ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းပြုစဉ် ဒေ၀ဒတ်သည် မျောက်မျိုး၌ မျောက်အကြီးအကဲဖြစ်သည်။ မျောက် မင်းသည် မိမိနှင့်ရသော သားသမီးများတွင် မျောက်ထီးပါက မိမိ၏ ခေါင်းဆောင်နေရာလုမည်စိုး၍ ဝှေးစေ့ ထုတ်ကိုက်သတ်၏။ မျောက်ထီးမှန်က အရှင်မထားပေ။
`ငါမသိဘဲ သားသမီးတွေ မထားရဘူး၊ သားမွေးတာနဲ့ ငါ့ကို အကြောင်းကြား´
မျောက်မများသည် မျောက်ကြီး၏ ရက်စက်မှုကို မနှစ်ခြိုက်သော်လည်း မပြောဝံ့ကြ။ မိမိတို့ရှေ့တွင် သားယောင်္ကျားလေးများ အသတ်ခံရသည်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရုံသာ ရှိသည်။
တစ်နေ့တွင် မျောက်မတစ်ကောင် ကိုယ်ဝန်တည်သည်။ သားငယ်ကို စောင့်ရှောက်လို၍ တောင်ဝှမ်းတစ်ခုကို အမှီပြုကာ လျှို့ဝှက်နေသည်။
မကြာမီ ထိုမျောက်မက ဘုရားလောင်းမျောက်ငယ်ကို ဖွားသည်။ လျှို့ဝှက်မွေးလာရာ အရွယ်ရောက်သော် ခွန်အားဗလနှင့် ပြည့်စုံ၏။ အစွမ်းသတ္တိရှိ၏ အသိပညာနှင့် ပြည့်စုံ၏။
`မယ်မယ်… သားဖခင် ဘယ်သူလဲ၊ သားမှာ အဖမရှိရော့သလား…´
တောင်ဝှမ်းတစ်ခုတွင် မိခင်ကိုသာ အဖော်ပြုနေရသော ဘုရားလောင်းက စုံစမ်းသည်။ မိခင်မှတစ်ပါး အပေါင်းအဖော်မရှိရခြင်းအတွက် ထူးခြားမှုကို သိလိုစိတ်ဖြစ်ခဲ့သည်။
`အို… အဖမရှိဘဲ သားကိုမွေးဖွားမလားသားရယ်… ငါ့သားမှာ ဖခင်ရှိပါတယ်´
`ဒါဆို ဘယ်သူလဲအမိ´
`ဟောဒီတောင်ခြေရင်းက မျောက်ခေါင်းဆောင်ဟာ သားရဲ့ ဖခင်ပါ´
`ဟုတ်လာ အမိ၊ ဒါဆိုဖခင်ထံပို့ပါ´
`အို… ဒီအလိုကို ဆန္ဒမရှိပါနဲ့သားရယ်… သားသာ သင့်အဖေကို တွေ့ရင် ဒုက္ခဖြစ်လိမ့်မယ်´
မထင်မှတ်သည့်စကားကြား၍ ပိုစိတ်ဝင်စားသွားသည်။ သားသမီးက ဖခင်ကို တွေ့လျှင် ဒုက္ခဖြစ်ရမည်ဆို၍ အံ့သြမိသည်။
`ဘာကြောင့်လဲ အမိ´
`မင့်အဖေဟာ အလိုရမ္မက်ကြီးတယ်… အာဏာမက်တယ်။ သားယောင်္ကျားမွေးရင် သူ့ကို အန္တရာယ်ပြုမှာစိုးလို့ သတ်လေ့ရှိတယ်´
ဖခင်ဖြစ်သူ၏ အလိုရမ္မက်ကြီးမှုကြားရသော ဘုရာလောင်းသည် အမှန်တရားရောက်အောင် ဘယ်သို့ကြံရမလဲဟု တွေးနေသည်။ သူ့ခွန်သူ့အား ယုံကြည်သည့်အလျောက် မိခင်ကို တောင်းဆိုလိုက်သည်။
မိခင်မျောက်မကြီးက ဖခင်ဖြစ်သူကို မတွေ့ချင်ဖို့ အမျိုးမျိုး အကြောင်းပြလျက် ဖျောင်းဖျသည်။ ဘုရားလောင်းမျောက်မင်းက မရမနေပူဆာသဖြင့် ဖြစ်လိုရာဖြစ်စေ၊ ကံအကြောင်းတရားပဲဟု တွက်လျက် ဖခင်ဖြစ်သူနှင့် တွေ့ပေးလိုက်တော့သည်။
`ဟယ်… မိန်းမယုတ်၊ သင်ဟာ ငါ့စကား မတည်ရော့ သလား´
