ရာဇဂြိုဟ် သူဌေးတစ်ဦး၏ ချွေးမသည် မြုံ၍ သားသမီး မထွန်းကားချေ။ အမွေဆက်ခံရန် သားသမီးမရခြင်းအတွက် သူဌေးက ချွေးမလုပ်သူကို စိတ်ပျက်နေမိသည်။
`သား.. မင့်မယားဟာ မိန်းမ မပီသပါလား´
`ဘာဖြစ်လို့လဲ အဖေ´
`မိန်းမဆိုတာ မျိုးဆက် အမွေထိန်းရတယ်သားရဲ့ ကဲ မင်းမိန်းမက တို့အတွက် အမွေခံသား ဘယ်တော့ မွေးမလဲ တစ်နှစ်မွေးနိုး တစ်နှစ်မွေးနိုး စောင့်ကြည့်နေတာ ဘယ်နှယ်နှစ်ရှိပြီလဲ´
`ဒါတော့ အဖေရယ်´
`ဟေ့ ဒါတော့ဆိုတဲ့ ဆင်ခြေမပေးနဲ့။ မင့်မိန်းမ အိမ်ပေါ်ရောက်ကတည်းက တို့အိမ်စီးပွားရေးယုတ်လျော့တာ သတိထားမိလား´
`ဟုတ်ကဲ့ ဟုတ်ကဲ့´
`အေး ဟုတ်မနေနဲ့ ဒီတစ်နှစ် စောင့်ကြည့်လို့မှ မဟန်ရင် ချွေးမအသစ် တင်ရမယ်ကွာ။ သားသမီးမထွန်းကားတဲ့ မိန်းမကို ငါ ချွေးမ မတော်နိုင်ဘူး´
`ကျနော် ပြောကြည့်ပါဦးမယ် အဖေ´
သူဌေးသားက သူ့ဖခင် သဘောထားပြောပြလိုက်သော် ဇနီးဖြစ်သူမှာ တုန်လှုပ်သွား၏။ ကံတရားကြောင့် ကိုယ်ဝန်မရသည်ကို လှည့်စားရန် ကြံရသည်။ သူ့ကို အမိရင်း နှင့်မခြား စောင့်ရှောက်နေသော အဘွားအိုကို နှစ်ကိုယ်ကြား နှစ်နားညှိတိုင်ပင်ရတော့သည်။
`အမိရယ်… ကိုယ်ဝန်ဆောင်ရဲ့ အမှုအကျင့် ပြောပြစမ်းပါ´
`ဒါလား တို့များ ဥတုလာရင် ဥတုခံ အထည်ဝတ်ရ မဟုတ်လား။ ကိုယ်ဝန်ရှိတယ် ထင်အောင် ဒါကို မ၀တ်နဲ့။ ကိုယ်ဝန်သည်ဆိုတာ ချဉ်ခြင:်ဖြစ်တတ်တယ်။ သမီးက အချဉ်ခဏခဏ စားပေး´
`ဒီလောက် ထိတော့ ရပါတယ်´
ချွေးမလုပ်သူသည် ဟန်ဆောင်ကိုယ်ဝန်သည် လုပ်ရန် တက်ကြွစွာ စီစဉ်သည်။ တစ်လခန့် အကြာတွင် အဘွားအိုက တီးတီုး ပြောလာပြန်သည်။
`နေဦး သမီးရဲ့ ကိုယ်ဝန်သည်က ခြေလက်တွေ ဖောယောင်လာတတ်ယ်။ ဒီတော့ သမီးလက်တွေ ခြေတွေကို တစ်ခုခုနဲ့ ထု´
`အမယ်လေး… မလွယ်ပါလား´
`အေး… ကိုယ်ဝန်ရှိတယ်ထင်အောင် ဗိုက်ကို အ၀တ်ခံဝတ်´
`ဟုတ်ကဲ့ အမေ… သမီးကို ခုလိုသင်ပြလို့ ကျေးဇူးတင်ပါတယ်´
သို့နှင့်… ကိုးလလွယ် ဆယ်လ မြောက်သော် သားဖွားရန် အကြောင်းပြလျက် မိဘများ ရွာသို့ ထွက်ခဲ့သည်။ တစ်လမ်းလုံး ဘယ်သို့ ဆက်ကြံရမည်ကို တွေးလာခဲ့သည်။
