တစ်ခါတုန်းက ကိုတိုးအမည်ရှိသည့် လှည်းကုန်သည်တစ်ယောက်ရှိလေသည်။ သူ၏မိသားစုမှာ သူလုပ်ကိုင်ရှာဖွေကျွေးမွေးသည်ကို မှီခိုလျက် ပျော်ရွှင်စွာနေထိုင်ကြလေသည်။ တစ်နေ့သောအခါတွင် ကိုတိုးသည် မြောက်ခွင်အရပ်သို့ ကုန်ရောင်းကုန်ဝယ် သွားရလေသည်။ သူသည် အဖော်လှည်းကုန်သည်များနှင့် ပျော်ရွှင်စွာ ထွက်ခွာလာခဲ့ကြသည်။ သူ၏ လှည်းသည် အိမ်ဝိုင်းတွင်းမှ တရွှေ့ရွှေ့ထွက်ခွာစဉ် ဇနီးသည်က အမှတ်တရ မှာကြားသည်။
`ကိုတိုးရေ တောထဲ တောင်ထဲမှာ အခင်းကြီး အခင်းငယ် မသွားနဲ့နော်၊ နတ်က ကြီးပါဘိသနဲ့၊ လှည်းနောက်မြီးမှာ ချိတ်ထားတဲ့ ၀ါးကျည်တောက်ထဲမှာ သွား၊ ကြားလား တော်ရာရောက်မှ သွန်ပစ်ပေါ့´
ကိုတိုးလည်း `အေးပါ´ တစ်လှည့်၊ `အင်းပါ´တစ်ဖုံပြောရင်း ထွက်ခွာလာခဲ့လေသည်။ သူတို့မိသားစုမှာ အလွန်အနသူများဖြစ်ကြသည်။
ထို့ကြောင့် နတ်ကိုအလွန်ယုံကြည်ကြ၊ ကြောက်ရွံ့ကြသည်။ သို့အတွက် မယားက သတိတရ မှာကြားသည်။ ကိုတိုးကလည်း လိုက်နာသည်။
သို့ရာတွင် ကိုတိုးသည် တောကြီး သစ်ပင်ကြီးတို့နှင့် လွတ်ရာအရပ်သို့ အရောက်၌ ၀ါးကျည်တောက်ထဲမှ အခင်းကြီးငယ်များကို သွန်မပစ်မိပေ။ သို့ဖြင့် ကိုတိုးသည် အရောင်းအ၀ယ် ကိစ္စများအပြီးတွင် အိမ်သို့ ပြန်လာသည်။
ကိုတိုးမှာ အိမ်သို့ရောက်သော်လည်း အိမ်ပေါ်သို့ပင် မတက်နိုင်ဘဲ အဖော်လှည်းကုန်သည်များထံ ပြေးလွှားနေရ၏။ စာရင်းအင်း ငွေကြေးမပြီးပြတ်၍ ဖြစ်ပေသည်။
အိမ်တွင် ကျန်ခဲ့သော ဇနီးနှင့် ကလေးများသည် ကိုတိုး၏ လှည်းပေါ်မှ ပစ္စည်းများကို အိမ်ပေါ်သို့ သယ်ပို့ကြသည်။ ထိုသို့ ဆောင်ရွက်ရင်းက မြောက်ခွင်ပြန် အမှတ်တရလက်ဆောင်များ ဘာများပါသနည်း စူးစမ်းကြသည်။ စူးစမ်းကြရင်းက ၀ါးကျည်တောက်တစ်လုံး တွေ့သည်။
`မြောက်ခွင် ပဲပုပ်တွေဟေ့၊ ဟင်းချက်စရာ မရှိတာနဲ့ အတော်ပဲ´
ကိုတိုး၏ ဇနီးသည် ပဲပုပ်ချက်ရန် ကြက်သွန်ကို ဆီသတ်စဉ် အိမ်နီးချင်းက လှမ်းမေး၏။
`ဘာချက်မလို့တုန်း´
`ကိုတိုး မြောက်ခွင်က ပါလာတဲ့ ပဲပုပ်တွေ တစ်ကျည်တောက်ကြီးများတောင်မှ ယူကြဦးမလား´
ဤနည်းဖြင့် ကိုတိုးပဲပုပ်သည် အိမ်နီးချင်းများ၏ ဟင်းအိုးထဲသို့ ထိုမှတဆင့် ထမင်းပွဲသို့ ရောက်သွားလေ၏။ `ကိုတိုး ပဲပုပ်က အရမ်းကောင်းပဲ´ ချီးကျူးသံများလည်း ညံနေသည်။
ကိုတိုးကား ညဥ့်နက်မှ ပြန်ရောက်လာသည်။ ထမင်းလည်း ဆာလောင်လာသဖြင့် အိမ်ပေါ်မရောက်မီကပင် `ဘာချက်လဲ´လှမ်းမေးသည်။
`ဘာမှ ချက်စရာမရှိလို့ ရှင် မြောက်ခွင်ကပါလာတဲ့ ပဲပုပ်ကိုပဲ ခရမ်းချဉ်သီး ငရုတ်သီးစိမ်းနဲ့ ချက်ထားတယ်။ အဲဒီဟင်းပဲပေါ့´
`ဘယ်က ပဲပုပ်မှ ငါယူမလာပါကလား´
`လှည်းနောက်မြီးရံတိုင်မှာ ချိတ်ထားတဲ့ကျည်တောက်ဟာ အမယ်လေး´
စဉ်းစား၍ ပေါ်လာလျှင် ပေါ်လာခင်း ကိုတိုးသည် မျက်လုံးပြူး မျက်ဆန်ပြူလျက် အမယ်လေး အော်မိလေ၏။ ထိုအခါတွင် ကိုတိုး၏ ဇနီးမှာလည်း ပျာပျာသလဲ ဖြစ်သွားရ၏။
`ဘာပြုလို့လဲဟင်၊ ဘာပြုလို့တုန်း´
`အဲဒါ အဲဒါ မြောက်ခွင်ပဲပုပ် မဟုတ်လား၊၊ တောထဲမှာ ငါ မအောင့်နိုင် မအည်းနိုင်ဖြစ်လို့ ၀ါးကျည်တောက်ထဲမှာ အခင်းကြီးစွန့်ထားတာ။ ဒါပေမယ့် တခြားအာရုံတွေများတာနဲ့ မသွန်မိဘူး။ အခု အိမ်ပြန်ရောက်တော့လည်း´
ကိုတိုး၏ ဇနီးနှင့် သားသမီးများမှာ စကားဆုံးအောင် မစောင့်နိုင်ကြပါ။ ဒါပေမယ့် မရောက်မီကပင် တဝေါဝေါ ထိုးအန်ကုန်ကြ၏။ ကိုတိုးပဲပုပ်သမား အိမ်နီးချင်းများလည်း အကျိုးအကြောင်း လှမ်းမေးကြရာ အော့အန်သံများ ညံစည်လျက် ထွက်ကုန်ချေသတည်း။
***မင်္ဂလာဈင်အောင်***
***(ဟာသပုံပြင်များ)***

No comments:
Post a Comment