လောကဓမ္မတာ ဤလူ့ရွာ၌ သံဝေဂရစရာ စကားဥပမာလေးများရှိပါ၏။ ဥပမာ၊ `မှန်ကင်းတလှည့် ထင်းတ လှည့်´`ငါးပျံတလှည့် ဗုံလုံတလှည့်´ဤနည်းအတိုင်းပင်၊ လူများသည် မိမိတို့ခံရမည့်အလှည့်ရောက်ပြီဆိုလျှင် ကြောက်ဒူးတုံကြ၏။ တရားသဘောဖြင့် ဖြေဖျောက်နိုင်သော သူဟူ၍ အတော်ရှားပါးလှပါသည်။ ထို့ကြောင့်ပင် စာရေးသူသည် စစ်အာဏာရှင် ဗိုလ်နေ၀င်း လက်ထက်အမှတ်တရဖြစ်စဉ်များကို စာဖတ်သူများသို့ တင်ပြရာ၌ ယခုလတွင် `ကိုယ့်အလှည့်´ဟူသော ခေါင်းစဉ်ကလေးဖြင့် အမှတ်တရတင်ပြလိုက်ပါ၏။
ရက်စက်မှု၊ ညစ်ပတ်မှုများတွင် ကမ်းကုန်သော ဗိုလ်နေ၀င်း၊ ကြည့်ပါ…..?ရန်ကုန်တက္ကသိုလ်သမဂ္ဂအဆောက်အအုံကြီးကို ရက်စက်စွာ ဒိုင်းနမိုင်းခွဲ၍ ဖျက်ဆီးလိုက်ရာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူပညာတတ်များ အနာဂါတ်မြန်မာနိုင်ငံ၏ မျိုးဆက်သစ်များ တနည်းပြောရလျှင် တိုင်းပြည်၏ ရင်သွေးရတနာများ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရ၏။ ထို့ကြောင့်ပင် မျိုးချစ်လူငယ်များရင်ထဲ၌ 7-July (ဆဲဗင်း ဂျူလိုင်)ဟူသော အမှတ်တရ
ဒါဏ်ရာကြီးတခု ကျန်ရစ်ခဲ့သည်မဟုတ်ပါလော့။ `လက်ဝါးနဲ့ပါး´ပြင်းပြင်းထန်ထန်တွေ့ဆုံသည့်အခါ ခံရသူပါးက ဘယ်သောအခါမျှ မမေ့၊ ရိုက်ရသူ လက်ဝါးက မေ့မေ့ပျောက်ပျောက်´ဤအတိုင်းပင် ပြည်သူတွေက `ပါး´စစ်အာဏာရှင်တွေက `လက်ဝါး´ဖြစ်ပါ၏။
***အမေ-ဒေါ်ခင်ကြည်***
အမျိုးသားခေါင်းဆောင်ကြီး ကျနော်တို့ မြန်မာတနိုင်ငံလုံး၏ အသဲထဲနှလုံးထဲက ရဲရဲနီသော နေမင်းကြီဖြစ်သည့် `ဗိုလ်ချုပ်အောင်ဆန်း´၏ ဇနီး `အမေဒေါ်ခင်ကြည်´၊ ဒီမိုကရေစီခေါင်းဆောင် `ဒေါ်အောင်ဆန်းစုကြည်´၏မိခင်ကို အိန္ဒိယနိုငငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးစေလွှတ်လိုက်၏။ ဤကိစ္စမှာလည်း ဗိုလ်ချုပ်ကတော်ကို ကောင်းစားစေလို၍ မဟုတ်ပါ။ ဗိုလ်ချုပ်တွင် သားနှင့်သမီး (နှစ်)ဦး မျိုးဆက်သစ်တွေကျန်ရစ်ခဲ့၏။ ဗိုလ်ချုပ်၏ရင်သွေးများသည် ဗိုလ်ချုပ်ကဲ့သို့ ပညာတတ်လာမည်။ အဖေ ဗီဇသွေးတွေမလွဲ မသွေပါလာမည်။ အရွယ်ရောက်ကြီးပြင်းလာသော်ငြား သူ၏ ထီးနန်းကိုလုယူမှာစိုးရိမ်သည်။ ဤကိစ္စကို သူ့ဘက်က ညစ်ပတ်စွာမျှော်တွေး၍ အမေ ဒေါ်ခင်ကြည်အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် `သွားရော့လဟယ်´လုပ်ခဲ့သည်။
