ဘုရားလောင်းသည် မျောက်မျိုးနွယ်ဖြစ်စဉ် ဟိမ၀န္တာတော်၌ မျောက်အပေါင်းခြံရံလျက်နေသည်။ ဟိမ၀န္တာတောအနီးမှ ဂင်္ဂါဖြစ်သည် ဖြတ်စီး၏။ ထိုဖြစ်၏ ကမ်းတစ်နေရာတွင် သရက်ပင်တစ်ပင်ရှိသည်။ သစ်ကိုင်းတစ်ခုသည် ဂင်္ဂါဖြစ်တွင်းရောက်နေသည်။ ထိုအပင်က သရက်သီးသည် အလွန်ချိုမြ၏။ ဘုရားလောင်းမျောက်မင်းနှင့် မျောက်အပေါင်းသည် ထိုသရက်ပင်မှ အသီးကို ခူးစားကြသည်။
`အသင်တို့ ဒီသရက်ကိုင်းက အသီးဟာ တစ်နေ့တို့ကို ဒုက္ခပေးလိမ့်မယ်´
`အဘယ်အချင်းအရာမြင်လို့လဲ မျောက်မင်း´
`ဖြစ်လာမယ့် အရေးငါမြင်နေတယ်။ ဒီတော့ ဒီအကိုင်းက အသီးကို ဆွတ်စားကြ ။အပွင့်ကိုချွေပစ်ကြ။ သတိပေါ့ဆလို့ ဖြစ်စေ။ စားကြွင်းစားကျန်လို့ဖြစ်စေ သရက်သီးတစ်လုံးမှ ရေထဲမကျစေနဲ့´
`
ကောင်းပါပြီ မျောက်မင်း´
မျောက်အပေါင်းသည် ထိုသစ်ကိုင်းက အသီးကို သီးကင်းပါ မကျန်အောင် ဆွတ်စားကြသည်။ သို့သော်… သရက်သီးတစ်လုံးသည် ခါချဉ်ထုပ်အတွင်း သီးသည်။ သစ်ရွက်တို့ ဖုံးနေ၍ မမြင်ကြ။ ထိုအသီးမှည့်သော် ကြွေလျက် ရေတွင် မျှောသည်။ ထိုအချိန်… ဂင်္ဂါမြစ်အောက်၌ ဗြဟ္မဒတ်မင်းသည် ကွန်ဖွဲ့လျက် ရေကစားသည်။ သရက်သီးသည် ကွန်တွင်ငြိလျက်ရသည်။ မင်းကိုဆက်သော် မည်သည့်အသီးဖြစ်ကြောင်း မုဆိုးတို့ကို မေးသည်။
`အသင် မုဆိုး ဒီအသီးကဘာလဲ။ စားကောင်းတဲ့အရာလော။ မစားကောင်းဘူးလော´
`အရှင်မင်းမြတ် ဒါဟာ လွန်စွာရှားပါးတဲ့ သရက်သီးမျိုးပါ´
`ဒီစကားမှန်ရင် မောင်မင်းဦးစွာစား´
`မှန်ပါ ကျနော်မျိုးစားပြီးပါပြီ။ အင်မတန် ချိုမြိန်ပါတယ်။ ထူးကဲ့တဲ့ ဒီအရသာကို အရှင်မင်းကြီး ခံစားကြည့်ပါ´
မင်းကြီးက စားကြည့်သည်။ မောင်းမမိဿံများနှင့် အမတ်တို့ကို ခွဲခြမ်းစိတ်ဖြာကျွေးသည်။
`အားပါးပါး… ချိုမြိန်လှချည်လား… သရက်သီးရဲ့ အရသာက အကြောပေါင်းတစ်ထောင်ကို စိမ့်သွားပါလား´
`ဟုတ်တယ် အမတ်ကြီး ငါကိုယ်တော်မြတ်တစ်သက်မှာ ဒီလိုအရသာထူးတဲ့ သရက်သီးမျိုးစားဖူးဖို့တော့ မလွယ်ဘူး အရှင်´
`ဟုတ်ပေ့ အမတ်ကြီး ဒီသရက်မျိုး ငါရဲ့ ဥယျာဉ်တော်မှာ စိုက်ရရင် ကောင်းပေ့မယ်´
`သင့်မြတ်ပါတယ် အရှင်´