`ခွင့်လွှတ်ပါမောင်တော်… ရင်သွေးကို ချစ်မြတ်နိုးတာ မိခင်တိုင်း စိတ်ဆန္ဒပါ။ မောင်တော့်ကို မဆန့်ကျင်လိုပေမယ့် သားဟူသည့်ချစ်ခြစ်ကြောင့် စောင့်ရှောက်မိပါတယ်´
`ဒါဟာ ပြဿနာရှာတာပဲ မဟုတ်လား´
`ဒီကလေးဟာ မောင်တော်ရဲ့ ရင်သွေးပါ။ ဖခင်တို့မည်သည် မိမိရင်သွေးကို မြတ်နိုးကြပါတယ်။ ထို့အတူ သားသမီးကလည်း အဖဟူသော သံယောဇဉ်ရှိကြပါတယ်။ စိုးရိမ်စရာမရှိပါဘူး´
မျောက်မင်းသည် လွန်သည့်ကိစ္စပြုပြင်ရန်ခက်မှန်း သိသည်။ ပရိယာယ်နှင့် သတ်မှ ဖြစ်တော့မည်ဟု တွေးလိုက်သည်။
`အမောင်… လာလော့… အဖေ့ကို စိုးရိမ်လို့ ဒီကာလအထိ အဖေနဲ့ သားခွဲခွာနေရတယ်´
အင်း… ငါ့အဖေဟာ ပရိယာယ်သုံးပြီး ငါ့ကို နှိပ်ကွပ်တော့မှာပဲ၊ သတိထားနေရမယ်ဟု အလောင်းတော်မျောက်မင်းတွေးလိုက်သည်။ သတိထား၍ ဖခင်အပါး ချဉ်းကပ်လိုက်သည်။
`လာ… လာ သားတော်မောင်။ ငါ့သားကို ယုယပိုက်ထွေးပါရစေ´
ကျွန်ုပ်လည်း ဖခင်ရဲ့ချစ်ခြင်း ခံလိုပါတယ်´
မျောက်ငယ်ကို ရင်ခွင်တွင်းသိမ်းပိုက်လျှက် ဖက်သည်။ သာမန်အားဖြင့်ကြည့်လျှင် ဖခင်တစ်ယောက်က သားကို ယုယပိုက်ထွေးသည်ဟု ထင်ဖွယ်ရာရှိသည်။ သို့သော် အတွင်းအားထည့်လျက် ဘုရားလောင်းကို သေစိမ့်သောငှာ ညှစ်လေသည်။ တစ်ပါးသူမရိပ်စားမိအောင် သိုင်းချုပ်လျက် ညှစ်သတ်မည်ကို ကြိုတင်ရိပ်မိသော မျောက်မင်းက ဖခင်ကို ပြန်ပက်၏။ ဖျစ်ညှစ်၏။
ခွန်အားဗလကြီးသော အလောင်းတော်မျောက်မင်း၏ နှိပ်စက်မှုကို မခံနိုင်၍ အားလျော့လိုက်ရသည်။
`အလားလား… ငါ့ထက်ခွန်အား ကောင်းနေပါလား၊ ဒီကောင်ကို နိုင်ဖို့မလွယ် တစ်နေ့ကျ အန္တရာယ်ဖြစ်နိုင်တယ်။ ဥပါယ်တံမျဉ်နဲ့ လုပ်ကြံမှ ဖြစ်တော့မယ်´
မျောက်မင်းသည် ဤသို့အကြံရသည်နှင့် သားငယ်ကို မျက်နှာချိုသွေးလိုက်သည်။
`အမောင်… ဖခင်ဟာ အိုမင်းပြီး အရာရာ မစွမ်းတော့ဘူး။ ဒီအချိန်မှာ သားလိုခွန်အားဗလနဲ့ ပြည့်စုံသူရှိတာ အရတော်ပေစွ´
`ဖခင်လည်း အစွမ်းအစ ရှိပါသေးတယ်´
`ဒါပေမယ့် အရွယ်ရှိတဲ့ သင်ဟာ ငါ့ကိုယ်စား မင်းပြုမှဖြစ်မယ်။ ဒီတော့ တို့နဲ့ မနီးမဝေးမှာ ကန်တစ်ကန်ရှိတယ်။ အဲဒီက ပဒုမ္မာကြာပွင့်၊ ကုမုန္ဒြာကြာပွင့်၊ ဥပ္ပလကြာပွင့် အဲဒီကြားသုံးပွင့်ကို သွားယူပါ´
`ဘာအတွက်လဲ ဖခင်´
`သင့်ကို ဘိသိက်သွန်းမယ်လေ… ကြာပန်းတွေ ဆင်ပြီး နန်းအပ်ရမယ်သားရဲ့´
`ကောင်းပါပြီ ဖခင်´
