ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်၊ ဘုရားလောင်းသည် ရွှေသမင်မင်းဖြစ်၏။ ရွှေသမင်၏ မယားသည် နုပျိုလှသော သမင်မကလေးဖြစ်၏။ သူတို့ အလွန်ချစ်ကြ၏။ တစ်နေ့တွင် ရွှေသမင်သည် နောက်လိုက်သမင် ရှစ်သောင်းကို ဦးဆောင်၍ထွက်ခဲ့ရာ သမင်မင်း၏ ခြေထောက်၌ ကျော့ကွင်းမိ၏။ သမင်မင်းသည် ကျော့ကွင်းကို ပြတ်ရန်အားစိုက်၍ ရုန်းကန်သည်။ အရေပြားတို့သည် စုတ်ပြတ်ကုန်၏။ ထပ်၍ ရုန်းသော် ကျော့ကွင်းသည်သာ အသားထဲသို့ နစ်ဝင်၏။ ထပ်၍ရုန်းပြန်၏။ အကြောပြတ်ပြီး အရိုးသို့ထိခိုက်သွားသောအခါ နာကျင်သည့်ဒဏ်ကြောင့် ကျယ်လောင်စွာ အော်၏။ ဘုရားလောင်း၏ အော်သံကြောင့် သမင်အပေါင်းသည် လန့်၍ ပြေးကြ၏။
သမင်မလေးသည် သမင်အုပ်ထဲတွင် သူ့ချစ်လင်ကိုမတွေ့သဖြင့် `ငါ၏ ချစ်လင်ကားဘေးတွေ့လေပြီ´ဟု ပြန်လှည့်၍ လာခဲ့ပြီး ချစ်လင်၏ အဖြစ်ကို မြင်ရသောအခါ ရင်ထုမနာ ငိုကြွေးကာဖြင့် ကြိုးစား၍ ရုန်းထွက်ပါရန် ပြော၏။
သမင်မင်းက ရုန်းခဲ့သည့်မှာ အသားများပြတ်၍ အရိုးခိုက်နေပြီဖြစ်ကြောင်းပြော၏။ ထိုအခါ သမင်မက သမင်မင်းအား `အရှင်မကြောက်ပါလင့်။ မုဆိုးလာလျှင် ကျမတောင်းပန်ပါမည်၊ တောင်းပန်၍မရလျှင် အရှင့်ကိုယ်စား ကျမအသတ်ခံပါမည်။ အသက်နှင့်လဲပါမည်´ဟု နှစ်သိမ့်စေ၍ သွေးအလိမ်းလိမ်းနှင့် သမင်မင်းကို မိမိကိုယ်၌ မှီစေ၍ ရပ်၏။
***လွတ်မြောက်စေပါပြီ***
မုဆိုးရောက်လာ၏။ သမင်မသည် သမင်မင်း၏ ဂုဏ်ကျေးဇူးကိုဆို၍ သမင်မင်းအားလွှတ်ပြီး မိမိအားသတ်ပါရန် လည်စင်း၍ပေး၏။
ထိုအဖြစ်ကို မြင်ရကြားရသော မုဆိုးသည် အံ့သြ၍ `လူဖြစ်သောမိန်းမများသည်ပင် လင့်အတွက် ကိုယ့်အသက်ကိုမစွန့်၊ ဤသမင်မသည်ကား တိရစ္ဆာန်ဖြစ်လျက် လင့်အတွက် အသက်ကိုစွန့်၏။ လူတို့ ဘာသာစကားကိုလည်း ပြောတတ်၏။ ယနေ့ ငါသည် ဤသမင်မင်းမောင်နှံအား အသက်ချမ်းသာခွင့်ပေးမည်´ဟု နှလုံးသွင်းလျက် သမင်မကို မသတ်ရုံမျှမက သမင်မင်း၏ ခြေမှ သားရေလွန်ကိုဖြတ်၍ ဖြည်းညင်းစွာထုတ်၍ အကြောကိုအကြောချင်း၊ အသားကိုအသားချင်း၊ အရေကို အရေချင်းစပ်၍ လက်ဖြင့်အုပ်ပေး၏။
ထိုခ္စ၌ ဘုရားလောင်း၏ ပါရမီ၊ မုဆိုး၏ မေတ္တာ၊ သမင်မ၏ လင်သားအပေါ်၌ စောင့်အပ်သောတရား၏ အာနုဘော်တို့ကြောင့် အကြော၊ အသား၊ အရေတို့သည် ချက်ချင်းစပ်လျက် ရပ်နိုင်၏။
ဘုရားလောင်းသည် မုဆိုးအားကျေးဇူးဆပ်သည့်အနေဖြင့် မိမိတွေ့ရှိထားသော ပတ္တမြားတုံးကို ပေး၏။
***ဇာတ်ပေါင်းသော်***
မုဆိုးသည်…. ဆန္နရဟန်း
သမင်မသည်… ရဟန်းမိန်းမငယ်
သမင်မင်းသည်… ငါဘုရားဖြစ်လာ၏ဟု ဇာတ်တော်ကိုပေါင်း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး ***
***အတိတ်ဇာတ်***

No comments:
Post a Comment