် `ဦးသူတော်လာရတာ ခရီးပန်းလှတယ်၊ အမောဖြေအိပ်ပါဦး၊ နောက်နေ့မှ ဆွေးနွေးကြတာပေါ့´ဟု ဧည့်သည် ဦးသူတော်အား ပြောဆိုကာ အိပ်ရာထိုင်ခင်း ခင်းကျင်းဧည့်ဝတ်ပြုလေသည်။
ဧည့်သည် ဘိုးသူတော်လည်း ၀မ်းမြောက်ဝမ်းသာဖြင့် ဆွေးနွေးမှု ရွှေ့ဆိုင်းခြင်းကို လက်ခံသဘောတူလိုက်လေသည်။
နောက်နေ့ နံနက်အိပ်ရာမှထကြသောအခါလည်း ဘိုးသူတော်နှစ်ဦးလုံး ပညာဆွေးနွေးရမည်ကို ကြောက်ရွံ့စိုးရိမ်နေကြလေသည်။ ထို့ကြောင့် ကျောင်းခံဘိုးသူတော်က `ဦးသူတော် ဒီနေ့မနက် ဆွမ်းလောင်းရှိတယ်။ ဆွမ်းခံသွားလိုက်ဦးမယ်၊ အပြန်မှ ပညာဆွေးနွေးကြတာပေါ့´ဟု ပြောဆိုကာ အချိန်ရွှေ့လိုက်ပြန်သည်။ ဧည့်သည် ဘိုးသူတော်လည်း သဘောကျဖြစ်သွားကာ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေလေသည်။
ကျောင်းခံဘိုးသူတော် ဆွမ်းခံမှ ပြန်ရောက်သောအခါ `ဦးသူတော် ဆွမ်းခံကရလာတဲ့ မုန့်တွေစားပါဦး၊ စားပြီးမှ ပညာဆွေးနွေးကြတာပေါ့´ဟု ဆိုကာ မုန့်ဆီကြော်၊ မုန့်လေပွေ၊ ပေါက်ပေါက်ဆုပ်များကို တည်ခင်းကျွေးမွေးလေသည်။
စားသောက်ပြီးကြသောအခါတွင်လည်း `ဖြည်းဖြည်းတော့ ဆွေးနွေးကြတာပေါ့´ဟု နှစ်ဦးသဘောတူ ဆုံးဖြတ်ကြပြီး တစ်ရေးတစ်မော နားနေအိပ်စက်လိုက်ကြတော့သည်။
အိပ်ရာမှ နိုးကြသောအခါ ဧည့်သည်ဘိုးသူတော်က `ကျုပ်ခရီးဆက်စရာရှိသေးတယ် ဦးသူတော်ရေ့ သွားဦးမှ´ဟု ဆိုကာ ခရီးဆက်ရန် ပြင်တော့သည်။ ကျောင်းခံဘိုးသူတော်လည်း ဆွေးနွေးမှု မပြုဖြစ်တော့မှာမို့ ကြိတ်၍ ၀မ်းသာနေ၏။ ဧည့်သည် ဘိုးသူတော်ကိုလည်း ကျောင်းပေါက်အထိ လိုက်ပို့လိုက်၏။ နှစ်ဦးစလုံးက အသီးသီး နှုတ်ဆက်ကြပြီး ဆွေးနွေးခြင်းမပြုလျှင် မကောင်းသေးပါဘူးဟု နှစ်ဦးစလုံး ယူဆကြသည့်အလျောက် ကျောင်းခံဘိုးသူတော်က `ဦးသူတော်ရေ ကျုပ်တို့ ခွဲကာနီး ဆွေးနွေးကြစို့ရဲ့ဟု စကားစပြီး မြေကြီးပေါ်တွင် တုတ်တစ်ချောင်းနှင့် စက်ဝိုင်းရေးဆွဲလိုက်ကာ `ကိုး… ဒါဘာလဲ ဦးသူတော် ဖြေပေတော့´ဟု ဆက်၍ မေးမြန်းလိုက်သည်။
ဧည့်သည်ဦးသူတော်လည်း အကြံရကြပ်ကာ မည်ကဲ့သို့ဖြေရမည်ကို စဉ်းစားကြံဆနေလေ၏။ ထိုသို့ စဉ်းစားရင်း နံနက်က စားခဲ့သော မုန့်ဆီကြော် ၀ိုင်းဝိုင်းကြီးကို သွား၍ သတိရသဖြင့် `ဆွမ်းလောင်းကရလာတဲ့ မုန့်ဆီကြော်အ၀ိုင်းကြီးပေါ့ဗျာ´ဟု ပြန်ဖြေလိုက်လေသည်။
မေးလိုက်သော ကျောင်းခံဦးသူတော်ကလည်း မေးစရာမရှိ၍သာ ကြံဖန်မေးလိုက်ရသည်။ ဘာမျှ အဓိပ္ပါယ်လေးနက်မှုမထား၊ သို့နှင့် ဧည့်သည်ဦးသူတော်၏ အဖြေကို ကြားရသောအခါ မှန်ကန်သောအဖြေကို ထောက်ခံလေဟန်ဖြင့် `သဘောချင်းနှောလိုက်လေ ဦးသူတော်ရယ်´ဟု ပြောဆိုရယ်မောလိုက်သဖြင့် ၂-ယောက်သား တဟဲဟဲ ဆက်ရယ်ကြပြီး နှုတ်ဆက် ခွဲခွာလိုက်ကြလေတော့သတည်း။
**လူထု-ဦးလှ**
***မြန်မာ့ရိုးရာ ကျေးလက်ပုံပြင်များ**

No comments:
Post a Comment