အမိမြေ၊ အမိရေနှင့် ဝေးသထက်ဝေးအောင် ဖန်တီးခဲ့ခြင်းဖြစ်ပါသည်။ အကယ်၍သာ အမေ့ကို ဗိုလ်ချုပ်ကိုယ်စား ကျေးဇူးဆပ်ချင်လျှင် အမိမြေနှင့် မကွဲမကွာထား၍ ရပါသည်။ ဥပမာ-သင့်တော်မည့် ဌာနတစ်ခုကို `၀န်ကြီး´အဖြစ်ခန့်အပ်တာဝန်ပေးထားလျှင် ရပါသည်။ `သံအမတ်´ဆိုသည်မှာ `၀န်ကြီး´ထက်ရာထူးနိမ့်ကျပါသည်။ အမျိုးသားခေါင်းဆောင်ကြီး၏ ဇနီး၊ ပညာတတ်သူနာပြု ဆရာမကြီးမှာ `၀န်ကြီး´တစ်နေရာပေးထားပါက ဗိုလ်နေ၀င်း၏ တပည့်များ၊ စစ်သားတဖြစ်လဲ `မီးကျိုးမောင်းပျက်´ `၀န်ကြီးစုတ်များထက်တော့ အဆများစွာသာပါလိမ့်မည်။
သို့သော် ဗိုလ်နေ၀င်းက ဤကဲ့သို့ လူလိုမစဉ်းစားခဲ့ပါ။
****`မာလကာ၊ ဈာန်ကြွခဲ့သော ထောက်လှမ်းရေး စစ်ခွေးများ…***´
၁၉၈၅-ခုနှစ် ဧပြီလ သင်္ကြန်အပြီး ဗိုလ်နေ၀င်းမှာ ပြည်သူပိုင် VIPလေယာဉ်ပျံဖြင့် တိုင်းခန်းလှည့်လည်ခဲ့၏။ မကွေးတိုင်း ပခုက္ကူမြို့ရှိ `ဒူးယား´စီးကရက်စက်ရုံကို သွားရောက်စစ်ဆေး၏။ ဝေဟင်ယံမှာ လေယာဉ်ပျံက နှစ်စင်းပါ။ ရှေ့က လေယာဉ်ပျံမှာ `ပွိုင့်´ဖြစ်၏။ လေယာဉ်ပေါ်၌ ၄င်း၏ တပည့် MI ခေါ် စစ်ထောက်လှမ်းရေး(စစ်ခွေး)များအပြည့် လူ ၂၀-ကျော်ပါသည်။
ပခုက္ကူ လေယာဉ်ကွင်းမှ နေ့လည် ၁-နာရီလေယာဉ် ၂-စင်းတက်သွားပါသည်။ ပုံတောင်၊ ပုံညာဘက်သို့ ဦးတည်မောင်းနှင့်နေပါ၏ မကြာလိုက်ပါ၊၊ ပုံတောင်၊ ပုံညာမရောက်မီ အတော်ခပ်လှမ်းလှမ်းတွင် ရှေ့မှ စစ်ခွေးများ၏ `ပွိုင့်´လေယာဉ် (ဖေါ်ကာ)မှာ မီးခိုးမဲကြီးများ ထွက်လာပြီး မိနစ်ပိုင်းအတွင်းမှာပင် ကြီးမားသော မီးတောက်ကြီးနှင့်အတူ ပြင်းထန်စွာပေါက်ကွဲ သွားခဲ့ရာ အားလုံးသော စစ်ခွေးများ မာလကာဈာန်ကြွကုန်တော့၏။ (မာလကာဈာန်ကြွဆိုသည်မှာ အသေဆိုးဖြင့် သုံးဂြိုင်းကင်း ရောက်သွားသည်ကို ဆိုလိုပါသည်)။ စစ်ခွေးများ၏ အလောင်းကို ပခုက္ကူသို့သယ်၍ သင်္ဂြုလ်ခဲ့၏။ အမှန်မှာ သင်္ဂြုလိ်စရာပင်မလိုတော့၊။ အသုဘမဖြစ်မနေလိုက်ပို့ရတာ ကျနော် ဆရာက ဟာသဆန်ဆန်လေးဖြင့် အောက်ပါ စာပိုဒ်ကလေးကို စပ်ဆိုထားရာ ယနေ့တိုင်မှတ်မိနေပါသေးသည်။
