ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းစိုးစံစဉ် ဘုရားလောင်းသည် ကာသိရွာ၌ ပုဏ္ဏားမျိုး၌ဖြစ်၏။ ကာသိရွာနှင့် မလှမ်းမကမ်းတွင် တောအုပ်တစ်အုပ်ရှိသည်။ ထိုတောအုပ်တွင် မျောက်တသင်းသည် အမှီပြုနေသည်။ တောအုပ်နှင့် ကာသိရွာကြား လမ်းမကြီးဘေးတွင် ရေတွင်းတစ်ခုရှိသည်။ ခရီးသွားတို့သည် အပန်းဖြေရင်း ထိုရေတွင်းမှ ရေခပ်သောက်ကြသည်။
`အား… အေးလိုက်တဲ့ ရေလေးဗျာ… ကုသိုလ်ကြီးပါပေ့၊ ဒီရေတွင်း လှူသူဟာ တကယ်ကို ဥာဏ်ကြီးသူပါပဲ။ လိုအပ်တဲ့နေရာ လိုအပ်တဲ့အရာထားတာပဲ´
ခရီးသွားတို့ ကျန်ရစ်သော ရေကိုမျောက်များ သောက်သုံးလေ့ရှိသည်။ ယင်းကို မြင်ပြီး သတ္တ၀ါတို့ကို ကြင်တာတတ်သူတို့က မျောက်များအတွက် ရေခပ်ပေးကြသည်။
`သြော်… ဒီမျောက်တွေကလည်း ဒီရေတွင်း အမှီပြုနေတာပဲ။ အင်း… သူတစ်ပါးကောင်းမှုနဲ့ ကုသိုလ်ပြုရတာပ၊ ကဲ လာ လာ…ရေသောက်ကြ´
ခရီးသွားတို့က မျောက်များသောက်ရန် ရေခပ်ထည့်ပေးသည်။
`ဟေ့… လာကြဟေ့… လာကြ။ ဒီမှာ ရေအဆင်သင့်ရှိပဟေ့´
`ဟုတ်လား… အတော်ပဲ၊ ရေဆာနေတာနဲ့ တို့များက ရေမငတ်နိုင်တော့ ခပ်ပေးသူရှိမှ ရေသောက်ရတာ´
`ပြောမနေနဲ့ ငရှုပ်၊ သောက်မှာသောက်´
`ကျေးဇူးတရားဆိုတာ သိရတယ်ကွ´
`အောင်မယ်… မျောက်က ကျေးဇူးတရားတွေ ဘာတွေ လုပ်နေပြန်ပြီ´
လူများသည် မျောက်များရေသောက်သည်ကို ကြည့်ပြီး ကြည်နူးပီတိ ဖြစ်ကြကုန်၏။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တစ်ခါတွင် ဘုရေားလောင်ပုဏ္ဏားသည် ခရီးဝေးက ပြန်လာရင်း ရေတွင်းမှာ ၀င်နားသည်။
`အင်း… ရေလေးတစ်ပေါက်သောက်ပြီး တစ်အောင့်တစ်နား အပန်းဖြေလိုက်ဦးမှ´
ထိုစဉ် မျောက်ကြီးတစ်ကောင် ဒယီးဒယိုင်နှင့် ရောက်လာသည်။ ရေဆာလောင်နေပုံရသည်။
`ဟောဟဲ… ဟောဟဲ၊ ကျုပ်… ကျုပ်ကို ရေတိုက်ပါ´
`သြော်… မျောက်ကြီးပါလား၊ ရေငတ်လာတယ် ထင်ပ´
`အင်း… အေးဗျာ… ရေငတ်လွန်းလို့ အာခေါင်တွေ ကွဲခြောက်ပြီးသေတော့မလား အောက်မေ့ရတယ်…´
`ရေခပ်လာသူ မရှိဘူးလား´
`ခုတစ်လော ဒီလမ်းမှာ သွားသူလာသူမရှိလို့ ဘယ်သူမှ ရေမသောက်ကြရဘူး၊ အမယ်လေး… စကားနောက်မှပြောပါဗျာ… ရေတစ်ခွက်လောက် မြန်မြန်ပေးပါ´
