ရှေးသရောအခါက ကျေးရွာတစ်ရွာတွင် မောင်ပေါက်တူးဆိုသူ ရှိလေသည်။ သူသည် လက်လုပ်လက်စားမျှသာ ဖြစ်သည်။ အလုပ်လုပ်ရန် ငှားရမ်းသူရှိလျှင် မခိုမကတ် လုပ်တတ်သောကြောင့် ငှားရမ်းသူ မရှားချေ၊ သို့ရာတွင် စကားကို မှန်မှန်ကန်ကန် မပြော။ အနည်းငယ်မျှဖြစ်စေ မုသားပြောရမှ ကျေနပ်သူဖြစ်သည်။ သို့အတွက် အပေါင်းအသင်း မရှိချေ။
ငှားရမ်းသူ မပေါ်လာသောကြောင့် အားလပ်နေသော နေ့တစ်နေ့တွင် မောင်ပေါက်တူးသည် ရွာပြင်သို့ ထွက်လာခဲ့၏။ ကျေးငှက်သံများကို နားထောင်ရင်း တဖြည်းဖြည်း လာခဲ့ရာ ဆွမ်းခံပြန်ချိန်ရောက်မှ မောင်ပေါက်တူး သတိရသည်။
`တော်တော်ဝေးလာပြီ ပြန်လှည့်မှ´
သို့ရာတွင် မောက်ပေါက်တူး မျက်စိလည်နေပြီ။ ညာဘက်သို့ သွားရမည်လော၊ ဘယ်ဘက်သို့ ကွေ့ရမည်လော၊ ကျောဘက်သို့ သွားရမည်လော။ တောကြီကလည်း နက်လှသည်။ ထို့ကြောင့် မောင်ပေါက်တူးသည် အလွန်မြင့်သော သစ်ပင်တစ်ပင်ခြေရင်းသို့အသွားတွင် သစ်ပင်ခြေရင်း၌ ထိုင်နေသော ဇော်ဂျီတစ်ယောက်ကို တွေ့သည်။
`အရှင် ဘာများခိုင်းစေလိုပါသတုံး´
အကျင့်ပါနေသော ပါးစပါက အလိုအလျောက် မေးမိလျက်သား ဖြစ်သွားပေ၏ ဇော်ဂျီ အံ့အားသင့်သွား၏။
`လူတွေဟာ ငါ့ကို မတွေ့လိုက်နဲ့ တွေ့ရင် ရွှေပေးပါ၊ ငွေပေးပါချည်း တောင်းကြတယ်။ ဒီကောင်ကတော့ မတောင်းဘူး ထူးတယ်´
ဇော်ဂျီသည် ထိုသို့တွေးပြီး တောကြက်တစ်ကောင်ကို ဖမ်းပေးလိုက်သည်။
`ငါသွားစရာရှိသေးတယ်ကွာ၊ ငါပြန်လာရင်စားဖို့ ဒီကြက်ကို ကင်ထားလိုက်´
မောင်ပေါက်တူးသည် လေကွယ်ရာ ဂူတစ်ခုထဲသို့ သွားကာ တောကြက်ကို ကင်သည်။ တဖြည်းဖြည်းနှင့် ကြက်မှအဆီများသည် မီးထဲသို့ကျသည်။ သင်းပျံ့သောရနံ့ကြိုင်လှိုင်လာသည်။ မောင်ပေါက်တူးသည် ၀မ်းသာနေစဉ် ကြက်ကင်နံ့ ရပြန်သောအခါ မအောင့်အီးနိုင်တော့ပေ။ ကြက်ကင်ကို ဖဲ့စားမိလေ၏။
အတန်ကြာသောအခါ ဇော်ဂျီ ပြန်ရောက်လာသည်။ `ကြက်ကင်မှာ ခြေထောက်တစ်ချောင်း မရှိပါတကား၊ မင်းစားပြီးထင်တယ်´
`မစားပါဘူး အရှင်၊ ဒီကြက်မျိုးက ခြေတစ်ချောင်းပဲ ရှိဟန်တူပါတယ်´
ဇော်ဂျီ မကျေနပ်ပါ။ လက်ခံပါ။ `ဟေ့ကောင် မလိမ်နဲ့နော် လိမ်လို့ရှိရင် အလျော်ပေးရတတ်တယ်´
`မလိမ်ပါဘူး အရှင်´