`ဒီသရက်သီးဟာ မြစ်ညာက မျောပါလာတော့ သရက်ပင်ဟာ ဂင်္ဂါအထပ်ကိုင်းရှိပေမယ် အမတ်ကြီး´
`မှန်ပါတယ်။ ဒီသရက်သီးရှာဖို့ တောကျွမ်းတဲ့ မုဆိုးတွေ လမ်းပြစေရင် ကောင်းပါမယ်´
`ကောင်းပြီ၊ အမတ်မင်းက ဒီကိစ္စ စီစဉ်စေ…´
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရက်များစွာကြာသော် မင်းကြီးသည် လှေဖောင်များဖွဲ့၍ များစွာသော အခြံအရံနှင့် ဆန်တက်သည်။ ထူးခြားသော သရက်ပင်တွေ့သည်။ အသီးများပြွတ်သိပ်အောင် သီးနေပြီး ၀င်းမှည့်နေသည်ကို မြင်ရသော် ၀မ်းသာကုန်ကြသည်။
`ဟော… တို့များရှာနေတဲ့ သရက်ပင် မဟုတ်လေလား´
`မှန်ပါတယ် အရှင်´
`ကဲ ငါကိုယ်တော်မြတ်ကို ဒီသရက်သီး ခူးဆက်စမ်း´
`မှန်ပါအရှင်… သုံးဆောင်တော်မူပါ´
`အို… အရတော်စွ မောင်မင်း၊ တို့တောင့်တဲ့ သရက်သီးကို အခန့်သင့်တွေ့ပြီ။ ဒီသရက်သီးကို တ၀တနင့်စားရမယ်။ ဒီသရက်ပင်ရင်းမှာ ယာယီစံနန်းဆောက်ကြ´
ဗြဟ္မဒတ်မင်းကြီးနှင့် ခြွေရံအပေါင်းသည် သရက်ပင်ကို ၀န်းရံလျက် ခေတ္တယာယီစခန်းချ နေကြသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သရက်သီးကိုစားလေ့ရှိသော မျောက်များသည် အချိန်ကျတော့ သရက်ပင်ဆီလာကြသည်။ သို့သော် သရက်ပင်ခြေတွင် အိပ်နေသော လူတွေကို မြင်သည်နှင့် ထိတ်လန့်ကုန်သည်။
`အရှင့်မျောက်မင်း… အသင်ပြောတဲ့ ကံကြမ္မာဆိုးက ကျနော်တို့ဆီ ရောက်လာပြီ´
`မှန်တယ်မျောက်အများတို့ ငါဒီအရေးမြင်လို့ ကြိုစီစဉ်တာပဲ´
`ဒါ ဘယ်လိုလုပ်မလဲ အရှင်´
`အင်း… လူတွေဟာတို့ထက် ရသတဏှာကိုခုံမင်တယ် ဒီအတွက် လုယက်သတ်ဖြတ်ဝံ့ကြတယ်။ ဒါကြောက်စရာကောင်းတဲ့ အန္တရာယ်ပဲ´
`ကျနော်တို့ဟာ ဒီသရက်သီးကို အမှီပြုနေတော့ ၀မ်းရေးကြောင့်ကြစရာဖြစ်နေပြီ´
`အင်း… ကြံရမှာပလေ… ကဲဒီလိုလုပ်။ လူတွေအိပ်ချိန်မှာ ဒီသရက်ပင်ပေါ် အသံမကြားအောင် တက်ကြ။ အသံမကြားရအောင်စားကြ´
`ဟုတ်တယ်… ဒီနည်းပဲရှိတယ်´
မျောက်များသရက်ပင်သို့ ခုန်တက်သည်တွင် အသံထွက်ပြီးလူတို့ နိုးကုန်သည်။ မင်းကြီးသည် သရက်သီးစားသော မျောက်များ တွေ့သည်နှင့် လေးသမားများခေါ်လိုက်သည်။