လမ်းခရီးတွင် ခရီးသွားအမျိုးသမီးတစ်ယောက် သားဖွားပြီး ညောင်ပင်ရင်း၌ ပစ်ထားသည်ကို အမှတ်မထင်တွေ့လိုက်သည်။ သားငယ်ကို အပြေးအလွှား ကောက်ယူပြီး ၀မ်းသာအားရ ပြောလိုက်သည်။
`ဟာ… ပွတာပဲ အမေရေ… သမီးတို့ အကြံအောင်ပြီ´
`ဟုတ်ပါရဲ့ ကုသိုလ်ကံလို့ ဆိုရမှာပဲ။ ဒီအကြောင်း တစ်ပါးသူတွေ မရိပ်မိစေနဲ့ သမီးရေ´
`ကောင်းပါပြီ အမေ… သူဌေးကြီးကို သားဖွားကြောင်း အကြောင်းကြားခိုင်းလိုက်မယ်´
`ဒါပေါ့ ကလေးရူး ရူးနေတဲ့ ဒီသူဌေးကို လှည့်စားပစ်ရမယ်။ ဒါပေမယ့် တို့ကလေးက ညောင်ပင်ရင်းမှ ကောက်ရလို့ နိဂြောဓ´
ထိုနေ့မှာပင် သူဌေးတစ်ယောက်၏ ချွေးမသည်လည်း တောလမ်းခရီး၌ သားဖွား၏။ လမ်းခရီးသစ်စက်အောက်၌ ဖွား၍ သာဓ ဟု အမည်ပေးသည်။
ထိုသူဌေး၏ ကျွန်မကလည်း သားယောင်္ကျားမွေးရာ ပေါဠိက ဟု အမည်ပေးသည်။
ကလေးရူးရူးနေသော သူဌေးသည် သူ့မြေးနှင့် တစ်နေ့တည်းမွေးသော ကလေးများကို ကြည့်ပြီး ကြည်နူးနေသည်။ ကံထူးလို့ပဲ ပျော်နေသည်။
`အင်း ငါ့မြေးက လာမည့်လာတော့ အဖော်အပေါင်းနဲ့ ကိုးကွဲ့။ တစ်နေ့တည်း မွေးဖော် မွေးဖက်တွေ ခေါ်လာ သဟေ့´
`အမှန်ပဲ သူဌေး´
`ကောင်းတဲ့ အတိတ်ပဲကွ၊ ဒီသူငယ်တွေကို ငါ့မြေးနဲ့အတူ ထပ်တူပြု မွေးရမယ်´
`သင့်တာပေါ့ သူဌေး မြေးနဲ့အတူ အဖော်ရတော့ သူဌေး အိမ် စိုပြည်သွားတာပေါ့´
သူဌေးကြီးက ကလေးသုံးယောက်လုံးကို သူ့မြေးနှင့် မခြား စောင့်ရှောက်ထားသည်။ သူဌေးမြေးသုံးယောက်သည် အရွယ်ရောက်သော် တက္ကသိုလ်ပြည်သို့ ပညာသင်သွားကြသည်။ သူဌေးသားနှစ်ယောက် ဆရာစားအတွက် အသပြာ ထောင်ထုပ်စီပေး၍ ပညာသင်ယူပြီး ကျွန်မက မွေးသော ပါဠိကမှာမူ ဆရာစားငွေကြေး မကန်တော့နိုင်၍ နိဂြောဓထံက တစ်ဆင့် ပြန်သင်ယူရသည်။ သည်သို့နှင့် နှစ်ကြာသော် ပညာစုံ၍ နေရပ်သို့ ပြန်လာ၏။ ဗာရာဏသီပြည်အရောက်တွင် နတ်ကွန်းတစ်ခု၌ တစ်ထောက်နားကြသည်။ သူဌေးသားနှစ်ယောက်က အိပ်စက်သော်လည်း ပေါဠိကကမူ ပညာသင်ပေးသည့် နိဂြောဓကို ခြေဆုပ်လက်နယ်ပြုနေ၏။
သုံးယောက်သား အနားယူနေစဉ်… နတ်ကွန်းထက် သစ်ပင်ပေါ်မှ ကြက်နှစ်ကောင် ရန်ဖြစ်သံ ကြားရသည်။
`ဟေ့ အပေါ်က ဘယ်ကလဲကွ။ ချေးပါချတာလဲ´
`ဟာ… မတော်လို့ပါ သူငယ်ချင်းရာ… မင်းနဲ့ လွတ်မယ်ထင်လို့ ပြုမိတာပါ´
