လောကတွင် မကောင်းမြင်သမား ရှိသလို အကောင်းမြင်သမားလည်း ရှိပါသည်။ ကိုကျော်ကြားကား အကောင်းမြင်သမားဖြစ်သည်။ သူအကောင်းမြင်ပုံမှာ သြချယူရသော အကောင်းမြင်နည်းပေတည်း။ တစ်ရံခါသော် ကိုကျော်ကြားနှင့် အဖော်များသည် တောထဲမှ အမဲလိုက်၍ ပြန်လာကြသည်။ ရလာသော အမဲကိုလည်း ထမ်းရ၊ ခရီးပြင်းလည်း နှင်ရသဖြင့် ပင်ပန်းနွမ်းနယ်ကြသည်။ ကွင်းစပ်တွင် ညောင်ပင်တစ်ပင်တွေ့ရာ အပြေးအလွှားဝင်ရောက် နားခိုကြသည်။
ကိုကျော်ကြားလည်း အားပါးတရ ပစ်လှဲသည်။ ညောင်မြစ်ပါးပျဉ်းကို ခေါင်းအုံးလျက် ပက်လက်လှန်ကာ မှိန်းနေသည်။ ဤအခိုက်ဝယ် ညောင်သီးအမှည့်တစ်လုံး ကိုကျော်ကြား၏ ပြောင်နေသော နဖူးပေါ်သို့ ဖတ်ခနဲ ကြွေကျလာသည်။
ညောင်သီးလာရာအရပ်က မြင့်၍ နဖူးကလည်း ပြောင်ရကား ကိုကျော်ကြားမှာ နဖူးစပ်သွားသည်။ နဖူးကို ပွတ်ရင်း ညောင်သီးကို စေ့စေ့ကြည့်လျက် ဤသို့ မြည်တမ်း၏။
`ညောင်သီးဟာ ညောင်သီးလောက်ပဲ ရှိပေလို့ တော်သေးသဟေ့ ပိန္နဲသီးလောက်သာရှိရင် ငါ့နဖူး အကွဲပဲ´
အဖော်များမှာ ကိုကျော်ကြား၏ စကားကြောင့် မဲ့ရအခက် ပြုံးရအခက် ဖြစ်သွားကြလေ၏။
သူသည် ထိုနှယ်အကောင်းမြင်သည့်နည်းတူ ရပ်ရေးရွာရေး၌လည်း ထထကြွကြွရှိသော ပရဟိတသမားဖြစ်ယောက် ဖြစ်၏။ မိုးကလေး တစိမ့်စိမ့်ရွာနေသော တစ်ညချမ်းတွင် ဖြစ်၏။ အိမ်တိုင်းအိမ်တိုင်းမှ လူတိုင်း လူတိုင်းသည် မိုးအေးအေးဖြင့် အိပ်ရာထဲ၌ ကွေးနေကြ၏။ မိုးပေါက်ကျသံ တဖြောက်ဖြောက်ကြောင့် သွပ်မိုးအိမ်များ၊ ဓနိမိုးအိမ်များမှာ တေးသံနှင့် မိုးသံ မကွဲပြားပေ။
ဤသည်ကို အခွင့်ကောင်းယူ၍ ရပ်ကွက်ထဲသို့ သူခိုးဝင်လာသည်။ အိမ်တစ်အိမ်သို့ ချဉ်းကပ်ဖောက်ထွင်းသည်။ အိမ်ပေါ်သို့ သူခိုးရောက်မှ အိမ်ရှင်နိုးသည်။
`သူခိုး၊ သူခိုး၊ သူခိုးပါရှင်၊ သူခိုး´
အိမ်ရှင်၏ ငယ်သံပါအောင် အော်သံအဆုံးဝယ် မီးတွေ လင်း၍ အိမ်တံခါးတွေ ပွင့်လာကြသည်။ `သူခိုး၊ သူခိုး´ထပ်ဆင့် အော်သံများလည်း ပွက်လောရိုက်သွားသည်။
