ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တ၀ိုက်မှာ တခါတခါ ၀င်ဝ င်လာနေတဲ့ `တောကောင်သား´တွေ ရှိတတ်တယ်။ ရတတ်တယ်။ မြန်မာပြည် မြ၀တီ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့ ဘက်အခြမ်းက ၀င်လာတာရှိသလို မဲဆောက်မြို့ အရှေ့ဘက် ကီလိုမီတာ (၃၀)လောက်အကွာမှာရှိတဲ့ `တလာမူဆေးရွာကြီး´မှာလည်း `တောကောင်ဈေး´ရှိနေတာမို့ တလာမူဆေးကနေ ၀င်လာတတ်တယ်။ ရတတ်တယ်။ ဒါပေမယ့် တလာမူဆေးက ဈေးနဲ့မဲဆောက်က ဈေးနှုန်းချင်းကတော့ ဘယ်တူလိမ့်မတုန်းဗျ။
ကျုပ်ပြောချင်တာက ကိုယ့်ပုဆိုး ဘယ်လိုပေါင်ရကိန်းဆိုက်ခဲ့ရသလဲဆိုတာကို ရည်ညွှန်းချင်တာပါ။ အဲဒီတလာမူဆေးကို
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဖုတ်ချက်- ဖုတ်ချက်ကလေးနဲ့ မောစောဖော= ထိုင်းလူ့အခွင့်အရေးကော်မရှင် ယူနီဖောင်းကို ဆင်မြန်းရင်း ဂုရုဆန်တကိုယ်တည်း သီချင်းကလေးညည်းရင်း ရောက်ခဲ့ပါတယ်ဗျို့။ တလာမူဆေးရွာကြီးက တာ့ခ်မြို့ရဲ့ ခရီးတစ်ဝက်လောက်မှာဆိုတော့ ဖုတ်ချက်-ဖုတ်ချက်က အပြင်းနှင်ပါမှ တန်ကာကျတာပေါ့ဗျာ။ ဆိုကြပါစို့… ရောက်ပြီပေါ့ဗျာ။ အဲဒီဈေးထဲမှာ တောဝက်သား၊ ဆတ်သား၊ ချေ(ဂျီ)သား၊ ငှက်မျိုးစုံအသားတွေအပြင် ရှားပါးပန်းမျိုးစုံကိုပါ ရောင်းတဲ့ဆိုင်ကလေးနှစ်ဆိုင် လောက်လည်းရှိတယ်ဗျ။ ဂုရုဆန်က ရှိသမျှ၊ ပါသမျှဘတ်ငွေကလေးနဲ့ ချေ(ဂျီ)သား ကီလိုဝက်နဲ့ တောဝက်သား ကီလိုဝက် ၀ယ်ဖို့ပါ ကြံရွယ်ပြီး ဈေးထဲမှာ ငါးဘတ်ပဲ ဈေးပိုချိုချို။ ယုတ်စွအဆုံး နှစ်ဘတ်ပဲဈေးပိုချိုချိုပေါ့ဗျာ၊ ဘီးစိတ်တိုက်ပြီး ချစ်တီး ဂိုက်ကို ဖမ်းမယ်ကြံစည်တုန်းခဏမှာ အမယ်မင်း ရွာဟိုင်း(တာ့ခ်)မြို့သား ကျေးဇူးရှင်တစ်ယောက်ကို တေ့တေ့ဆိုင်ဆိုင် တွေ့ရတော့တာပဲဗျို့။ သူနဲ့၊ ကျုပ်နဲ့က ဆရာရင်း- တပည့်ရင်းတွေလေ။ တာ့ခ်ကို ကျုပ်သွားရင် သွားလေရာ စောင့်ရှောက်လိုက်ပါပြီး လိုတာကူညီသူလေ။
`ဟာ… ဆရာအကိုရေ၊ ဘတ် ၃၀၀ လောက် ခဏချေးပါဗျာ၊ ရှေ့နှစ်ရက်၊ သုံးရက်မှာ မဲဆောက်ကိုလာစရာရှိပါတယ်။ အဲဒီကျရင် ဆက်ဆက်ပေးပါမယ်။ လုပ်ပါဆရာရယ်…´