`ဘာမတော်လို့လဲ မင်းက ငါ့ဦးခေါင်းက သာမာန် မှတ်လို့လား´
`သြ… လုပ်ပါဦး ဘာများ ထူးခြားလို့လဲ´
`ဒီမယ်ကွ ငါ့ကို သတ်စားရင် အဲဒီလူ အသပြာ တစ်ထောင် ရမလားဟေ့´
`အဟား ဟား ဟား´
`ဘာရယ်တာလဲ မခိုးမခန့်လုပ်တာလား´
`မင်း စကားက ရယ်ဖို့ကောင်းတယ်လေ၊ အသပြာ တစ်ထောင်ရရုံနဲ့ မင်းကို မင်းထူးလှပြီ ထင်သကိုး ငါ့ညီရာ´
`မထူးဘူးလား´
`ဒီမယ် ငါ့ရဲ့ ဆူဖြိုးတဲ့ အသားစားသူဟာ နေ့ချင်း ဘုရင်ဖြစ်မကွ ၊အလယ်သားစားသူဟာ စစ်သူကြီးဖြစ်မယ်။ အေး.. အရိုးကပ်တဲ့ အသားကြွင်းစားသူက အဖျင်းဆုံး ဘဏ္ဍာစိုးဖြစ်ရမယ်´
`တယ်ဆိုတဲ့ စာပါလား´
`အဲလို ဘုန်းကြီးတဲ့ ငါက မာန်မတတ်ရဘူး၊ မင်းက အသပြာ တစ်ထောင်နဲ့ ဘ၀ဂ်ထိမာန်ထောင်နေတယ်´
ကြက်နှစ်ကောင်ပြောသံကြားရသော် ပါဠိကသည် လွန်စွာ အံ့အားသင့်သွားသည်။ ဘာလုပ်ရမည်ကို ချက်ခြင်းတွေးမိသည်။ သစ်ပင်ပေါ်တက်ပြီး ကြက်ကို ဖမ်းယူလိုက်သည်။ ချက်ပြုတ်ပြီး ဆူဖြိုးသော အပိုင်းကို နိဂြောဓ ကျွေး၏။ အလယ်သားကို သာခ ကျွေး၏။ သူကိုယ်တိုင်က အရိုးကပ် အသားများစား၏။
ကြက်သားစားပြီးမှ အကျိုးအကြောင်းရှင်းပြသော် ပေါဠိက၏ ကျေးဇူးပြုမှုကို နိဂြောဓ ၀မ်းသာသွားလေ၏။
Xxxxxxxxxxxxxxxxx
ထိုအချိန် ဗာရာဏသီမင်း နတ်ရွာစံပြီး ထီးနန်းဆက်ခံမည့် နန်းလျာမဲ့နေရာ မင်းလောင်းကို ဖုတ်သွင်းရထားလွှတ်ရှာရန် စီစဉ်၏။ သူငယ်ချင်းသုံးယောက်သည် နံနက်စာစားပြီး ဥယျာဉ် ၀င်လျက် အိပ်၏။
ဖုတ်သွင်းရထားသည် နိဂြောဓ အိပ်စက်ရာ ကျောက်ဖျာသို့ ဆိုက်၏။
ပုဏ္ဏားများက လက္ခဏာဖတ်ရာ ဇမ္ဗူဒီပါ ကျွန်းလုံး စိုးအပ်သော မင်းလက္ခဏာ တွေ့၏။
မင်းဖြစ်ထိုက်သော အချင်းအရာကိုတွေ့သည်နှင့် တံပိုးခရာစည်ကဗျာတို့ကို တခဲနက် တီးလိုက်၏။ ဆူညံသံသော အသံကြားသည်နှင့် နိဂြောဓ အိပ်စက်ရာမှ ထသည်။
`အရှင်မင်းကြီး ဗာရာဏသီပြည်သည် ကျွန်ုပ်မင်းပြုသော် သာခကို စစ်သူကြီးအရာပေးပြီး ပေါဠိက အား ဘဏ္ဍာစိုး ဖြစ်စေအံ့´
`သင့်မြတ်ပါတယ် အရှင်´
ဤသို့နှင့် နိဂြောဓအား ဘိသိတ်သွန်းလျက် မင်းမြှောက်၏။ မထင်မှတ်ဘဲ ဗာရာဏသီထီးနန်းရလိုက်၍ နိဂြောဓမှာ လွန်စွာ ကျေနပ်မိပေသည်။
Xxxxxxxxxxxxxxxxxxxxxx
နိဂြောဓသည် မင်းဖြစ်သော် ကျေးဇူးရှင်မိဘနှစ်ပါးကို သတိရ၏။
