မာဂဓတိုင်း ရာဇဂြိုလ်ပြည်တွင် မာဂဓမင်းစိုးစံစဉ် ဘရားလောင်းသည် ဆင်ဖြူမျိုး၌ ဖြစ်၏။ ရူပသမ္ပတ္တိနှင့် ပြည်စုံသည်။ မာဂဓမင်းက မင်္ဂလာဆင်ပြု၏။ တနေ့တွင် မင်းသည် မင်္ဂလာဆင်ကို တန်ဆာဆင်လျှက် မြို့တွင်း လှည့်ပတ်သည်။ လူအများသည် အသရေတင့်တယ်သော ဆင်ကိုမြင်သော် ချီးကျူးကြသည်။
`အိုး… အဆင့်တင့်တယ်ပေစွ´
အံ့သြစရာကောင်းလိုက်တာ… ကြန်အင်္ဂါလက္ခဏာနဲ့လည်း ပြည့်စုံတယ်။ အပြစ်ဆိုမြူမျှမရှိပါကလား… ဒီလိုဆင်မျိုးက စကြာဝတေးမင်းနဲ့သာ လျှောက်ပတ်တယ်´
အများပြည်သူက မင်္ဂလာဆင်သာ ချီးကျူး၍ မင်းကို မချီးကျူးကြ။ ဤတွင် မင်း၏စိတ်၌ ကောက်ကျစ်သော အကြံဖြစ်လာသည်။
`ဒီဆင်ကို တောင်ကမ်းပါးထက်က ကျသေမှအေးတယ်… ဘယ့်နှယ်၊ ငါကိုယ်တော်မြတ်ကိုတော့ မချီးကျူးပ။ ဘာမဟုတ်တဲ့ဆင်ကို ချီးကျူးထောပနာပြုကြတယ်´
ဤသို့ အကြံဖြစ်သည်နှင့် ဆင်ဦးစီးကို ခေါ်လိုက်သည်။
`ဆင်ဦးစီး၊ ဒီဆင်ကို သင်မည်သ.ို သင်ထားလဲ´
`မှန်ပါအရှင်၊ အတတ်မျိုးစုံတတ်အောင် သင်ထားပါတယ်´
`ဟုတ်ကပြီ၊ ဒါဖြင့် သင်ထားသောအတတ်ကို ငါ ရှုစားလိုတယ်။ သင့် ဆင် တောင်ပေါ်တက်နိုင်လား…´
`အရှင်မင်းကြီး တောင်ပေါ်တတ်ခြင်းငှာ လွယ်ကူသောအလုပ်သာ ဖြစ်ပါတယ်´
`ဒါဆို ကောင်းပြီ။ ဝေလုလ္လတောင်ပေါ်တက်စမ်း´
`အမိန့်တော်အတိုင်းပါအရှင်၊ ကဲသားကြီးရေ အရှင့်အလိုပြည့်အောင် သားရဲ့အစွမ်းပြလိုက်စမ်း´
ဆင်ဦးစီးညွှန်ကြားသည်နှင့် ဆင်ဖြူတော်သည် မတ်စောက်သော ဝေပုလ္လတောင်ထက်ကို အလွယ်တကူ တက်ပြသည်။
`အိမ်း… မောင်မင်းရဲ့ဆင်က စွမ်းပေသားပဲ၊ ဒါပေမယ့် ဒီတောင်ကမ်းပါးမှာ ခြေသုံးချောင်းနဲ့ ရပ်ပြနိုင်ပါမလား´
`ဒီအလုပ်ကလည်း လွယ်ပါတယ်အရှင်မင်းကြီး ကျနော်မျိုး လုပ်ခိုင်းပါ့မယ်´
ဆင်ဦးစီးက ဘုရားလောင်းဆင်မင်းအား မင်းကြီးဆန္ဒအတိုင်းပြုစေသည်။ မတ်စောက်သည့်တောင်ကမ်းပါးယံတွင် ခြေသုံးချောင်းနှင့် ရပ်ပြသည်ကို ကြည့်ပြီး မင်းကြီးစိတ်ထဲက ချီးကျူးမိသည်။
`ကောင်းပါဘိ၊ ကိုင်… ဆင်ဦးစီး သင့်ဆင်ရဲ့ အစွမ်းကို ငါမြင်ရပြီ။ ခြေနှစ်ချောင်းနဲ့ရော ရပ်နိုင်ရဲ့လား…´
`ဒါ အသေးအမွှားကိစ္စပါအရှင်… ရှုစားတော်မူပါ´
ဆင်မင်းကို ရှေ့လက်နှစ်ဘက်သာ အသုံးပြုလျက် ရပ်စေသည်။ အံ့ဖွယ်သရဲထူးကဲသောအခြင်းအရာကို မြင်ရ၍ ပရိသတ်များ သြဘာပေးကြသည်။ ပရိသတ်ကောင်းခြီးပေးလေ မင်းကြီးဒေါသူပုန်ထလေ ဖြစ်ရ၏။
`ကဲ… ဒီဆင်ကို နောက်ခြေနဲ့ ရပ်ခိုင်စမ်း´
`ဖြစ်ပါတယ်အရှင်´
ဘုရားလောင်းသည် မင်းဆန္ဒရှိသည့်အတိုင်း ရပ်ပြပြန်သည်။
