လွန်ခဲ့သည့် ၂၅-နှစ်ခန့်က အညာရွာတစ်ရွာတွင် ဦးဖြူဆိုသော နွားအလွန် ၀ါသနာပါသည့် လူတစ်ယောက်ရှိသည်။ ဦးဖြူတွင် အလွန်ကောင်းသည့် နွားများရှိပြီး စကားစပ်မိတိုင်းလည်း နွားအကြောင်းချည်း ပြောလေ့ရှိလေသည်။
တစ်နေ့တွင် ယာတော၌ အလုပ်နားနေစဉ် အဖော်တစ်ဦးနှင့် နွားအကြောင်း စပ်မိစပ်ရာ ပြောနေသည်။ ထိုသို့ ပြောဆိုနေစဉ် ဦးနက်ဆိုသူနှင့် ဦးဥာဏ်ပိုင်ဆိုသူနှစ်ဦး ရောကရှိလာကြသည်။ ဦးဖြူ နွားအကြောင်းပြောနေသဖြင့် ဦးနက်ကလည်း ၀င်၍ သူ့တွင်လည်း နွားကောင်းတစ်ရှဉ်းရှိကြောင်း ပြောလေသည်။ ဦးဖြူကလည်း အားကျမခံ သူ့နွားများ ကောင်းကြောင်း
အာဘောင်အာရင်းသန်သန် ပြောဆိုလေသည်။ ဤတွင် ကြားမှ ဦးဥာဏ်ပိုင်က `ငါတော့ အချက်ရပြီ၊ ထန်းရည်သောက်ရအောင် ကြံဦီးမှပဲ´ဟု တွေးပြီး `ကဲ ခင်ဗျားတို့ ငြင်းခုံနေမဲ့အစား လက်တွေ့သိရအောင် ခင်ဗျားတို့နွားတွေ ပြိုင်လောင်းကြပါလား´ဟု ၀င်ရောက် အကြံပေးပြောဆိုလေသည်။ အကြံပေးပြောဆိုရင်း ဦးဥာဏ်ပိုင်သည် နှစ်ယောက်ကြားကနေပြီး နှစ်ယောက်စလုံးကို လက်ကုတ်နေသည်။ ညနေစောင်းသောအခါ၌ ရွာပြင်လှည်းလမ်းကြောင်းတွင် ယှဉ်ပြိုင်ကြရန် ပြင်ဆင်ကြတော့သည်။ လှည်းများကို နွားကနေစဉ် ဦးဥာဏ်ပိုင်သည် လှည်းနှစ်စီးကြားမှ ဦးနက်ရော ဦးဖြူကိုပါ လက်တကုတ်ကုတ်နှင့် ဖြစ်နေသည်။ သို့နှင့် လှည်းနှစ်စီး ပြိုင်ကြသောအခါ ဦးဖြူက နိုင်ပြီး ဦးနက်က ရှုံးသွားလေသည်။
နောက်တစ်နေ့တွင် ဦးဥာဏ်ပိုင်သည် အနိုင်ရသူ ဦးဖြူထံသွားပြီး `ဘယ့်နှယ်လဲ ဦးဖြူ ခင်ဗျား နိုင်တယ်မဟုတ်လား ကျွန်တော်အစကတည်းက သိလို့ ခင်ဗျားကို အပိုင်လက်ကုတ်ပြီး လောင်းခိုင်းနေတာဗျ´ဟု ပြောလေသည်။ ဦးဖြူမှာလည်း ဦးဥာဏ်ပိုင်ကြောင့် အနိုင်ရခြင်းဖြစ်သည်ဟု ကျေးဇူးတင်စကား တဖွဖွပြောဆို၍ ထန်းရည်များတိုက်လေသည်။
ဦးဖြူထံမှ ထန်းရည်သောက်ပြီးသောအခါ ရှုံးသူ ဦးနက်ထံ သွားပြန်၍ `ခင်ဗျားဗျာ ကျွန်တော်လက်ကုတ်ပြီး သတိပေးလျက်သားနဲ့ လောင်းတယ်။ တော်တော်ခက်တဲ့လူပဲ´ဟု ကရုဏာသံနှင့် ပြောလေ၏။ ဦးနက်မှာလည်း `အင်း သူသတိပေးလျက်သားနဲ့ ငါက ထွက်လောင်းမိတယ်။ အမှန်ကတော့ ငါမိုက်တာပဲ´ဟု နောင်တရပြီး ဦးဥာဏ်ပိုင်အား ကျေးဇူးတင်းစကားပြော၍ ထန်းရည်များ တိုက်ပြန်သည်။
နောက်တစ်နေ့ ယာတောတွင် ဦးဖြူနှင့် ဦးနက် တွေ့ကြပြီး နွားပြိုင်ပွဲနှင့် ပတ်သက်၍ စကားစပ်မိစပ်ရာ ပြောကြရာမှ ဦးနက်က သူ ဦးဥာဏ်ပိုင်၏စကား နားမထောင်မိ၍ မိမိရှုံးရကြောင်း ပြောပြလေ၏။ ဦးဖြူကလည်း သူ့အား ဦးဥာဏ်ပိုင် လက်ကုတ်၍ ယခုလို လောင်းဖြစ်ပြီးအနိုင်ရခြင်းဖြစ်သည်ဟု ပြောပြလေသည်။ ဤတွင်မှ ဦးဥာဏ်ပိုင်ကြားမှ အချောင် ထန်းရည်သောက်ရအောင် ကြံသွားပုံကို နှစ်ဦးသား ရိပ်မိကြလေသည်။
ထိုအချိန်မှစ၍ `လက်ကုတ်တိုင်း ကိုယ့်လူ မအောက်မေ့နှင့်´ ဟူသော စကားဖြင့် ရယ်စရာ ပြောလေ့ရှိကြလေသည်။
***လူထု-ဦးလှ***
***မြန်မာ့ရိုးရာ ကျေးလက်ပုံပြင်များ***…

No comments:
Post a Comment