`စစ်သူကြီးသာခ၊ ငါ့မိဖနှစ်ပါး မြင်လိုတယ်။ အခေါ်တော်လွှတ်ပါ´
`မှန်ပါအရှင်… ကျွန်ုပ်၌ ရာဇဂြိုဟ်တွင် ပြုဖွယ်ကိစ္စအထူးမရှိ၍ ပေါဠိက ကိုစေက ပို၍ သင့်မြတ်ကြောင်းပါ´
`သင့်မြတ်ပေတယ် ညီငယ် ပေါဠိက´
`ဦးထိပ်ပန်ဆင်လျက်ပါ´
`ငါ့မိဘဟာ သင့်မိဘအရာပဲ၊ ငါတို့ ကောင်းစားနေတော့ သူကောင်းပြုဖို့ သင့်တယ်။ မောင်မင်း အကျိုးဆောင်လော့´
ပေါဠိကသည် ဘုရင့်အမိန့်တော်အတိုင်း ရာဇဂြိုဟ်သို့လာလျက် ခေါ်လေသည်။
`အမိ… အမိတို့ရဲ့သား နိဂြောဓဟာ ဗာရာဏသီမှာ မင်းဖြစ်နေပြီ။ မိဘကျေးဇူးဆပ်လိုလို့ လိုက်ခဲ့ဖို့ အခေါ်တော်လွှတ်ပါတယ်အမိ´
`အမောင် ပေါဠိက တို့များ အရွယ်လွန်ပြီ။ စည်းစိမ်ခံစားဖို့ အချိန်မရှိတော့ ၊သွားရေ:လားရေး ပင်ပန်းလှပါတယ်။ ဒီအတိုင်း ရှိပါစေ ချစ်သား´
ပေါဠိက သည် သာခ၏ မိဘများကို ခေါ်ပြန်သည်။ လိုက်လိုခြင်းမရှိ၍ သူ့မိဘနှစ်ပါးကို ခေါ်သည်။
`ချစ်သား… ရာဇဂြိုဟ်ပြည်ဟာ အမေတို့အတွက် ဘူမိနက်သန်ကျပါတယ်။ ငါ့သားများ ကောင်းစားတယ်ဆိုရင်ပဲ ကျေနပ်လှပါပြီ´
`နောင်တော် နိဂြောဓက ကျေးဇူးတုန့်ပြန်ချင်လို့ပါ မေမေ…´
`၀မ်းသာလှပါပြီ သားတို့ ဘ၀ပြည်စုံရင် ပြီးတာပါပဲ´
မည်သူ့ကိုမျှ ခေါ်မရသော် ဗာရာဏသီသို့ တစ်ဦးတည်း ပြန်လာသည်။ အကျိုးအကြောင်းပြောရန် သာခအိမ်သို့ အရင်ဝင်လိုက်သည်။
သာခသည် ကြက်သားကို မိမိအားမပေး၍ မင်းမဖြစ်စေရခြင်းအတွက် အငြိုးရှိနေသည်။ ပေါဠိကသည် တံခါးစောင့်ကို သတင်းပေးလိုက်သည်။
`အချင်… သင်တို့သခင်ကို ငါ ပေါဠိက ရောက်ကြောင်း အသိပေးပါ´
`ဘယ်လိုအသိပေးရမလဲ အဆွေ´
`သာခနဲ့ ကျုပ်ဟာ မိတ်ဆွေရင်းတွေပါ။ မိတ်ဆွေ ရောက်နေကြောင်း ပြောပါ´ တံခါးစောင့်က အကျိုးအကြောင်း ပြောလိုက်သည်။
`ဘာ ဘယ်က ပေါဠိကလဲ ငါ့မှာ ပေါဠိကဆိုတဲ့ မိတ်ဆွေ မရှိဘူး။ ဒီကောင်ဟာ အရူးပဲ ဒီအရူးကို ရိုက်လွှတ်´
`မှန်ပါ သခင်´
တံခါးစောင့်က ပြန်လာလာခြင်း ပေါဠိကကို ရိုက်နှက် ကန်ကျောက်သည်။
`သင် ဘယ်အမှုပြုလဲ´
`ငါ့သခင်မှာ ပေါဠိကဆိုတဲ့ မိတ်ဆွေ မရှိဘူးတဲ့´
`မဟုတ်သေးပါဘူး အချင်းတို့ရာ ကျုပ်ဟာ သူ့ကို စစ်သူကြီး အရာရောက်အောင် ကျေးဇူးပြုဖူးသူပါ´
