(၀ါရှင်တန်၊ ဒီဇင်ဘာလ ၂၀-ရက်)
အမေရိကန်ပြည်ထောင်စု ဘဏ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကယ်လီဖိုးနီးယားမှ ဘဏ်ကြီးနှစ်ခုအပါအ၀င် အယ်လ်ဘားမား၊ ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ မစ်ချီဂန်နှင့် အီလီနွိုက်ပြည်နယ်များမှ ဘဏ်များကို ဒီဇင်ဘာလ ၁၈-ရက်နေ့က ပိတ်လိုက်ရကြောင်း၊ ယခုနှစ်အတွင်း ပိတ်လိုကရသည့် ဘဏ်အရေအတွက် ၁၄၀-ရှိသွားပြီဖြစ်ကြောင်း၊ ယင်းမှာ အမေရိကန်တွင် စီးပွားရေးကျဆင်းပြီး ကြွေးမြီပေးဆပ်ရန်ပျက်ကွက်မှု များပြားလာခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။ အဆိုပါဘဏ်များကို အမေရိကန်ပြည်ထောင်စု၏
ဘဏ်အပ်ငွေအာမခံကော်ပိုရေးရှင်းက လွှဲယူလိုက်ကြောင်းလည်း သတင်းရရှိသည်။ အမေရိကန်ပြည်ထောင်စု ဘဏ်များသည် အထူးသဖြင့် အိမ်နှင့် မြေယာရောင်းဝယ်ရေးလုပ်ငန်းများမှ ချေးငွေများပြန်မရသဖြင့် ထိခိုက်မှုများရှိခဲ့ကြောင်းလည်း သိရသည်။ (အင်တာနက်)
*** ရုရှား၊ ဘီလာရုစ်နှင့် ကာဇက်စတန် သုံးနိုင်ငံ ဘုံစီးပွားရေးဇုန် တည်ဆောက်မည်***`
ရုရှား၊ ဘီလာရုစ်နှင့် ကာဇက်စတန်တို့၏ နိုင်ငံခေါင်းဆောင်များသည် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ပြုလုပ်သွားနိုင်ရေးအတွက် ၂၀၁၂-ခုနှစ် မတိုင်မီ မိမိတို့သုံးနိုင်ငံနှင့် သက်ဆိုင်သည့် ဘုံစီးပွားရေးဇုန်ကြီးတစ်ဇုန် တည်ဆောက်သွားမည်ဟု ဒီဇင်ဘာလ ၂၀-ရက်နေ့က ကြေညာသည်။ (အင်တာနက်)
*** ဆီးရီးယားနှင့် လက်ဘနွန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်***
ဆီးရီးယားသမ္မတ ဘာရှာအယ်-အာဆတ်နှင့် လက်ဘနွန်ဝန်ကြီးချုပ် ဆာဒ်ဟာရီရီတို့သည် ဒမတ်စကတ်မြို့ တက်ရှ်ရိန်းသမ္မတနန်းတော်၌ ဒီဇင်ဘာလ ၂၀-ရက်က တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး အလားအလာများ ဖွင့်လှစ်ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် ကတိပြုကြသည်ဟု ဆာနာသတင်းဌာနက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
***ပြင်သစ် စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုအား အာရီယန်အာကာသစခန်းမှ အောင်မြင်စွာလွှတ်တင်***
(ပါရီ၊ ဒီဇင်ဘာလ ၂၀-ရက်)
လွှတ်တင်ရန် ရွှေ့ဆိုင်းခဲ့သော ပြင်သစ်စစ်ဘက်ထောက်လှမ်းရေး ဂြိုဟ်တု ဟီလီယို့စ် ၂-ဘီအား တောင်အမေရိကတိုက်ရှိ ပြင်သစ်နိုင်ငံပိုင် ပြင်သစ်ဂီယာနာဒေသ အာရီယန်အာကာသစခန်းမှ ဒီဇင်ဘာလ ၁၈-ရက်နေ့က အာကာသအတွင်းသို့ အာရီယန် ၅-ဒုံးယာဉ်ဖြင့် လွှတ်တင်ခဲ့ကြောင်း ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။ စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုကို သယ်ဆောင်ထားသော အာရီယန် ၅-ဒုံးယာဉ်ကို ဒီဇင်ဘာလ ၁၈-ရက်နေ့ ကမ္ဘာ့စံတော်ချိန် မွန်းလွဲ ၄-နာရီ ၂၆-မိနစ်က လွှတ်တင်ခဲ့သည်။ ၄ ဒသမ ၂တန် အလေးချိန်ရှိ ဟီလီယို့စ် ၂-ဘီ ဂြိုဟ်တုသည် ကမ္ဘာကိုလှည့်ပတ်နေစဉ်အတွင်း စစ်ဘက်ဆိုင်ရာနှင့် ပတ်သက်သော စိတ်ဝင်စားဖွယ်ကောင်းသည့် ဒေသများ၊ နေရာများအား တိကျစွာ ခွဲခြားရွေးထုတ်ခြင်းနှင့် မြင်ကွင်းပြတ်သားသော ဓာတ်ပုံများကို ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနသို့ပေးပို့ရန် အထောက်အကူပြုမည်ဖြစ်သည်။ ဟီလီယို့စ် ၂-ဘီဂြိုဟ်တုသည် ပြင်သစ်နိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ်ရေးစနစ်များ တိုးတက်လာရေးအတွက် တည်ဆောက်ခဲ့သော ဒုတိယမျိုးဆက်ထောက်လှမ်းရေး စနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်- မောင်မောင်ဆွေ***
*** အမေရိကန် ဘဏ် ၇-ဘဏ် ကြွေးမဆပ်နိုင်၍ ပိတ်လိုက်ရ***

No comments:
Post a Comment