ဒီနေ့ကတော့ ပြောင်းဖူးခင်းကော ပဲခင်းကော ပြီးပြီဆိုတော့ လုပ်အားခတွေထုတ်ယူ၊ မဲဆောက်မြို့အရှေ့တောင်ဘက် (၇)ကီလိုမီတာအကွာမှာရှိတဲ့ မယ်တောင်မိုင်တက်ပြီး ပေးစရာရှိတဲ့ အကြွေးလေးတွေပေး။ နောက်တစ်ပါတ်စာ ဈေးထပ်ချိန်းရင်း ၀က်သား တစ်ကီလိုတော့ ရအောင်ဝယ်လိုက်မယ်။ တောထဲ တောင်ထဲမှာဆိုတော့ စားသောက်ဘွယ်က အတော့်ကို ရှားပါးတယ်။ ဈေးဆိုင်နဲ့ တဲကလည်း နှစ်မိုင်ခွဲလောက် ဝေးတယ်ဆိုတော့ တော်ရုံ တန်ရုံ လောက်ဆိုရင် မသွားဖြစ်တော့ဘူး။ အခုလို ဈေးချိန်တဲ့ အခါမျိုးတွေကြမှ အသားလေး ငါးလေး ၀ယ်ဖြစ်တယ်။
ဒီညနေ သမီးနဲ့ သမက်ကလည်း မယ်တောင်မိုင်ရွာနဲ့ ကပ်လျက် ကောင်ဘိဘန်းရွာ သူဌေး ပြောင်းဖူးခင်းဟာ မနေ့ထဲက ချိုးယူလို့
ပြီးလောက်တယ်။ မနေ့က ပြန်မရောက်ကျတော့ ဒီနေ့က ကျိန်းသ ပြန်ရောက်ကြမှာဘဲ ဒီညနေတော့ မိသားစု စုံညီတဲ့ ထမင်းဝိုင်းလေးပေါ့။ `ဟဲလို… သမီးပြော သမီးတို့ပြန်လာပြီလား ဘယ်နားရောက်နေပြီလဲ´ `သမီးတို့ ပြန်မလာရသေးဘူး အမေ။ အခုအချုပ်ထဲရောက်နေတယ်´ `ဘုရားရေ၊ ဟဲ့ အိမိုး နင်တို့ အလုပ်ထဲကနေ အချုပ်ထဲရောက်တယ်ဆိုတော့ သူဌေးနဲ့ ပြဿနာ တက်လို့လား ဒါမှမဟုတ်´
`မဟုတ်ဘူး အမေ မဟုတ်ဘူး။ မနေ့ နေ့ခင်းပိုင်းမှာ သူဌေးအလုပ်ပြီးသွားလို့ သမီးတို့ လင်မယား အမေ့ဆီကို ပြန်လာတာ မယ်တောင်မိုင် မရောက်ခင်မှာ ပုလိပ်ဖမ်းမိသွားတယ်။ အခု ပုလိပ်က ပြန်သွန်လို့ မြ၀တီ သုံညဂိတ်ရောက်နေတယ်´
အောင်မယ်လေး အိမိုးရယ်၊ လမ်းစရိတ်မရှိလဲ ကြံဖန်လာပေါ့ ဒီရောက်တော့ အမေရှင်းပေးမှာပေါ့ဟဲ့…´ `ပြန်လာလို့ မရဘူးအမေ ပုလိပ်က လာသွန်သွားပေမယ့် သုံညဂိတ်က ပြန်ဖမ်းထားတာ၊ တစ်ယောက်ကို ဘတ်တစ်ထောင်နဲ့ ပြန်ရွေးရမယ်တဲ့ မရွေးနိုင်ဘူးဆိုရင်တော့ လူငယ်ယောင်္ကျားလေးတွေကို DKBA စစ်သားလုပ်ခိုင်းပြီး အမျိုးသမီးငယ်များကိုတော့ စားသောက်ဆိုင်များနဲ့ အခြားသော လုပ်ငန်းရှင်များသို့ ပေးအပ်၍ သူတို့သတ်မှတ်တဲ့ ငွေပမာန ကျေအောင် လုပ်ဆပ်ပြီးတော့မှ ပြန်လွှတ်တယ်လို့ ပြောနေကြတယ် ဒီနေ့ညနေလည်း လုပ်ငန်းရှင်များက လာခေါ်ဦးမယ်တဲ့ ရွေးမယ့်လူမရှိတဲ့ အမျိုးသမီးငယ်တွေ လိုက်သွားရမယ်လို့ ပြောနေကြတယ်။ လူကြီးပိုင်းများကိုတော့ ပြည်တော်ပြန် ပို့မှာတဲ့ သမီးကြောက်တယ်။ ပိုက်ဆံ သုံးထောင်လောက်ရှာပြီး သမီးတို့ကို အမြန်လာရွေးပါနော် ဒါပဲနော် အမေ…´