`ဟာ… မအပ်မရာ ပြောတယ်။ ကဲ ဟာ… ကိုင်းဟာ´
`ခွပ်… ခွပ်´
သြော်… သာခ သင်ဟာ ကျေးဇူးမသိတတ်သူပါလား ငါကတော့ သင့်အကျိုး သယ်ပိုးခဲ့တယ်။ ဒီကျေးဇူး ပေးဆပ်တာပေါ့။
ပေါဠိကသည် စိတ်ပျက်လက်ပျက်နှင့် နိဂြောဓထံ ၀င်ခဲ့သည်။ သာခလည်း ပေါဠိက မလျှောက်ခင် အရင်လျှောက်ရန် နန်းတော် အရင်ဝင်ခဲ့သည်။ နိဂြောဓသည် သာခတွေ့လျှင် ၀မ်းသာအားရ ကြို၏။ စားကောင်းသောက်ဖွယ် ကျွေး၏။
ထိုစဉ် ပေါဠိက ရောက်လာသည်။
`ဟော… ပါဠိက ရောက်လာပြီလား… အကျိုးသင့်လျှောက်တင်စမ်း´
`မှန်ပါ မယ်တော် ခမည်းတော်က အသက်အရွယ်ကြီးရင့်ပြီမို့ မလိုက်လိုကြောင်း ပြန်ကြားပါတယ်´
`အိမ်း ဟုတ်ပေမပေါ့၊ ဒါဆို သင်တို့ မိဘများကရော´
`အားလုံးကို ခေါ်ကြည့်ပါတယ်။ မလိုက်လိုကြပါ၊ ဒီအကြောင်း အသိပေးချင်လို့ သာခအိမ်သွားတော့ ရိုင်းပျတဲ့ အပြုအမူနဲ့ ဆက်ဆံတာခံရပါတယ် ဘုရား´
`ဟင်း ဘယ်လို အကြောင်းလဲ ပေါဠိက´
`သာခက သူ့မှာ ပေါဠိကဆိုတဲ့ မိတ်ဆွေမရှိဘူး။ အဲဒီကောင်ဟာ အရူးဆိုပြီး ရိုက်လွှတ်ပါဘုရား´
`သာခ ဒီအကြောင်း မောင်မင်း လျှောက်စမ်း၊ ငါနဲ့ မောင်မင်း ရထားတဲ့ ဒီစည်းစိမ်ဟာ ပေါဠိကကျေးဇူးကြောင့် မဟုတ်လား´
`မှန်ပါ အရှင်´
`ကျေးဇူးမသိခြင်းဟာ မီး၌ ထည့်တဲ့ မျိုးစေ့လို ပျောက်ပျက်တတ်တယ်။ သင်ဟာ သစ္စာမဲ့သူပဲ။ သာခ သင် ပေါဠိကကို သိသလား´
သာခ ခေါင်းငုံ့ပြီး ဆိတ်ငြိမ်နေသည်။
`ကျေးဇူးမသိတဲ့ လူမိုက် ဒီငမိုက်သားကို လှံနဲ့ ထိုးသတ်ကြတော့´
နိဂြောဓသည် ယုတ်မာသော သာခကို အဆုံးစီရင်ခိုင်းရာ ပေါဠိက ကတောင်းပန်သည်။
`သည်းခံပါ အရှင်၊ ယုတ်မာသူအတွက် နောက်ထပ် အမှု မပိုစေလိုပါ´
`ကောင်းပြီ ဒါပေမယ့် ကျေးဇူးမသိတဲ့ သာခကို စစ်သူကြီးအရာကချ။ မောင်မင်း ဒီအရာကို ယူစေ´
`မှန်ပအရှင် ၊ကျွန်ုပ်ဟာ ဘဏ္ဍာစိုးအရာပဲ ထိုက်ပါတယ် ဒီမျှသာ ခံစားပါရစေ´
`ကောင်းပြီ သင့်ကျေးဇူး ငါ့မှာရှိ၍ အပိုင်စား မြို့ရွာများ ချီးမြှင့်ပေးအံ့´
ပေါဠိကသည် အရှင့်အကျိုးသယ်ပိုးရင် :ရာသက်ပန် ချမ်းမြှေ့စွာ နေလေ၏။
***မောင်ဆန္ဒ(လယ်ဝေး)***
***(မေတ္တာတရားနှင့် အခြားပုံပြင်များ)**

No comments:
Post a Comment