`အင်း… ခြေနှစ်ချောင်းထောက်ထားသော ခိုင်မြဲလေမပေါ့။ အကယ်၍ ကျွမ်းကျင်သော ဆင်ဖြစ်က တစ်ချောင်းတည်းနဲ့ ရပ်ပြနိုင်ရမယ်…´
`ဒီအတွက်လည်း မခက်ခဲပါ။ ကဲ… သားကြီး ခြေတစ်ဘက်နဲ့ ထရပ်ပြပေတော့´
ဘုရားလောင်းဆင်မင်းကို တောင်ကမ်းပါးက ကျစေရန် ခြေတစ်ဘက်တည်းနှင့် ရပ်စေသော်လည်း မယိုင်မလဲ ခိုင်မြဲသည်ကို တွေ့ရသည်။ မင်းကြီးဒေါပွလာသည်။
`ကောင်းပြီး ဒီလောက်အစွမ်းရှိရင် ခြေလေးချောင်းစလုံး လွှတ်ပြီး တည်ပြစမ်း´
မင်းကြီး၏ အမိန့်ရလျှင် ဆင်ဆရာသည် စိတ်ထဲ အတွေးပေါ်လာသည်။ ဤဆင်ကား ဇမ္ဗူဒီပါတစ်ခုလုံးတူသည်မရှိ။ မခိုင်းသင့်သည်ကို ခိုင်း၍ နေခြင်းမှာ မလိုတမာစိတ်နှင့် တောင်ပေါ်က ကျသေအောင် လုပ်ခြင်းသာဖြစ်မည်။
`အမောင်… ဒီမင်းဟာ သင်နဲ့မထိုက်။ အမောင်ဟာ ကောင်းကင်ခရီးကို ကသွားနိုင်အံ့။ ငါ့ကို သယ်၍ သွားပေတော့…´
`ကောင်းပြီ သခင်´
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆင်မင်းသည် ဆင်ဦးစီးကို သယ်လျက် ကောင်းကင်သို့ ပျံတက်သည်။ ဤတွင် ဆင်ဦးစီးက…
`အသင်မင်းကြီး ဘုန်းတန်ခိုးနဲ့ ပြည့်စုံသော ဤဆင်မှာ ပညာနည်းသော သင်နဲ့မထိုက်´
`ဟင်… သင်ဘယ်အမှုဒီလိုပြုလဲ။ ခု ချက်ခြင်းဆင်းခဲ့တော့´
`သင်မင်းကြီး သင်ဟာ ပညာကြီးသော ဆင်ကိုရလျက် ကျေးဇူးမသိ သင်ဟာ ဆင်ခြင်ဥာဏ်နည်းဘိသည်။ အခြွေအရံလည်း ဖျက်ဆီးဘိသည်။ အသင်မင်းကြီး ပညာနည်းသူဟာ စည်းစိမ်ရသော်လည်း အကျိုးမဲ့ကျင့်၏။ မိမိကိုယ်ကိုလည်းကောင်း၊ တစ်ပါးသူ လည်းကောင်း ညှဉ်းဆဲသည်။´
`ဟဲ့ ဆင်ဦးစီ ငါ့ဆင်ကို အမြန်ယူခဲ့လော့´
`သင်နဲ့ မထိုက်တန်´
ဆင်ဦးစီးသည် ဆင်ဖြူကိုယ်လျက် ဗာရာဏသီ ဗြဟ္မဒတ်မင်း၏ ရင်ပြင်တွင် ရပ်စေသည်။ ဗာရာဏသီတစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်သည်။ ဗြဟ္မဒတ်မင်းသိသော် `ငါ့၏ အသုံးအဆောင်မှန်က မြေ၌ တည်စေ´ဟု ဆိုလိုက်ရာ မြေပေါ်၌သက်၏။ ဆင်ဆရာသည် မင်းကြီးကို ဦးခိုက်၏။
`အမောင် ဆင်ဦးစီး သင်ဘယ်ကလာသလဲ´
`မှန်ပါအရှင်… ရာဇဂြိုလ်ကလာပါတယ်။ ပညာမဲ့သူနဲ့ မထိုက်၍ ဆင်ကို အရှင်ထံခေါ်လာပါတယ်´
`ကောင်းပေစွ၊ ၀မ်းမြောက်ဖွယ်ရှိလေစွ´
ဗြဟ္မဒတ်မင်းသည် ဆင်ဦးစီးကို ဆုလာဘ်များစွာချီးမြှင်ပြီး ဆင်ဖြူကို မင်္ဂလာဆင်တော်အရာတွင် ထားလျက် မြှောက်စားသည်။ ဆင်ဖြူရသည်နှင့် မင်းအပေါင်းဗြဟ္မဒတ်မင်းလက်အောက် ရောက်တော့သည်။
***မောင်ဆန္ဒ(လယ်ဝေး)**
***(မေတ္တာတရားနှင့် အခြားပုံပြင်များ)**

No comments:
Post a Comment