`လေးသမားတို့ ငါမြတ်နိုးနှစ်သက်တဲ့ ဒီသရက်သီးကို လုစားဖို့ မျောက်တွေရောက်လာကြပြီ။ ဒီသတ္တ၀ါတွေကို တစ်ကောင်မှ အရှင်မထားနဲ့ အင်း… ငါတို့ဟာ စားရကံကြုံတော့ သရက်သီးရော မျောက်သားပါ စားရတော့မယ်´
`မှန်ပါတယ် အရှင်… မျောက်အုပ်ကနည်းနည်းနောနော မဟုတ်ဘူး´
`အိမ်း… မြားတစ်စင်း မျောက်တစ်ကောင်ကျအောင်ပစ်ကြ၊ တစ်ကောင်မှ မထွက်စေနဲ့´
`အရှင်မင်းကြီး မျောက်တွေက သရက်ပင်ထိပ်ဖျား နောက်နေတော့ အလှမ်းဝေးနေပါသေးတယ်။ အောက်ကိုင်းဆင်းလာမှ ပစ်ပါမယ်´
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
`အသင် မျောက်မင်း… ဒီတစ်ခါတော့ ကျနော်တို့ သေကိန်းဆိုက်ပြီထင်တယ်´
`အီး… ဟီး… ဟီး…´
`ဒုက္ခပါပဲ မျောက်မင်းရယ် ကျုပ်တို့အသက်ကို မကယ်နိုင်ဘူးလား´
လေးသည်တော်များ စောင့်ဆိုင်းနေသည်ကို တွေ့လျှင် သေဘေးကြောင့် ထိတ်လန့်တကြားဖြစ်ကုန်သည်။ ငိုကြွေးသူက ငိုကြွေးကြသည်။
`အို ငိုနေလို့ ဘာအကျိုးရှိမှာလဲကွယ်တို့ အမောင်တို့ မစိုးရိမ်နဲ့ ဒီပြဿနာကို ငါဖြေရှင်းပါမယ်´
`အသင့်ကိုသာ အားထားရာဖြစ်ပါတော့တယ်´
မျောက်မင်းသည် သရက်ပင်ထိပ်ဖျားက အခြားသစ်ပင် တစ်ပင်စီ ခုန်ကူးလိုက်သည်။ အလံတစ်ရာဝေးသော ထိုသစ်ပင်တွင် နွယ်တက်နေသော ကြိမ်နွယ်ကို လိုအပ်သော အတိုင်းအရှည်ဖြတ်ယူလိုက်သည်။ ဤနွယ်ကြိုးကို အသုံးပြုလျက် ရန်သူ့လက်က လွတ်အောင်ကြိုးစားရန် စိတ်ကူးသည်။
မျောက်မင်းသည် နွယ်ကိုချည်နှောင်လျက် သရက်ပင်သို့ ခုန်ကူးရာ နွယ်ကြိုးကသရက်ပင်သို့ မရောက် သရက်ကိုင်းဖျားတစ်ခုကိုသာ လက်လှမ်းမိတော့သည်။
`ကဲ လုပ်ကြ မြန်မြန်လုပ်ကြ ။ဘာငေးကြည့်နေလဲ ငါ့ကိုယ်ပေါ်နင်းသွားကြ´
`အို… အရှင်မျောက်မင်း ကျနော်တို့ မ၀ံ့ပါ´
`သင်တို့ အသက်ကယ်ဖို့အရေးက ဒီနည်းပဲရှိတယ်။ ငါ့ကို ရိုသေလည်းတခြားအချိန်မှာသာ ရိုသေကြတော့ ကူးကြစမ်း´
မျောက်များသည် ဘုရားလောင်းမျောက်မင်းကို အရိုအသေ ပြုလျက် ကျောပေါ်မှ နင်းကူးကြသည်။
မမြင်စဖူး ထူးကဲသော အခြင်းအရာတွေ့၍ မင်းကြီးက လေးသမားများကို ဟန့်တားလိုက်သည်။