`ဘယ်လို လုပ်ကျမလည်း မယ်သိန်းရယ် ကျမလည်း ဘတ်ရှိတာမဟုတ်တော့ ပုလိပ်တွေ့ရင် အဖမ်းခံရဦးမယ်…´ `ဒီလိုလုပ် နက်က မယ်တောင်မိုင်ကို အမြန်သွား သူဌေး ဆီမှာငွေထုတ်၊ နင်တို့သားမိ သားဖ သုံးယောက် လုပ်အားခက လေးထောင်လောက်ရမှာဘဲ သူတို့ ပြောတာက သုံးထောင်လောက်ဆိုရင် လောက်င ပြီလို့ ပြောတယ်မဟုတ်လား။ ဒီတော့ ခွန်အားသစ်အလုပ်သမားများရုံးကိုဝင် အဲဒီ ကလေးတွေကို အကူအညီတောင်းပြီး သွားရွေးခိုင်းပေါ့ဟဲ့…´ `အော် ဟုတ်သားဘဲ သူတို့တွေကိုဘဲ အပူကပ်ပြီး အကူအညီတောင်းရတော့မှာပဲ ဒီလိုဆိုရင် ကျမသွားမယ် ဟိုသားအဖ အလုပ်က ပြန်လာရင် ရှိတာလေး ချက်ပြုတ်ထားဘို့ ပြောပြလိုက်ပါဦးနော်…´
ညနေသုံးနာရီခန့်တွင် ခွန်အားသစ်အလုပ်သမားများရုံးသို့ ဒေါ်ဖြူမ တစ်ယောက် အပြေးတစ်ပိုင်းနှင့်ရောက်လာပြီး အကျိုးအကြောင်း ရှင်းပြကာ ငွေသုံးထောင်ပေး၍ သမီးနဲ့ သမက်ကို သွာရွေးထုပ်ပေးပါရန် အကူအညီတောင်းခံလာတော့၏။ ခွန်အားသစ် အလုပ်သမားများရုံးမှ စေတနာ့ ၀န်ထမ်းများကလည်း မဲဆောက်တဘက်ကမ်း မြ၀တီမြို့မှ သူငယ်ချင်းများကို ဆက်သွယ်၍ သုံညဂိတ်မှ လူနှစ်ယောက် ရွေးထုတ်နိုင်ရန် အမြန်ဆုံး စီစဉ်ရလေတော့၏။
အိမိုးသည် မိခင်ဖြစ်သူ ဒေါ်ဖြူမကို ပြေးဖက်၍ `တော်သေးတာပေါ့ အမေရယ် အချိန်မှီ လာရွေးနိုင်ပေလို့ နို့မဟုတ်ရင် ဒေါ်အာကျယ်ကြီးက သမီးကို တစ်ထောင်နဲ့ တန်အောင် လုပ်ဆပ်ပြီးမှ ပြန်လွှတ်မှာတဲ့အမေ…´ `ဟဲ့… ဒေါ်အာကျယ်ဆိုတာက ဘယ်သူလည်း သူက အဲဒီဂိတ်မှာ ဘာမှို့လို့လည်း နောက်ပြီးတော့…´ `ဒီလိုပါအမေ ဒေါ်အာကျယ်ဆိုတာက အဲဒီ သုံညဂိတ်မှာ စခန်းက ခေါ်ကတဲ့ နာမည်ပါ။ ကရင်မကြီးပါ။ သူက အဲဒီဂိတ်ဝင်းထဲမှာ ထမင်းဆိုင် ဖွင့်ထားတယ်။ ထမင်းတနပ်စားရင် ဘတ် ၈၀-ပေးရတယ်။ နောက်ပြီး ထိုင်းနိုင်ငံအတွင်းမှာ ဖမ်းမိတဲ့ မြန်မာပြည်သားများကို မြ၀တီမြို့ ကမ်းနားမှာ သွန်တယ်ဆိုရင် ကိုးသုံးလုံးဂိတ်နဲ့ သုံညဂိတ်က တ၀က်ဆီခွဲယူ ထိန်းသိမ်းထားပြီး လူတစ်ယောက်ကို အနည်းဆုံး ဘတ် ၁၀၀၀-အထက်ကို လူအဆင်ကြည့်ပြီး တောင်းယူကြတော့တာဘဲ။ မပေးနိုင်ရင်တော့ ဒုက္ခ အမျိုးမျိုးပေးတော့တာဘဲ လူငယ်ပိုင်း ယောင်္ကျားလေးများကိုတော့ DKBA စစ်သားလုပ်ရင်လုပ်၊ မလုပ်ရင် ပေါ်တာလိုက်ခိုင်းတယ်။ အမျိုးသမီးငယ်များကတော့ အနည်းဆုံး ဘတ်တစ်ထောင် တန်သော လုပ်အားကို လုပ်ဆပ်ပြီးတော့မှ ပြန်လွှတ်တယ်လို့ ပြောနေကြတယ်။ သက်ကြီးပိုင်းများကိုတော့ ပြည်တော်ပြန် အချုပ်သို့ လွှဲအပ်လိုက်တယ်တဲ့…´ တောက်… တော်တော်ကို ရက်စက် ယုတ်မာတဲ့ ရောင်စုံ ၀န်ထမ်းတွေဘဲ ဒီကိစ္စကို အထက်လူကြီးတွေက မျက်စိမမြင် နားမကြားကြဘူး။ ဒုက္ခသည်တွေ ပေါက်ကွဲရင် ပြဿနာရှာဘို့ ဒုက္ခထပ်ပေးဘို့ကိုတော့ တယ်သွက်တယ်ဟူ၍ ပြောဆိုရင် ကွမ်းယာကို ပါးစောင်ထဲ ထိုးသွင်းရင်း ဒေါသဖြစ်ဖြစ်နဲ့ ၀ါးနေသူဟာ အိမိုး၏ ဖခင် ဦးအေး ဖြစ်လေ၏။
