ရှေးသရောအခါ သူဌေးကြီးတစ်ဦးသည် ဖြောင့်မတ်ဖြူစင်သော တရားကိုကျင့်၏။ သတ္တ၀ါအပေါင်းတို့ကို ချစ်ခင်ကြင်နာသည့် သူဌေးကြီး၏အိမ်တွင် နူပျိုပြေပြစ်သော ချစ်ဇနီးနှင့် အိမ်တွင်မွေးထားသော သာလိကာတစ်ကောင်သာရှိ၏။ သူဌေးကြီး သင်ကြားပေးမှုကြောင့် တိရစ္ဆာန်ပင် ဖြစ်လင့်ကစား အတုမြင် အတတ်သင်ဆိုသလိုပင် သူဌေးကြီး ပြုကျင့်ပြုထုံးကို သာလိကာက အတုခိုးထားလေသည်။ သူဌေးကြီး ဘုရားရှိခိုးလျှင် သာလိကာသည် လိုက်ဆိုတတ်၏။ အမှန်တရား ကောင်းသောအမှုနှင့် မကောင်းသောအမှုကို သာလိကာသည် ခွဲခြားတတ်လေသည်။
တစ်နေ့တွင် သူဌေးကြီးမျက်ကွယ်၌ သူဌေးကတော်သည် ယောင်္ကျားတစ်ယောက်နှင့် မှားယွင်းနေလေ၏။ ထိုကိစ္စကို သူဌေးကြီးမသိသော်လည်း သာလိကာက သိနေ၏။ သာလိကာသည် တွေးတော၏။ “ငါသည် ဤအိမ်၌နေသည်။ ဤအိမ်တွင် တစ်စုံတရာဖြစ်သည်ကို မမြင်လို၊ မကယ်၍ ငါမြင်ရသည့်ကိစ္စကို သူဌေးကြီးအား ပြန်ပြောက ဤအိမ်ထောင်သည် မုချပင် ကစဥ့်ကရဲ ဖြစ်ပေတော့မည်။ သူဌေးကတော်သည်လည်း ဒုက္ခရောက်တော့မည်”ဟု စဉ်းစားပြီးလျှင် အကြံတစ်မျိုးထုတ်ကာ သူဌေးကတော်ကို သတိပေးသည့်အနေဖြင့် “တစ်ခက် တစ်ခက်”ဟု နေ့စဉ် အော်နေလေ၏။
ထိုအခါ သူဌေးကြီးသည် နေ့စဉ်ရက်ဆက် “တစ်ခက် တစ်ခက်”ဟု အော်နေသော သာလိကာအား မေးလေ၏။
သာလိကာသည် မဖြေကားဘဲ “တစ်ခက် တစ်ခက်”သာ ဆက်၍ အော်နေ၏။ သူဌေးကြီးသည် ပူပင်သောကရောက်၍ အခြေအနေ သိစိမ့်သောငှာ ရွာအတွင်းမှ ဆေးဆရာတစ်ဦးထံ သာလိကာကို ခေတ္တပို့ထားလေ၏။ သို့သော် သာလိကာ၏ အခက်ရောဂါမှာ မပျောက်ကင်းပေ။ ဆေးဆရာသည် မိမိဇနီးမရှိခိုက် ဆေးလာကုသော မိန်းမတစ်ဦးနှင့် ဖောက်ပြားနေလေ၏။ ထိုအခါ သာလိကာသည် “နှစ်ခက် နှစ်ခက်” ဟု အော်ပြန်၏။
ဆေးဆရာလည်း အံ့သြသွားလေ၏။ ထိုကြောင့် မိမိအိမ်ရောက်မှ တစ်ခက်တိုးနေသော သာလိကာကို သူဌေးကြီးထံ ပြန်အပ်လေသည်။ သူဌေးအိမ်သို့ ရောက်သောအခါ သာလိကာသည် “နှစ်ခက်”ဟု မဆိုတော့ဘဲ “တစ်ခက်”ဟုသာ ဆို၏။ များမကြာမီ သူဌေးကတော်သည် လင်ငယ်နှင့် လိုက်ပြေးလေ၏။ သူဌေးကတော်မရှိသော် သာလိကာသည် ၄င်း “တစ်ခက်”ကို မအော်တော့ပေ။ သူဌေးကြီးသည် ထိုအခါမှ သာလိကာ၏ “တစ်ခက်”ပြဿနာကို နားလည်တော့သတည်း…။
***လူထု-ဦးလှ**
***(မြန်မာ့ ကျေးလက်ပုံပြင်များ)***

No comments:
Post a Comment