`လေးသမားတို့ မပစ်ကြနဲ့။ ဒီအခြင်းအရာဟာ ကြုံတောင့် ကြုံခဲတဲ့ ကိစ္စ ကြည့်ကြကွဲ့။ ကြည့်ကြစမ်း။ ခေါင်းဆောင်ဆိုတာ အရေးရှိရင် အနစ်နာခံရတယ်´
`မှန်ပါတယ် အရှင်´
`ကြည့်စမ်း ဒီမျောက်ကြီးရဲ့ ဥာဏ်ပညာကြီးမှုဟာ ဘယ့်ကလောက်နမူနာယူစရာကောင်းလဲ။ ဒါဟာ ပညာဥာဏ်ကြီးမှုပဲ´
`ဟော… ဟော ဟိုမှာနောက်ဆုံးမျောက်တစ်ကောင်ပဲ ကျန်တော့တယ်။ ဟော… သင်းက မကူးသေးပဲ ဘာကြောင့် သစ်ကိုင်းပေါ် ခုန်တက်သွားပါလိမ့်။ ဟယ်´
ဒေ၀ဒတ်မျောက်မင်းသည် သစ်ကိုင်းထက်မှ ပြင်းသော အဟုန်နှင့် မျောက်မင်းကျောပေါ် ခုန်ချလိုက်သည်။ မျောက်ရှစ်သောင်း အနင်းခံ၍ မောပမ်းနေချိန် ဒေ၀ဒတ်မျောက်၏ မအပ်မရာ အကြံကြောင့် နှလုံးကွဲပျက်လျက် ကျတော့သည်။ အချင်းအရာအဖြစ်အပျက်ကို အစအဆုံးမြင်နေရသော မင်းကြီးသည် သစ္စာမဲ့သော မျောက်မင်း၏ လုပ်ရပ်ကိုတွေ့၍ အံ့သြသွားသည်။
`အိုး… မိုက်မဲတဲ့ မျောက်နှယ်… ကြည့်စမ်း အသက်စွန့်ကယ်သူကို မကောင်းကြံတာများ အံ့ရော´
`ကြည့်ကြစမ်းကွယ်တို့ ဒီမျောက်ဟာ တိရိစ္ဆာန်ဖြစ်လျက် မိမိအသက်ပဓါနမထားပဲ သူ့ပရိသတ်ကို ချမ်းသာရာရစေတယ်။ ကဲ ဒီမျောက်ကြီးကို မသတ်ကြနဲ့ ဒီကိုယူခဲ့။ မျောက်မင်းကို ကျောက်ဖျာထက်အ၀တ်ခင်းပြီး အနားယူစေသည်။ ရသာတင်လဲရည် တိုက်ကျွေးသည်။ ဒဏ်ရာကိုဆေးဝါးလိမ်းကျံ ပေးပြီးစူးစမ်းသည်။
`အသင်မျောက် သင်ကယ်တင်သော မျောက်များက သင်နဲ့ ဘာတော်လဲ´
`မင်းမြတ် ငါဟာ မျောက်ရှစ်သောင်းရဲ့ အကြီးအမှူးဖြစ်တယ်။ ငါတို့ဘေးတွေ့တော့ လွတ်မြောက်အောင်ငါ့ကိုယ်ကို တံတားခင်းလျှောက်စေတယ်။ ဒီအတွက် ငါသေရမှာကို ၀မ်း မနည်းပါ´
`မွန်မြတ်ပါဘိ မျောက်မင်း´
`မင်းကြီး ခေါင်းဆောင်ကောင်းမည်သည် စွန့်လွတ်စွန့်စားရမယ်။ အများအကျိုးကြည့်ရမယ်။ ခက်ခဲတဲ့ ကိစ္စကြုံရင် ဥာဏ်ပညာစွမ်းရည်ထုတ်လုပ်နိုင်ရမယ်။ ဒါမှ ခေါင်းဆောင်ကောင်းမည်ပေမယ်´
မျောက်မင်းက ဤသို့ ပြောပြီးသေဆုံးသွား၏။ မင်းကြီးသည် အထူးထူးသော ချီးကျူးမှု ပြုပြီး မျောက်မင်းကို ကောင်းစွာသင်္ဂြိုလ်လေသည်။
***မောင်ဆန္ဒ(လယ်ဝေး)***
**(မေတ္တာတရားနှင့် အခြားပုံပြင်များ)**

No comments:
Post a Comment