ဇော်ဂျီသည် သူတော်ကောင်း မဟုတ်။ အင်းစွမ်း၊ ဆေးစွမ်းကြောင့် မြေလျှိုးမိုးပျံနိုင်သူသာ ဖြစ်သည်။ သို့အတွက် မောင်ပေါက်တူးအား သင်ခန်းစာပေးရန် စိတ်ကူးဖြင့် ဤသို့ မေး၏။
`ငါ့ကို ကြက်တစ်ကောင် ကင်ပေးတဲ့အတွက် မင်းကို ဆုချရမယ်။ ဒါထက် ဘုရင့်ပွဲတော်စာကို မစားချင်ဘူးလား´
`စားချင်ပါသကော အရှင်၊ အကောင်းအညွှန့်တွေချည်းနေမှာ´
`ဒါဖြင့် ရှေ့တိုး´
ဇော်ဂျီးသည် မောင်ပေါက်တူး၏ နဖူးတွင် `ကိုယ်ပျောက်အင်း´ကို `မှန်ကူ´ပေးလိုက်လေ၏။မောင်ပေါက်တူးလည်း ရဲဝံ့စွာ နန်းတော်ထဲ ၀င်သွားသည်။ ဘုရင်မြင်းမြတ်ပွဲတော်တည်နေသည့် နေရာတွင် ၀င်ထိုင်သည်။ ထို့နောက် ဘုရင့်ပွဲတော်စာကို တ၀တပြဲ စားလေတော့၏။
ဘုရင်မှာ ၀အောင်စားလိုက်ရသည် မရှိ။ ပွဲတော်စာတွေ လျင်မြန်စွာ ကုန်သွားသဖြင့် အကြံရခက်နေသည်။ တစ်နေ့တွင် မောင်ပေါက်တူး၏ဆရာ ဇော်ဂျီသည် နန်းတော်သို့ ရောက်လာ၏။
`ဇော်ဂျီ ရောက်လာတာ အတော်ပဲ၊ အကူအညီတောင်းရဦးမယ်´
စားတော်ဝန်က ခရီးရောက်မဆိုက် ပြောသည်။ တဆက်တည်းပင် ဘုရင်မြင်းမြတ်၏ ပွဲတော်စာများ ထည့်မလောက်ဖြစ်နေပုံကို ရှင်းပြပြီး အကူအညီပေးပါရန် ပြောပြသည်။
`လွယ်ပါတယ် ၀န်မင်းရာ ဘုရင်မင်းမြတ်ရဲ့ ဘက်မှာ ရိုးရိုးပဲထား၊ မျက်နှာချင်းဆိုင်ဘက်မှာတော့ ငရုပ်မှုန်တွေကို ပွဲတော်စာနဲ့ အုပ်ထားလိုက်ပေါ့´
`အဖြေပေါ်ရော့လား´
`စိတ်ချ ပေါ်လာလိမ့်မယ်´
နောက်တစ်နေ့တွင် ဘုရင်မင်းမြတ်သို့ ပွဲတော်စာဆက်သောအခါ စားတော်ဝန်သည် ဇော်ဂျီမှာသည့်အတိုင်း ဆောင်ရွက်ထားသည်။ မောင်ပေါက်တူးသည် ကိုယ်ပျောက်အင်းအားကိုးဖြင့် ရဲဝံ့စွာဝင်လာသည်။ ဘုရင်နှင့် မျက်နှာချင်းဆိုင် ၀င်ထိုင်သည်။ ပွဲတော်လုပ်ကို အေးဆေးစွာ နှိုက်ပြီးစားသည်။
ပွဲတော်စာထဲမှ မမျှော်လင့်သော ငရုတ်မှုန်တွေ မောင်ပေါက်တူး၏ ၀မ်းထဲသို့ ၀င်ရောက်သွားသည်။ ချက်ချင်း အိုက်စပ်လာသည်။ နဖူးတွင် ချွေးသီးချွေးပေါက်တွေ စီလာ၏။
နဖူးတွင် ချွေးစို့လာလျှင် လက်ဖြင့်သပ်စမြဲပေတည်း။ မောင်ပေါက်တူးလည်း နဖူးမှချွေးကို အမှုမဲ့၊ အမှတ်မဲ့ ပွတ်မိသည်။ နဖူးတွင် ရေးဖားသော အင်းမှန်ကူကွက်ကြီး ပျက်သွားရာ ဘုရင့်ရှေ့၌ ဆောင့်ကြောင့်ထိုင်နေသော အသည်သားတစ်ယောက် ဘွားခနဲ ပေါ်လာလေ၏။
`လာခဲ့ ရာဇ၀တ်သား´