`သူခိုး ဟိုဘက်ပြေးတယ်၊ စိန်မောင်ကိုတို့က တောက်ဘက်ထိပ်က ပိတ်၊ စိန်ချစ်တီးတို့က မြောက်ဘက်က ပိတ်´
`စောစောစီးစီး အတင့်ရဲတဲ့ သူခိုး၊ မလွတ်စေနဲ့ဟေ့´
လက်နှိပ်ဓာတ်မီး တ၀င်းဝင်ဖြင့် လူရိပ်မြင်ရာသို့ တရကြမ်းဖိလိုက်ကြသည်။ သည်လူအုပ်ထဲ၌ ကိုကျော်ကြားက ရှေ့ဆုံးမှ ပါသည်။
`သူခိုးဗျို့ သူခိုး၊ ဖမ်းဆီးကြပါ၊ ဟော ရှောက်ပင်လမ်းထဲ ၀င်ပြေးပြီ လိုက်ဟ လိုက်ဟ´
ကိုကျော်ကြားသည် အဆက်မပြတ်လည်း အော်သည်။ အပြင်းအထန်လည်း ပြေးလိုက်သည်။ သူခိုးနှင့် သူနှင့် ၀ါးသုံးလေးပြန်မျှသာ ကွာတော့သည့်အချိန်ဝယ် သူခိုးချော်လဲသည်။
`သူခိုးဟေ့၊ ဖမ်းကြပါ၊ ဖမ်း အမယ်လေးဗျ´
သူခိုးသည် ချော်လဲရာမှ ကုန်းအထတွင် ဆွဲမိဆွဲရာ ကုပ်မိကုပ်ရာ လက်ထဲပါလာသောအရာဖြင့် လှမ်းပစ်ကာ ဆက်ပြေးလေ၏။ သူခိုငး ပစ်သော အုတ်ခဲလော၊ မြေကြီးခဲလော မသိသည့် အရာက ကိုကျော်ကြား၏ ရင်ဘတ်တည့်တည့်ကို ထိမှန်သဖြင့် အမယ်လေး အော်ခြင်း ဖြစ်၏။
ကိုကျော်ကြားမှာ အရှိန်ဖြင့် ပြေးလာသူ ဖြစ်သဖြင့် ပက်လက်လန်လဲကျသွားတော့သည်။ နောက်မှ ပြေးလိုက်လာသူ အများစုမှာ ဆက်မလိုက်နိုင်တော့ဘဲ ကိုကျော်ကြားကို ၀ိုင်းဝန်း ပွေ့ကြ နှာနှပ်ကြသည်။ ခဏအကြာတွင် အင့်ခနဲ သံရှည်ဆွဲလျက် ကိုကျော်ကြား ထထိုင်၏။
`ကိုကျော်ကြား ဘယ်ထိသွားသတုန်း ရင်ဘတ်က နာသလား´
`ခေါင်းထဲကကော ဘယ်နှယ်နေတုန်း´
ထိုအမေးများကို ကိုကျော်ကြား မဖြေနိုင်သေး။ သတိရလျှင် ရချင်း ဦးစွာ ပြောလိုက်သော စကားမှာ-
`အကျိုးနည်း လက်တည့်တဲ့ သူခိုးကွာ၊ မှောင်နဲ့ မည်းမည်းမှာ ရင်ဘတ်တည့်တည့်ကို ထိအောင် ပစ်နိုင်သကွာ´
ဟူ၍ ဖြစ်ပေ၏။
ကိုကျော်ကြား၏ ၀သီကို မသိသူများမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားကြစဉ် အကြောင်းသိသူများကမူ `အရေးထဲမှာ နင့်ကြီးတော်လင်ကို ချီးမွမ်းနေရသေးသလား´ဆိုကာ သူခိုးနောက်သို့ ဆက်လက်၍ ပြေးလိုက်သွားကြလေသတည်း။
***မင်္ဂလာဈင်အောင်***
***(ဟာသပုံပြင်များ)**

No comments:
Post a Comment