ဟိုတုန်းက မင်းနေပြည်မြို့တစ်မြို့တွင် တောင်ပြင်သူဌေးနှင့် မြောက်ပြင်သူဌေးဟူ၍ ရှိကြ၏။ သူဌေးများမှာ ငယ်သူငယ်ချင်းများ ဖြစ်ကြသည့်အတိုင်း တစ်ဦးနှင့် တစ်ဦး မည်သူက သားမွေးမွေး၊ မည်သူက သမီးမွေးမွေး လက်ထပ်ထိမ်းမြားကြစတမ်းဟု ကတိထားရှိကြလေ၏။
တစ်နေ့သောအခါ တောင်ပြင်သူဌေးက သားယောင်္ကျားကလေး ဖွားမြင်ပြီး မြောက်ပြင်သူဌေးက သမီးမိန်းကလေး
ဖွားမြင်၏။ သို့ရာတွင် ကလေးနှစ်ယောက်လုံးမှာ နှုတ်ခမ်းပြတ်သူချည်း ဖြစ်နေသောကြောင့် စကားပြောသည့်အခါ မပီရှာကြပေ။
သူတို့နှစ်ယောက် အချိန်အရွယ်ရောက်သည့်အခါ နှစ်ဦးသဘောတူ ညမှာ လက်ထပ်ဖို့ စီစဉ်ကြ၏။ တစ်ယောက်အကြောင်း တစ်ယောက်ဘာမှမသိကြ၊ နေ့မှာ လက်ထက်လျှင် ယောင်္ကျားကလေးကလည်း သူ့နှုတ်ခမ်းကို မိန်းကလေးမြင်သွားလျှင် ခက်ရချည့်၊ မိန်းကလလေးကလည်း ယောင်္ကျားကလေးမြင်သွားလျှင် ခက်ရချည့်ဟုဆိုပြီး ကိုယ့်အကြံနှင့်ကိုယ် ညအချိန်တွင် လက်ထပ်ဖို့ သဘောတူခြင်းဖြစ်၏။
ဤသို့နှင့် မင်္ဂလာပွဲညမှာ သတို့သမီးနှင့် သတို့သားတို့ ထမင်းလက်ဆုံစားကြရာတွင် ၂-ဦးစလုံး ခေါင်းငုံ့ပြီး စားကြ၏။ သူတို့ထမင်းပွဲမှာပါသည့် ဟင်းချိုက တော်တော်ပူ၏။ ဟင်းချိုပူမှန်း မသိသောကြောင့် သတို့သမီးက ဇွန်းနှင့် ခပ်သောက်လိုက်၏။ သတို့သမီးက `ဟင်းချိုက ပူလိုက်တာ´ဟုပြောသည်မှာ မပီသောကြောင့် `ဟင်းချိုက ၀ူလိုက်တာ´ ဟူ၍ ဖြစ်သွားတော့၏။ ယောင်္ကျားကလေးက တစ်ခါ (ပူရင် မှုတ်သောက်ပေါ့´ဟု ပြောရာတွင် မပီသဖြင့် `၀ူရင် ၀ုတ်သောက်´ဖြစ်သွားလေ၏။
ဤသို့ဖြင့် တစ်ဦးနှင့်တစ်ဦး ကံတူအကျိုးပေး ဘ၀တူချင်းမှန်း သိကြပြီး ချစ်ခင်ကြင်နာစွာ ပေါင်းသင်းနေထိုင်ကြသော ဟူ၏။
***လူထု-ဦးလှ
***(မြန်မာ့ကျေးလက်ပုံပြင်များ…)**

No comments:
Post a Comment