အဖေက သမီးပြောတာကို နားထောင်ရင်းတောင် ဒီလောက် စိတ်မကောင်းဖြစ်ရင် ကိုယ်တိုင် တွေ့မြင်ခံစားရရင် ပိုပြီး ဒေါ်သဖြစ် ပေါက်ကွဲမှာဘဲ။
`သမီးတို့ သုံညဂိတ်မှာ ရှိနေတဲ့အချိန်တုန်းက သိုးမွေးစက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးနှစ်ယောက်က သူတို့ စက်ရုံ အလုပ်နားနေလို့ အခြားစက်ရုံမှာ အလုပ်လိုက်ရှာရင်း ပုလိပ်ဖမ်းမိတာ သူတို့ မိတ်ဆွေ သူငယ်ချင်းများကို ဖုန်းဆက် အကူညီ တောင်းသော်လည်း လစာထုတ်ရက်မဟုတ်သည့်အတွက် ငွေသုံးထောင်လောက်ကို ရှာဖွေဖန်တီးပေးနိုင်ခြင်း မရှိလေတော့ ဒေါ်အာကျယ်ကြီးရဲ့ စီမံဖန်တီးမှုအောက်သို့ ခေါင်းငုံ့နာခံရုံဘဲ ရှိတော့မှာပေါ့ အဖေရယ်…´
ထိုအချိန်၌ အိမိုးတို့ သားမိ သားဖ စကားဝိုင်းကို ငြိမ်၍ နားထောင်နေသော ဦးအေး` အရင်းနှီးဆုံး မိတ်ဆွေ တစ်ဦးက ရင်ထဲက လေလုံးကို ခတ်ပြင်းပြင်း မှုတ်ထုတ်ရင်း `တော်ပြီသမီး… ဘာမှ ဆက်မပြောနဲ့တော့ ကြုံခဲ့တဲ့ ရင်နာဘွယ်ရာတွေ ခေါင်းထဲက ထုတ်ပစ်လိုက်တော့။ အသားထဲက လောက်ထွက် ရက်စက် ကြမ်းကြုတ်တဲ့ ဒို့ပြည်တွင်းထဲက ၀န်ထမ်းတွေရဲ့ သတင်းစကားတွေကို ပတ်ဝန်းကျင်က ကြားလို့ မကောင်းပါဘူး သမီးလေးရယ်။ အဲဒီလို မတရား အနိုင်ကျင့်တာတွေ ပြန်ပေးဂိုဏ်း ဆန်ဆန် လုပ်ဆောင်နေတာတွေကို ခင်ဗျားတို့ လုပ်ရပ်တွေ မှားနေပြီလို့ တင်ပြရင်လည်း ပြည်တွင်း သောင်းကျန်းသူလို့ ချောက်တွန်းစွ စွဲပြီး ပြဿနာ ရှာကြဦးမယ်သမီးရယ်… ဟိုး… ရှေးခေတ်ကလို ဖြစ်နိုင်တာတွေကို ဟစ်တိုင်က တက်အော်လို့ တိုင်ပြည် အုပ်ချုပ် မင်းလုပ်သူက ပြည်သူအတွက် ငဲ့ညှာလို့ ဆောင်ရွက်ပေးနိုင်တယ်ဆိုရင်တော့ ဖြစ်နိုင်ရင်ဟစ်တိုင်က အော်လိုက်ချင်ပါတယ်… သမီးရယ်…´
***ခံစားတင်ပြသူ- ယမကာ လုလင် (ယာတောမြေ)မဲဆောက်
မိုးရွာလိုက် နေပူလိုက်နဲ့ ရာသီဥတုရဲ့ နှိပ်စက်ဒါဏ်ကလည်း အတော်ကို ခံစားရခက်ပါလား။ လုပ်ငန်းရှင်ကလည်း ပြောင်းဖူးခင်းတဖက် ပဲတီ၊ ပဲခင်းက တဖက်၊ ဒီခြားထဲက ယာသီဥတုက ဖေါက်ပြန်နေလေတော့ စိုးရိမ်သောကတွေနဲ့ အလုပ်သမားတွေကို အော်လိုက်၊ ငေါက်လိုက်၊ ချော့လိုက်နဲ့ ခိုင်းစေလိုက်တာများ ခဏ တဖြုတ်တောင် နားချိန် မရပါဘူး။

No comments:
Post a Comment