လှည်းကုန်သည်တို့ ဖြတ်သန်းသွားလေ့ရှိသော လမ်းဆုံတွင် ကြီးမားသော သာလာယံဇရပ်ကြီးတစ်ဆောင်ရှိ၏။ ဇရပ်ကြီးမှာ ကြီးမားကျယ်ပြန့်သောကြောင့် ခရီ်းသွားများ ချောင်ချိစွာ တည်းခိုနိုင်သည်။ ဇရပ်ကြီးမှာ ကြီးမား လွန်းသဖြင့် အမြဲနေသူတွေ ရှိနေပါလျက်နှင့် အာဂန္တုများအတွက် နေရာအခက်အခဲ မပေါ်ပေါက်ခဲ့ပေ။ ထိုဇရပ် တွင် အမြဲနေသူများမှာ မျက်မမြင်ပုဏ္ဏား ခြောက်ကျိပ်ဖြစ်ချေ၏။ အချို့လည်း သွားရင်းလာရင်း တည်းခိုရာက ကောင်းမှန်သိသဖြင့် ဇရပ်မှ မခွာတော့ချေ။ ထိုသို့ ဖြစ်ရခြင်းမှာ ဤနေရာ၌ ရေမိုး မခက်ခဲ။ နေစရာ စားစရာ မပူပင်ရ၍ ဖြစ်ပေသည်။
ဤသို့လျှင် သာလာယံ ဇရပ်ကြီး၌ မှီခိုနေထိုင်သော မျက်မမြင် ဒုက္ခိတပုဏ္ဏားခြောက်ကျိပ်သည် ခရီးသွားများ၏ ပေးစာ ကမ်းစာများကို မှီခိုနေထိုင်ကြရလေ၏။ သူတစ်ပါး၏ ပေးစာ ကမ်းစာ မြစ်သောကြောင့် အကောင်းလည်းပါ၏။ အညံ့လည်းပါ၏။ အလျှံပယ်ပေါများသည့်နေ့ ရှိသည့်နည်းတူ မလောက်ငသော နေ့လည်းရှိပေ၏။
မျက်မမြင်များမှာ အခြားအလုပ်လည်းမရှိ။ တစ်စုံတစ်ခုသော အလုပ်ကိုလည်း ရှာကြံတီထွင်၍ မလုပ်ကြ။ ၀ိုင်းဖွဲ့စကားပြောခြင်းဖြင့် အချိန်ကုန်ကြလေ၏။ ထိုသို့ ၀ိုင်းဖွဲ့ပြောရာတွင် ကြီးမှ ကွယ်သူများသည် နှောင်းဘ၀ကို တလွမ်းတဆွေး ပြောကြ၏။ အချို့ကား ရှင်ပြုစဉ်က ရွှေထီးဆောင်းရပုံများကို တမ်းတချဲ့ကား ကြွားဝါကြ၏။
တစ်နေ့တွင်စကားဝိုင်း၌ ဒုက္ခိတ ပုဏ္ဏားတစ်ယောက်က ပြော၏။ `ပြောရင် အဆွေတို့ ယုံမှာမဟုတ်ဘူး။ ကျုပ်မိန်းမနှင့် ကျုပ်နှင့် မင်္ဂလာဆောင်တုန်းကဆိုရင် လာသမျှ လူတိုင်းကို မွေးပွတဘက်တစ်ထည်စီ လက်ဆောင်ပေးတာကလား၊ ကျွေးတဲ့ ထမင်းကလည်း အုန်းထမင်းကို ၀က်သားနှင့် ကျွေးတာကလား၊ ဘယ်စားနိုင်မှာတုန်း´
နားထောင်နေသော ဒုက္ခိတများထဲမှ တစ်ယောက်က- `အဲဒီတုန်းက အကျွန့်ကို ခေါ်ပြီးကျွေးပါတော့ဗျာ၊ ၀က်သားတုံး တစ်တုံးကို ဒူးခေါင်းလောက်မှ ကြီးရဲ့လားဗျာ´
မျက်နှာမော့ထားပြီး မေးသည်။ `၀က်သားတုံးတွေ ကြီးပုံများတော့ မပြောနှင့် တချို့ဆို ၀က်သားတစ်ဖတ်ကို ကုန်အောင် မစားနိုင်ဘူး´
`အောင်မယ် ခင်ဗျား ၀က်သားဖတ်က ဘယ်လောက်ကြီးလို့ စားမကုန်ရမှာတုံး စားပြချင်လှသဗျာ´