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဘုရားလောင်းမျောက်မင်းသည် ဖခင်ညွှန်သည့်အတိုင်း ရေကန်သို့လာ၏။ ရေကန်သို့လာရာ လမ်းတစ်လျှောက်တွင် ချက်ခြင်းအမူအရာပြောင်းသွားသော ဖခင်သဘောထားကို တွေးလာခဲ့သည်။ ငါ့ဖခင်ဟာ ချစ်ခင်ယောင်ပြပြီး ငါ့ကို သိုင်းဖက်ဖြစ်ညှစ်သတ်ခဲ့တယ်။ သတ်ဖို့စွမ်းအင်မထုတ်နိုင်တော့ မျက်နှာချိုသွေးတယ်။ ငါ့ကိုတာဝန်လွှဲပေးမယ်ဆိုပြီး ဒီရေကန်ကို လွှတ်တယ်။ ဒီကိစ္စဟာ လျှို့ဝှက်တဲ့အစီအစဉ်တစ်ခုခုရှိမှာ သေချာတယ်ဟု တွေးလျက် ရေကန်အပါးချဉ်းကပ်လိုက်သည်။ ရေကန်၌ ကြာပန်းမခူးမီ အခြေအနေ သုံးသပ်လိုက်သည်။
`အင်း… ဒီကန်မှာ အဆင်းခြေရာသာရှိပြီး အတက်ခြေရာမတွေ့ရပါလား… ဧကန္တဒီကန်မှာ ဘီလူးစောင့် ပုံရတယ်။ ငါ့ဖခင်ဟာ ငါ့ကို သေစေလိုတဲ့သဘောနဲ့ ဘီလူးစားခံရအောင် လွှတ်တာပဲ´
မျောက်မင်းသည် ရေကန်အခြေအနေကိုကြည့်၏။ ကြာပန်းကို ခူးနိုင်သည့်နည်းလမ်းစဉ်းစားသည်။ ရေကန်ထဲ ဆင်းခူးလျှင် ဘီလူးဖမ်းစားခြင်းခံရမည်ကိုသိ၍ ဆင်းမခူးဘဲ ရနိုင်မည့် နည်းလမ်းရှာသည်။ ရေမရှိသောဘက်က ချဉ်းကပ်ပြီး အဟုန်နှင့်ခုန်လျက် ပန်းခူးပြီး တစ်ဘက်ကမ်းစပ်ကျ၏။
ဘီလူးအာဏာတည်ရာ ရေတွင်မသက်ဘဲ ကြာပန်းခူးသည်။ ဤသည်ကို ရေကန်စောင့်ဘီလဘူးတွေ့သော် ရေမှထွက်လျက် မင်းသားကိုတွေ့သည်။
`အသင်မျောက်၊ ငါ့တစ်သက်မှာ သင်လိုစွမ်းအင်ရှိသူ တစ်ယောက်မျှ မတွေ့ဖူး၊ သင်ဟာ ငါ့အာဏာသက်ရာ မဆင်းပဲ ကြာပန်းယူနိုင်ချေတယ်´
`မှန်တယ် ဘီလူး၊ မဖြစ်သာလို့ ဒီလို ကြံရတယ်´
`ဘာ့ကြောင့်လဲ မျောက်မင်း´
အလောင်းတော်မျောက်မင်းသည် သူကြုံတွေ့နေရသော အန္တရာယ်ကို ရှင်းပြသည်။ သူ့အား ဖခင်လုပ်သူက သတ်ရန်ကြံစည်ပုံကို သဘောပေါက်အောင် ပြောပြသည်။
`ငါ့အဖေက သူ့လက်နဲ့ မသတ်ဘဲ သေစေလို၍ ဒီကိုလွှတ်တယ်။ ငါ့ကို ထီးနန်းအပ်မယ်ဆိုပြီး ပရိယာယ်သုံးတယ်´
`အသင်မျောက်မင်း လုံ့လရှိသူ၊ ရဲရင့်သူ၊ ပညာဥာဏ်ကြီးသူ ဒီသုံးပါပြည့်စုံသူဟာ ရန်သူကို အောင်နိုင်ပါတယ်။ သင်ဟာ ဒီအရည်အချင်းသုံးရပ် ပြည့်စုံသူပါ´
`ကျွန်ုပ်ဟာ အသင့်ကို ချီးကျူးလို၍ ကြာပန်းကို ကိုယ်တိုင်ခူးပြီး သင့်ဖခင်ထံ ဆက်ပါ့မယ်´
`ကောင်းပါပြီဘီလူး၊ သင်က ဒီပုံကူညီရင် ငါ့အဖို့ ကိစ္စနှစ်ရပ် တစ်ပြိုင်နက် အောင်မြင်တာပလေ…´
`ကျွန်ုပ် မင်းသားကို ဂုဏ်ပြုတာပါ´
ဘီလူးသတ်စေရန် ရည်ရွယ်လွှတ်လိုက်သော သားသည် ဘီလူးကိုခေးလျက် ကြာပန်းကိုင်လာသည်ကို မြင်လျှင် မျောက်မင်းသည် စိတ်နှလုံးပူပန်ပြီး ရင်ကွဲသေတော့သည်။ မျောက်မင်းသေသော် ဘုရားလောင်းသည် မျောက်တို့အကြီးအကဲဖြစ်လာလေတော့သည်။
***မောင်ဆန္ဒ(လယ်ဝေး)***
(မေတ္တာတရားနှင့် အခြားပုံပြင်များ)

No comments:
Post a Comment