ရှေ့အခါက ရွာတစ်ရွာတွင် အလွန်ရိုးသော ဇနီးမောင်နှံနှစ်ယောက်ရှိ၏။ သူတို့တွင် သမီးကလေးတစ်ဦး ထွန်းကားရာ ထိုသမီးကလေးကို အရိပ်တကြည့်ကြည့်နှင့် နေကြလေ၏။ ထိုသမီးလေးအရွယ်ရောက်၍ အလှတိုးတုန်းအချိန်မှာပင် ဘယ်အတွက်ကြောင့် ဘယ်သို့ ဖြစ်သည်မသိ အပြင်းဖျားပြီး သေဆုံးသွားရှာလေသည်။
ဖခင်ဖြစ်သူသည် စိတ်ထိခိုက်သော်လည်း ယောင်္ကျားဖြစ်၍ သင်သလိုဟန်ဆောင်နိုင်သေးသော်လည်း ဇနီးဖြစ်သူမှာမူ မစားနိုင်
မသောက်နိုင် တငိုင်ငိုင် တမှိုင်မှိုင်ဖြစ်နေရှာသည်။ အသုဘ ပို့ချပြီးသည့်နောက် ၄-၅-ရက် ကြာသောအခါတိုင်အောင် ငိုငိုနေလေသည်။
ဇနီးသည်က သမီးကို ဤသို့ လွမ်းဆွတ်ပြီး ပရိဒေ၀မီး တောက်လောင်နေသည့်အတွက် ခင်ပွန်းဖြစ်သူမှာ ဘာမှ မယ်မယ်ရရ မလုပ်နိုင်ပေ။ ခုနစ်ရက်ခန့်ရှိသောအခါ ဇနီးသည် အလွမ်းနည်းနည်း လျော့သွားပြီဟု ယူဆသောကြောင့် ယောင်္ကျားဖြစ်သူသည် အလုပ်ကိစ္စအတွက် မြင်းတစ်စီးနှင့် အခြားရွာတစ်ရွာသို့ ခရီးထွက်သွားလေသည်
သမီးသေဆုံးပြီး သမီးကိုသာ လွမ်းတနေသော မိခင်၏ အခြေအနေကိုသိသော လူလိမ်တစ်ယောက်သည် ထိုအမျိုးသမီးကြီး အိမ်၌ တစ်ဦးတည်းရှိနေခိုက် ဇာတ်များတွင် သုံးသည့် နတ်ဝတ်တန်ဆာများကို ရှာဖွေငှားခဲ့ပြီးလျှင် သူ့ကိုယ်သူ နတ်ဝတ်တန်ဆာဆင်ကာ ငိုနေသော သမီးဆုံးသည့် မိခင်ထံသို့ သွားပြီးလျှင် `ဒီမှာ အဒေါ်ကြီး ခင်ဗျားသမီးသေလို့ဖြင့် ငိုမနေနဲပတော့၊ ခင်ဗျားသမီးဟာ နတ်ပြည်မှာ နတ်သမီးဖြစ်နေလို့ နတ်စည်းစိမ်ခံစားနေပြီ၊ အခု ကျုပ်ကို သူ့လက်ဝတ်လက်စားများ အတောင်းခိုင်းလို့ လာတောင်းရတာ၊ ခင်ဗျားသမီးဆီ ဒီပြင် ဘာပေးဦးမတုန်း´ ဟု ပြောလိုက်လေ၏။ မိန်းမကြီးမှာလည်း မိမိအလွန်ချစ်သောသမီး နတ်ပြည်ရောက်သွားပြီဆို၍ ၀မ်းသာလွန်းလှပြီး လက်ဝတ်လက်စားအားလုံးကို ပ၀ါဖြူကလေးဖြင့် ကောင်မွန်စွာ ထုပ်ကာပေးလိုက်လေ၏။ လူလိမ်လည်း လက်ဝတ်လက်စားများ ရသည်နှင့် တစ်ပြိုင်နက် အချိန်မလင့်ရအောင် သုတ်ခြေတင်ကာ ထွက်သွားလေတော့၏။
လူလိမ် ထွက်သွားပြီးနောက် မကြာမီပင် အဝေးရွာသို့ သွားနေသော ယောင်္ကျားဖြစ်သူ ပြန်လာသည်။ အိမ်ရောက်လျှင် ရောက်ချင်းပင် မိန်းမကြီးက ၀မ်းသာစရာ ပြောရဦးမည်ဟုဆိုကာ နတ်ပြည်တွင် နတ်သမီးဖြစ်နေသော သမီးကလေးက အတောင်းခိုင်း၍ နတ်သားတစ်ပါး လာကြောင်း လက်ဝတ်လက်စားများ ပေးလိုက်ပြီဖြစ်ကြောင်း ၀မ်းသာအားရပြောပြလေ၏။ ယောင်္ကျားလုပ်သူကမူ ချက်ချင်းပင် အလိမ်မိမှန်းသိပြီး `အဲဒီနတ်သား ဘယ်ဘက်သွားတုန်း´ဟု မေး၍ ဇနီးဖြစ်သူ ညွှန်ပြသည့်ဘက်သို့ စီးလာသောမြင်းဖြင့် ဒုန်းစိုင်းပြီး လိုက်လေ၏။
နောက်မှ ဖုန်တထောင်းထောင်းဖြင့် လိုက်လာသောမြင်းစီးသမားကို မြင်လျှင် လူလိမ်လည်း မိမိပြေးမလွတ်ပြီဟု သိ၍ နီးရာချုံပုတ်တွင် လှည့်ပတ်ပုန်းပြီး ခေါင်းကြီးနေလေ၏။ မြင်းစီးသမားလည်း အနည်းငယ် ကျော်လွန်သွားသည်အထိ လိုက်ကြည့်ပြီး လူစလူနပါ ပျောက်သွားသည်ကို မကြေမချမ်းဖြစ်နေလေ၏။ တစ်ခဏကြာမှ အကြံရ၍ မြင်းကို လူလိမ်ပုန်နေသော ချုံတွင် ချည်ပြီး အခြားချုံများသို့ လိုက်လံချောင်းမြောင်းရှာဖွေသည်။ ဤတွင် လူလိမ်လည်း ရသောအခွင့်အရေးကို လက်လွတ်မခံဘဲ ချုံထဲမှထွက်ပြီး ချည်ထားသော မြင်းကြိုးကိုဖြုတ်ပြီး ဒုန်စိုင်းစီးပြေးလေတော့သည်။ ဤတွင် လိုက်ရှာနေသော ယောင်္ကျားကြီးသည် သမီးပစ္စည်းများလည်းဆုံး၊ မြင်းတစ်စီးလည်း ဆုံးပြန်သဖြင့် ၄င်းမြင်းစီးပြေးသော လူလိမ်နောက်သို့ လိုက်ကာ `ပြောလိုက်ပါဟေ့၊ အဘကလည်း မြင်းတစ်စီး ပေးလိုက်ပါသေးတယိလို့´ဟု အော်ပြောလိုက်လေသတည်း။
**လူထု-ဦးလှ***
***မြန်မာရိုးရာ့ ကျေးလက်ပုံပြင်များ***

No comments:
Post a Comment