ဟိုက်ရှာလပတ်ရည်ရော၊ ဟိုက်… သရက်သီးရည်ပါ ဖြစ်ကုန်ပါပေါ့လား။ ကျုပ်မှာရှိတာက ဘတ် ၃၀၀-ထဲရယ်။ ဒါကိုသူ့ဆီပေးလိုက်ရင် ကျုပ်မှာ ဘာသွားသုံးရမလဲ။ လမ်းမှာထည့်ဖို့ ဆီဖိုး၊ တိုလီမိုလီ အဆာပြေစားဖို့ ဘတ်(၁၂၀)လောက်ရှိမှဖြစ်မှာပေါ့ဗျ။ ဘတ် ၃၀၀-ထဲရှိတာကို ကျန်တဲ့ငွေက တောဝက်သားနဲ့ ချေ(ဂျီ)သား ၀ယ်ဖို့ရည်ရွယ်ထားပါတယ်ဆိုနေမှ သင်း(ဒင်း)က လာချေးနေတော့ အဲဒါမှ ခွပဲဟေ့…။
လုပ်ပြန်ပြီ လူကိုဟိုဆွဲဒီဆွဲနဲ့ မြန်မာလိုချည်းတွင်တွင်ပြောနေတော့`လုံခြုံရေးအရ´ ထိုင်းလိုလို ဘာလိုလိုနဲ့ ဂိုက်ဖမ့်းထားတဲ့ ကျုပ်က ပြဿနာပဲခင်ဗျ။ လူရင်းလည်းဖြစ်ပြန်ဆိုတော့ သူ့ရဲ့လက်က ဟိုဆွဲဒီဆွဲနဲ့ (ကျိုက်ထီးရိုး ဘုရားဈေးက ဈေးခေါ်ကောင်မလေးတွေလိုတောင်ပြုန်းနတ်ပွဲနဲ့ ရတနာဂူနတ်ပွဲက မာမရှိန်းတွေလို) ဂုရုဆန်နဲ့ အဲဒီကောင်ဟာဖြင့် ၀ိုင်းထဲက ဆွဲထုတ်တမ်းကစားနေတဲ့ လူတွေပမာ ဟိုယိမ်း၊ ဒီနွဲ့နဲ့ ပတ်ဝန်းကျင်က မျက်လုံးတွေကို လှမ်းမကြည့်ရဲလောက်အောင် (ဒါတောင်ကြည့်ဖြစ်အောင် ကြည့်မိလိုက်တော့ ပြုံးစိစိမျက်နှာတွေ၊ ရီကြဲကြဲရုပ်လွှာတွေနဲ့) တကယ့်ကို ပွဲခံနေတာပါပဲဗျို့…။
ဒီတော့ကာ ဇာတ်လမ်းကို နိဂုံးချုပ်ရရင် သူ့ကို ဘတ် ၁၀၀-ပေးပြီး။ `ငါ့မှာ ဒါအကုန်ပဲ၊ ကျန်တာက တောကောင်သားစားဖို့နဲ့ ဒေသန္တရ ဗဟုသုတရမလား၊ အလုပ်သမားရေးရာဆွေးနွေးပွဲများ လုပ်ရမလားမှတ်တယ်။ မင်းက နအဖ-အလား ဓါးပြများလားကွာ၊ လစ်ပြီဟေ့။ မင်းနဲ့တွေ့မှပဲ နောက်ကြောင်းပြန်တပ်လန်ပြေးရတော့တယ်ဟေ့´ လို့ ပြောလည်းပြော၊ ဆိုင်ကယ်ထားရာကို ပြေးပြီး သကာလ၊ ၀တ္တ၊ ဒုက္ခ (ဟုတ်ကဲ့- ဒုက္ခမှာပဲ အဆုံးသတ်လိုက်ပါရစေ ပရိသတ်ရေ…..)
*** (ဆက်လက်ဖော်ပြပါမည်..)
***ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)
*** တာ(ခ်)မြို့က ပြန်ခဲ့တယ်၊ တလာမူဆေးက တောကောင်ဈေးကို ရောက်ခဲ့တယ်…

No comments:
Post a Comment