ဘာတဲ့… `သေရိုးတဲ့သူမသေ၊ နေ၀င်းထံ လူစွာလုပ်၊ မီးဖုတ်လို့သေ´ပါတဲ့…..၊။
***`အိမ်နိမ့်စံ ယတြာချေပြီ´***
ကိုယ့်အလှည့်ရောက်တော့ ဗိုလ်နေ၀င်း အလွန်ကြောက်သွား၏။ ထိုစဉ်က ပရောဟိတ် လက္ခဏာ ဆရာကြီး `ဆရာစန္ဒြ´ကို ဗိုလ်နေ၀င်းက အလွန်ကြည်ညိုကိုးကွယ်လျှက်ရှိရာ ဆရာစ န္ဒြက ထီးနန်းကျကိန်းမြင်၍ အိမ်နိမ့်စံ ယတြာ ချေရန် အကြံပေးလေတော့သည်။
အရပ်ဒေသကို တစ်ခါတည်း ညွှန်ပြလိုက်လေတော့၊ အောင်လံမြို့နှင့် တောင်တွင်းကြီးမြို့အကြား ၀က္ကသေးရွာ ဘုရားအနီးတောစပ်ကလေးမှာ တဲအိမ်ကလေးတစ်လုံးထိုး၊ သူတပည့်စစ်သားများက ပတ်ပတ်လည်ဝိုင်း၊ ရတက်အေးအောင် ၁၄-ရက် ယတြာချေအိမ်နိမ့်စံ….၊၊
ဤတွင် စာရေးသူဖတ်ခဲ့ဘူးသော ပုံပြင်လေးတပုဒ်ကို သွား၍ သတိရ၏။ အလွန်ခွန်အားဗလနှင့် ပြည့်စုံသော မုဆိုးကြီး၊ လေးပစ်ရာတွင်လည်း လက်ဖြောင့်လှပေ၏။ လေးမြား- လက်နက်ဖြင့် ရွာမှထွက်၊ တောသို့တက်၊ ကြွက်ကြွက်ဆူညံ၊ တောတိုးသံ၊ ဟစ်အော်သံ၊ လေးပစ်သံ၊ သားကောင်ရဲ သွေးနဲ့ နေ့တိုင်းခြေဆေး……….၊၊
တနေ့သောအခါ ရွာမှအထွက်၊ တောသို့တက် ၊နွယ်မြက်ရစ်ပတ်၊ ခြုံထူထပ်သည့်နေရာအရောက် မုဆိုးကြီးလက် ဆူးချွန်နဲ့ ခြစ်မိ၍ သွေးတွေထွက်……….၊၊.
ကိုယ့်သွေးကိုမြင်ရသော မုဆိုးမှာ ခြေဖျားလက်ဖျားများ အေးစက်သွားလောက်အောင် `ကိုယ့်အလှည့်´ရောက်သောအခါ ကြောက်ဒူး တုန်ရပုံကို ဥပမာ-ထား၍ ပြည်သူ- ပြည်သားများ အသက်ကို ရက်စက်စွာ သတ်ခဲ့သော ဗိုလ်နေ၀င်း သူ့အလှည့်ရောက်တော့ သေရမှာကြောက်လို့ ရူးကြောင်ကြောင် လုပ်ခဲ့ပုံကို စာဖတ်သူများအတွက် `ကိုယ့်အလှည့်´ခေါင်းစဉ်ဖြင့် ယခုလတင်ဆက်လိုက်ပါကြောင်း……….၊၊
မိတ်ဆွေအပေါင်း၊ စစ်အာဏာရှင်မှန်သမျှကို၊ ရွံမုန်းနိုင်ကြပါစေ…။
***မဟာဇော်(မကွေး)***
***(ကိုယ့်အလှည့်)***

No comments:
Post a Comment