`ဟုတ်ပြီ… ဟုတ်ပြီ။ ရော့… ဒီမှာရေ… ဖြည်းဖြည်းလည်းသောက် ရေသီးပြီး ဒုက္ခရောက်သွားမယ်´
`အားပါးပါး ခုမှ တော်တော်ဟုတ်သွားတယ်။ ဒီနေ့သာ ရေမသောက်ရရင် သေဖို့လမ်းများတယ်´
`ဒုက္ခ… ဒုက္ခ´
ခရီးသွားပုဏ္ဏားက ရေကို အငမ်းမရသောက်နေသော မျောကိုကြည့်ပြီး သံဝေဂစကားဆိုလိုက်သည်။ မိမိအပေါ်ကရုဏာသက်နေသော ပုဏ္ဏားကြီးကိုကြည့်ပြီး စချင်နောက်ချင်စိတ်ဖြစ်လာသည်။
`ဗျာ… ဘယ်လိုဒုက္ခ ဟုတ်လား… နေပါဦး ဒုက္ခဆိုတာ ဘယ်လိုလဲ။ ချိုနဲ့လား၊ အမောက်နဲ့လား´
`အယ်… အင်း၊ ဒုက္ခဆိုတာ အကောင်ဒြပ်ဘယ်ရှိမလဲ၊ ဆင်းရဲတာဒုက္ခပေါ့´
`ဆင်းရဲတယ်… ဘယ်ဟာက ဆင်းရဲတာလဲ ပုဏ္ဏားကြီး အင်္ကျီစုတ်၊ ပုဆိုးစုတ်၊ ၀တ်ရတာဒုက္ခလား…။ ပုဏ္ဏားကြီး ချူနာရှိုက်ကုန်း ဖြစ်နေတာ ဒုက္ခလား´
`အို… သင်ဟာ တော်တော်မဟုတ်က ဟုတ်က ပြောတတ်သူပဲ´
`အဟတ်… မဟုတ်က ဟုတ်က ရယ်ရတယ်ဗျာ… အဟိဟိ လူဖြစ်နေတဲ့သင်က ဒုက္ခ… ဒက္ခလို့ ညည်းညူသေးတယ်။ အံ့ရော… အံ့ရော´
`အသင်မျောက်၊ သင်ဟာ အဖိုးမတန်တဲ့ စကားဆိုပါလား´
`အဟိဟိ… ခွီး… ခွီး´
ရေ၀ပြီး လန်းဆန်းလာသော မျောက်ကြီးက ပုဏ္ဏားကို စကားနှင့်နှိပ်စက်ရုံမက ပျက်ချော်ချော် အမူအရာ ပြပြန်သည်။
`ဟယ်… ယုတ်မာတဲ့မျောက်၊ သင်ဟာ င့ါကျေးဇူးကိုမှ မထောက်၊ ချက်ချင်းပင် ပြောင်လှောင်ပြက်ရယ်ပြုမိတာ ငါ့အမှားပဲ´
`အေး… အကျင့်ပျက်တဲ့ မျောက်တော့ လက်ငင်းတွေ့ဖူးပြီ´
`ဟတ်လား… ကောင်းစွ၊ ကောင်းပေစွ၊ သင့်ကျေးဇူးဆပ်တဲ့အနေနဲ့ အီးတစ်လုံး ပစ်ပေးခဲ့ရဦးမယ်´
မျောက်သည် ပြောပြောဆိုဆိုနှင့် သစ်ပင်ပေါ်တက်သွားပြီး ပုဏ္ဏားကြီးခေါင်းပေါ် အီးပါချလိုက်သည်။
`ဟင်… ချီးတွေ´
`အဟေ့ဟေ့ ဘယ်က ချီးရမလဲ၊ ရွှေတုံးဗျ၊ ရွှေတုံး။ သိမ်းထား အိမ်ကျမှ ပုဏ္ဏားမကြီးစားဖို့ပေးလိုက်´
`ယုတ်မာတဲ့မျောက်´
ပုဏ္ဏားကြီးသည် ယုတ်မာသော မျောကိကို ကျေးဇူးပြုမိခြင်းအတွက် နောင်တကြီးစွာ ဖြစ်ရတော့သည်။
***မောင်ဆန္ဒ(လယ်ဝေး)***
***(မေတ္တာတရားနှင့်အခြားပုံပြင်များ)**

No comments:
Post a Comment