တစ်ယောက်က သွားရည်တမြားမြား ကျလျက်က ဒေါသတကြီး ပြော၏။ ထိုအခါ အခြားတစ်ယောက်ကလည်း `ဟုတ်ပါ့ဗျာ၊ သူ့ဝက်သားတုံးက ကျုပ်ခေါင်းထက် မကြီးနိုင်ပါဘူး။ စားလိုက်ချင်တယ်´ဟု ကြုံးဝါး၏။
ဤအချိန်ဝယ် လူတစ်ယောက်သည် သူတို့နှင့် မနီးမဝေးတွင် ရပ်ပြီး နားထောင်နေ၏။ သူစိမ်း နားထောင်နေမှန်းမသိသဖြင့် ဒုက္ခိတတွေ အပြောမပျက်။
`အဆွေရဲ့ မင်္ဂလာဆောင်က ၀က်သားပဲ ကျွေးသလား၊ အမဲသားတို့၊ ကြက်သားတို့၊ ငါးတို့ မပါဘူးလား´
`ပါတာပေါ့ဗျာ၊ ငါးမှ ငါးကြင်၊ ငါးသိုင်း၊ ငါးဘတ်၊ ငါးဖယ်´
`မစားလိုက်ရတာ နာတယ်ကွာ´
`ဆရာတို့ ဆရာတို့´အသံပေးလျက် လူစိမ်းသည် ဒုက္ခိတများဘေးသို့ ရောက်လာသည်။ ဒုက္ခိတများ တိတ်ဆိတ်သွားပြီး တစ်ယောက်က မေး၏။
`ဘယ်သူပါလိမ့်၊ ဘာကိစ္စပါလိမ့်´
`ကျနော်ပါ ဟိုဘက်ရွာကပါ၊ ဆရာတို့ အစားအစာ အကြောင်း ပြောနေသံကြားတဲ့အတွက် ဟိုဘက်ရွာက အလှူကို ပို့ပေးချင်စိတ် ပေါက်လာလို့ပါ´
`မလုပ်ပါနှင့်ဗျာ၊ အလှူရှင်က စေတနာမရှိရင် စိတ်ဆင်းရဲ နေပါ့မယ်´
`အလှူရှင်က စေတနာရှိပါတယ်ဗျာ။ ခင်ဗျားတို့က ခြောက်ကျိပ်ကြီးတောင်ဖြစ်နေလို့ တာဝန်ယူပြီး သွားခေါ်ပြန်ပို့ လုပ်ရမယ့် လူအခက်အခဲဖြစ်နေတာ ကျနော်ကတော့ ခင်ဗျားတို့ ပြောနေသံကြားရလို့ စေတနာရှိလာတယ်´
ထိုအခါ ခေါင်းခံပြီး ပြောသူက ချေပ၏။
`ကျုပ်တို့ကို ခေါ်ရတာ မခက်ပါဘူး မိတ်ဆွေ၊ တစ်ယောက်ခါးကို တစ်ယောက်ကိုင်ပြီး အဆွေခေါ်ရာကို အေးအေးဆေးဆေး လိုက်မှာပါ ဟင်းကောင်း ကျွေးကောင်း ၀၀လင်လင် မစားရတာလည်း ကြာပါပြီ ကူညီပါ အဆွေ´
`ကောင်းပြီလေ တစ်ယောက်ခါးကို တစ်ယောက်ကိုင်ပြီး လိုက်ခဲ့ကြပေတော့´
ဒုက္ခိတများအား အလှူအိမ်သို့ခေါ်သူမှာ လူလှောင် လူသရော်ဖြစ်၏။ သို့အတွက် ရှေ့ဆုံးတစ်ယောက်၏ လက်ကိုဆွဲခေါ်လာသည်။ သူ့နောက်မှ လူများမှာ တစ်ယောက်ခါးကို တစ်ယောက် ဆွဲလျက် တရွေ့ရွေ့ လိုက်ပါလာကြသည်။ အတန်ငယ်သွားမိသောအခါ လူသရော်သည် ဖြောင့်ဖြောင့်မသွားဘဲ ဘေးသို့ကွေ့၏။ ထိုအခါ ရှေ့ဆုံးလူသည် နောက်ဆုံးလူ၏ နောက်သို့ ရောက်လာသည်။ လူလှောင်လည်း နောက်ဆုံးလူ၏ ခါးထဲသို့ ရှေ့ဆုံးလူ၏လက်ကို ချိန်ပေးလိုက်၏။
ဒုက္ခိတခြောက်ဆယ်တို့သည် တစ်ယောက်ခါးတစ်ယောက်ကိုင်လျက် လူတွဲ အ၀ိုင်းကြီးဖြစ်ကာ ချုံကြီးတစ်ခုကို ပတ်ချာလှည့်နေကြလေသည်။
***မင်္ဂလာဈင်အောင်***
(ဟာသပုံပြင်များ)

No comments:
Post a Comment