စားတော်ဝန်က မောင်ပေါက်တူးကို သျှောင်ဆွဲပြီး ဖမ်းဆီးကာ ပါးကွက်သားတို့၏ လက်ထဲသို့ အပ်လိုက်တော့သည်။ မောင်ပေါက်တူးသည် ဇော်ဂျီ၏အမည်ကို ထုတ်ဖော်ပြော၏။ မလွတ်ပေ။ သူသည် ရာဇ၀တ်မှုကြီးနှစ်မှုကို ကျူးလွန်ထားသူဖြစ်သည်။
ပထမတစ်မှုမှာ ဘုရင်မပေးဘဲ ဘုရင့်စားတော်အုပ်ကို နှိုက်စားမှု၊ ဒုတိယအမှုမှာ ယောင်္ကျားမ၀င်ရသော အနေက်ဆောင်သို့ ကျူးကျော်ဝင်ရောက်မှု၊ တောင်စွယ်တွင် နေကွယ်ချိန်၌ ကွက်မျက်ရန် မောင်ပေါက်တူးကို သုသာန်သို့ထုတ်ပြီး ကားစင်တင်ထားသည်။
ဇော်ဂျီသည် မောင်ပေါက်တူးအား ဆုံးမရုံသာ ရည်ရွယ်သည်။ ကိစ္စတုံးလုပ်ပစ်ရန် မရည်ရွယ်ပေ။ ထို့ကြောင့် လာရောက်စုံစမ်းသည်။ သုသာန်တွင် ကားစင်တင်ထားကြောင်း သိရသောအခါ နေကိုကြည့်သည်။ နေသည် တောင်စွယ်၌ မေးတင်နေပြီ။
ဇော်ဂျီသည် သာမန်အရပ်သားအသွင်ဖြင့် ခြေကျင်လျှောက်ရန် မဖြစ်တော့ပေ။ ဆေးတောင်ဝှေးအစွမ်းဖြင့် သုသာန်ဘက်သို့ ပျံသန်းခဲ့ရသည်။ တောင်စွယ်၌ နေကွယ်လျှင်ကွယ်ချင်း သူရောက်သွားသည်။ လေထဲမှာရပ်ပြီး လက်ဝါးကပ်တိုင်မှ အနှောင်အဖွဲ့များကို ဖြူတ်ပေးကာ လေထဲသို့ ဆွဲခေါ်သည်။
သို့သော် မောင်ပေါက်တူးအား ဆွဲခေါ်ချိန်နှင့် ပါးကွက်သားက ဓားမြှောက်ပြီး ခုတ်ချိန်တို့ တိုက်ဆိုင်သွားသည်။ သို့ဖြစ်၍ မောင်ပေါက်တူးမှာ ခြေထောက်တစ်ချောင်း ပြတ်သွားလေ၏။
`နာလိုက်တာ နာလိုက်တာ အရှင်ရယ်၊ ကယ်တော်မူပါဦး´
မောင်ပေါက်တူးသည် နာကျင်စွာ အောင်ဟစ်ရင်း ဇော်ဂျီဆွဲခေါ်ရာသို့ ပါလာ၏။
`ကျောက်ဂူကို ရောက်မှ ဆေးကုပေးမယ် အားအငယ်နဲ့´
`ခြေထောက်တစ်ချောင်းကို လိမ်ရင် ခြေထောက်တစ်ဖက်ပေးဆပ်ရလိမ့်မယ်ဆိုတဲ့ အရှင့်စကား သွေးထွက်အောင် မှန်ပါကလား´
ဇော်ဂျီက စူးစမ်းမျက်လုံးဖြင့် လှည့်ကြည့်ကာ `မင်းဘာပြောတာတုံး´မေး၏။
`ကြက်ကင်ရဲ့ ခြေထောက်တစ်ဖက်ကို စားပစ်ပါလျက် အကျင့်ပါပြီး မစားဘူး။ လိမ်မိတာကို ပြောတာပါအရှင်´
`ဟင်း- ငါကဲ့သို့သော ဇော်ဂျီကိုတောင် လိမ်တဲ့အကောင် တပည်အဖြစ် မွှေးလို့ ဘယ်ဖြစ်မတုံး၊ သွားပေတော့´
ဇော်ဂျီသည် သူဆုပ်ကိုင်ထားသော မောင်ပေါက်တူး၏ လက်တစ်ဖက်ကို ဖြုတ်ပစ်လိုက်သည်။ မောင်ပေါက်တူးမှာ ထိုတစ်ခဏအတွင်း နက်ရှိုင်းသော တောအုပ်ကြီးထဲမှာ စောက်ထိုးမိုးမျှော် ကျသွာေးလတော့၏။
*** မင်္ဂလာဈင်အောင်***
***(ဟာသပုံပြင်များ)**

No comments:
Post a Comment