ဟုတ်ကဲ့ပါ…။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးဆိုတဲ့ စုရပ်ကနေ `မယ်တော်´ ဆေးခန်းဆိုတဲ့ ပန်းတိုင်သတ်မှတ်ရာ အရောက်ကို ဒီကနေ့ နံနက် (၀၈း၀၀)နာရီကစပြီး ထိုင်းနိုင်ငံသားတချို့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာပြည်သား ၁၀၀၀-ခန့်တို့ဟာ ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။ ဘာ ကြောင့်လမ်းလျှောက်ချီတက်ပြီး၊ ဘာတွေကို ဆန္ဒဖော်ထုတ်ကြသလဲ ဟုတ်လားမိတ်ဆွေ…။ သူတို့ လမ်းတ လျှောက်မှာ သံပြိုင်ညီညာ ကြွေးကြော်ခဲ့ကြတာက `Stop AIDS´ ပါတဲ့။
လွန်ခဲ့တဲ့ ၂၀၀၄-ခုနှစ် ဒီဇင်ဘာလ ၁-ရက်နေ့က စပြီး ဒီကနေ့ ၂၀၀၉-ခုနှစ် ဒီဇင်ဘာလ ၁-ရက်နေ့အထိ `ဒီဇင်ဘာလ ၁-ရက်နေ့´ကျရောက်တိုင်း ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းလမ်းလျှောက်ချီတက်ခဲ့တာ ဒီကနေ့ဆို ၆-နှစ်တိုင်ရှိပြီပဲလေ။ ဟောဒီက ဓာတ်ပုံမှတ်တမ်းကို မိတ်ဆွေ တစ်ချက်ကြည့်လိုက်ပါ။ သူတို့ ဘယ်နေရာကနေ ဘယ်နေရာထိ ငြိမ်းချမ်းစွာ စုပေါင်းလမ်းလျှောက်ကြတယ် ဆိုတာရယ်၊ သူတို့ ဘယ်လို ဘယ်ပုံ နဖူးစည်းတွေ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားကြသလဲ ဆိုတာရယ်၊ မဲဆောက်မြို့ ဆေးရုံကြီးမှသည် မဲဆောက်မြို့ အဓိက လမ်းမကြီး ဖြစ်တဲ့ `ဖရာ့ဆ၀ပ်တီ´လမ်းမကြီးအတိုင်း မယ်တော်ဆေးခန်းအထိ ဘယ်ပုံ ဘယ်နည်း ချီတက်ခဲ့ကြသလဲ ဆိုတာရယ်၊ မယ်တော်ဆေးခန်းမှာ တာဝန်ရှိသူတွေက ဘယ်လိုပုံ ဟောပြောကြသလဲဆိုတာတွေကိုပါ ဒီဓာတ်ပုံမှတ်တမ်းက သင့်ကို ကောင်းစွာ လမ်းညျွှန်ပေးသွားပါလိမ့်မယ်။ မိတ်ဆွေကြည့်လိုက်ပါ။
တဆက်တည်းမှာပဲ ဒီကနေ့ ညနေ (၀၃း၀၀)နာရီလောက်ကစပြီး မဲဆောက်မြို့အရှေ့တောင်ဘက် ၇-ကီလိုမီတာအကွာမှာရှိတဲ့ မယ်တောင်မိုင်ကျေးရွာ စီအန်အက်စ် သိုးမွှေးစက်ရုံရဲ့ ဘောလုံးကွင်းမှာ မက်ပ်ဖောင်ဒေးရှင်း၊ ဖားမစ် ၂- စီမံကိန်းက ကြီးမှူးပြီး ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စက်ရုံအလုပ်ရုံနဲ့ လုပ်ငန်းခွင်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ၊ ဆုချီးမြှင့်ပွဲအပြင် အခြားပျော်ရွှင်စရာ ကစားနည်းတွေ၊ ဥာဏ်စမ်းမေးခွန်း အမေးအဖြေတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဘယ်လို ကျင်းပသွားသလဲဆိုတာကိုရော မိတ်ဆွေစိတ်ဝင်စားပါသလား။ ဒီဓာတ်ပုံမှတ်တမ်းတွေက မိတ်ဆွေကို ကောင်းကောင်းပြောပြပါလိမ့်မယ်။
ပင်ပန်းသရွေ့-အစဉ်ချမ်းမြေ့ပါစေ….
***သတင်းမှတ်တမ်း-မြန်မာပြည်သား***

No comments:
Post a Comment